မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၉ နှစ်မြောက်မွေးနေ့ပွဲများကို ရန်ကုန်၊ နေပြည်တော် အပါအဝင် နိုင်ငံတဝန်းကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က မွေးနေ့ဆုတောင်းအဖြစ် ပြည်သူများကို တိုင်းပြည်၏ ဒီမိုကရေစီ အသွင် ကူးပြောင်း ရေးတွင် သူနှင့် အတူ ရပ်တည်ပေးကြရန် တောင်းဆိုလိုက်သည်။
ရန်ကုန်မြို့တွင် ၁၉၄၅ ခုနှစ်က မွေးဖွားခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သူ၏နှစ်စဉ် မွေးနေ့ သံဓိဌာန်သည် တူညီသည့် ပန်းတိုင်ဆီသို့ ရောက်ရှိနိုင်ရေး အတွက် ဖြစ်သည်ဟုပြောသည်။
“ဒါပေမယ့် မွေးနေ့တွေဟာ ပြီးခဲ့တဲ့ နှစ်မှာ ဘာတွေလုပ်ပြီးခဲ့ပြီလဲ ဆိုတာကို ပြန်ကြည့်ဖို့ အချိန်လို့ ကျမထင်ပါတယ်။ နိုင်ငံ ရေး သမားတယောက် အနေနဲ့ ကျမ ပုဂ္ဂိုလ်ရေး အရရရှိခဲ့တာတွေထက် တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်မှာကို ပြီး မြောက် အောင်လုပ်ချင်ပါတယ်။ ကျမရဲ့ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ NLD ပါတီဝင်တွေနဲ့ ကျမကိုချစ်တဲ့ သူအားလုံး ပျော်ရွှင်စွာနေနိုင်ကြပါစေ လို့ ကျမဆုတောင်းပါတယ်။ နောက်ပြီး ကျမအတွက် ဆုတောင်းပေးကြတဲ့ အခါ ကျမကို ဆက်လက်ထောက်ခံပြီးတော့ ကျမရဲ့ နိုင်ငံရေးခရီးမှာ အတူလျှောက်လှမ်းပေးကြပါလို့ တောင်းဆိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်တွင် ယနေ့ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ၆၉ နှစ်မြောက် မွေးနေ့ ဇွန်လ ၁၉ ရက်နေ့ မနက်ပိုင်းတွင် လွှတ်တော် အစည်းအဝေး တက်ရောက်ခဲ့ပြီး ညနေ ၄ နာရီခန့်တွင် လွှတ်တော်ရှိ တရားဥပဒေစိုးမိုးရေး ကော်မီတီရုံးခန်းတွင် မွေးနေ့ ပွဲကျင်းပခဲ့ကာ NLD အမတ်များ၊ ကြံ့ခိုင်ရေး လွှတ်တော်အမတ် သူရဦးအောင်ကို တို့နှင့် ဒေါ်အောင်ဆန်းစုကြည် ဖိတ်ခေါ်ခဲ့သော လွှတ်တော် ဝန်ထမ်းများဖြစ်သည့် သန့်ရှင်းရေး လုပ်သား များ ၊ ပန်းခြံ အလုပ်သမားများ အပါအဝင် လုပ်သားများ အားလုံး ကို မွေးနေ့ပွဲ တက်ရောက်ခဲ့ကြသည်။
နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများက မွေးနေ့ အထိန်းအမှတ် အဖြစ် သွေးလှူဒါန်းခြင်း၊ စာပေ ဟောပြောပွဲ များပြုလုပ်ခဲ့ကြပြီး ရန်ကုန်မြို့ရှိ NLD ရုံးချုပ်တွင်လည်း ပါတီဝင်များက သံဃာတော်များ ကို ဆွမ်းကပ် လှူဒါန်း ခဲ့ကြောင်း၊ မွေးနေ့ပွဲ ကျင်းပခြင်းများ လုပ်ဆောင်ခဲ့ကြသည်။