ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနှင့် တည်ဆောက်ရန်နှင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရန် ရန်ကုန်မြို့က မြန်မာ အမျိုး သမီးတစုသည် တနင်္ဂနွေနေ့တိုင်း ကန်တော်ကြီးသို့ ရောက်လာပြီး အခမဲ့ ကိုယ်ခံပညာသင်တန်း တခုကို တက်ရောက် ကြသည်။
အားကစား ရုံများသို့သွားပြီး ကစ်ဘောင်ဆင် သို့မဟုတ် တိုက်ခိုက်ရေး ပညာသင်တန်းများ တက်ရောက်ရန် မတတ်နိုင် သည့် အမျိုးသမီးများ အတွက် ကြံ့ခိုင်မှု၊ မိမိကိုယ်ကိုယ် ယုံကြည်မှုနှင့် လုံခြုံမှုကို မြှင့်တင်နိုင်ရန် နည်းလမ်းတခုအဖြစ် ရန်ကုန် အခြေစိုက် “အခရာ အမျိုးသမီးကွန်ရက်” က ဦးဆောင်စီစဉ်သည့် သင်တန်းများကို မတ်လ အစောပိုင်းတွင် ဖွင့်လှစ်ခဲ့သည်။ ကိုယ်ခံပညာ သင်တန်းမဖွင့်လှစ်မီ “အခရာ” က နည်းပြဆရာများ စုစည်းပြီး Zumba (အေရိုးဘစ် ကဲ့သို့ အကနှင့် ပေါင်းစပ်ထားသော လေ့ကျင့်ခန်း) သင်တန်းကို အပတ်စဉ်ပြုလုပ် ပေးခဲ့သည်။ အာဟာရပညာရှင် တဦးကလည်း ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာ စားသုံးခြင်းနှင့် ပတ်သက်၍ တလတကြိမ်ဟောပြောပေးသည်။
ကိုယ်ခံပညာသင်တန်းများကို သင်ကြားပေးနေသူမှာ အသက် ၃၇ နှစ်အရွယ် ရှမ်းတိုင်းရင်းသူ အမျိုးသမီး လုပ်ငန်းရှင် တဦးဖြစ်သည့် နန်းမိုဟွန်ဖြစ်သည်။ မန္တလေးတိုင်းတွင် နေထိုင်စဉ် ကလေးဘဝကတည်းက ကိုယ်ခံပညာ သင်ကြား တတ်မြောက် ခဲ့သူလည်း ဖြစ်ပါသည်။ အမျိုးသမီးများကို အဘယ်ကြောင့် အခြေခံ ကိုယ်ခံပညာရပ် စွမ်းရည်များ ရှိစေချင်သည် ဆိုသည့် အကြောင်းများနှင့် ပတ်သက်၍ ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် ဆမန်သာ မီရှဲလ်က နန်းမိုဟွန်ကို တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ အသက် ၉ နှစ် အရွယ်ကတည်းက ကိုယ်ခံပညာ သင်ယူခဲ့တယ်လို့ သိရပါတယ်။ ဘယ်သူက သင်ပေးခဲ့ ပါသလဲ။
ဖြေ။ ။ ကျမ အဖေက ကျမကို ရှမ်းရိုးရာ သိုင်းပညာ သင်ပေးခဲ့ပါတယ်။ သူက နိုင်ငံခြားမှာ စီးပွားရေး လုပ်နေတာပါ။ ဒါပေမယ့် သူ အိမ်ကို ပြန်လာတဲ့ အချိန်တိုင်း ကျမနဲ့ ကျမအစ်ကိုကို သိုင်းသင်ပေးပါတယ်။ ကျမတို့ အိမ်က ကားဂိုထောင် ထဲမှာ သဲအိတ်ရှိတယ်။ အဲဒါက ကျမတို့ စပြီး ဘယ်လို လေ့ကျင့်ခဲ့တယ် ဆိုတာပါပဲ။ အမေကလည်း ကျမကို သိုင်းသင် စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မိသားစုထဲမှာ ကျမပဲ မိန်းကလေးရှိတယ်။ ကျောင်းသွားတဲ့ အချိန်မှာ အနှောင့် အယှက်တွေ့မှာလည်း အမေက စိုးရိမ်တယ်။ ကျမဇာတိဖြစ်တဲ့ ပြင်ဦးလွင်က ကျမ အရွယ်ရောက်လာတဲ့ အချိန်မှာအရမ်း အေးချမ်းတဲ့မြို့ပါ။ ဒါပေမယ့် ရာဇဝတ်မှုတွေက ဟိုနားမှာ ဒီနားမှာ ရှိနေတုန်းပဲ။ ဒါကြောင့် အမေက စိုးရိမ်ခဲ့တယ်။
မေး။ ။ အမျိုးသမီးတွေကို သင်တန်းပေးတဲ့ နေရာမှာ ဘယ်လို စွမ်းရည်ကို အဓိက ဦးတည်ပြီး သင်ကြားပေးပါသလဲ။ သူတို့ကို ဘယ်လို ထိုးရမလဲဆိုတာ ပြပေးနေတာ ကျမတွေ့တယ်။
ဖြေ။ ။ ကျမသူတို့ကို ကိုယ်ခံပညာ နည်းစနစ်တွေချည်းပဲ သက်သက် သင်ပေးလို့ မရပါဘူး။ သူတို့ရဲ့ ကြွက်သားတွေ၊ လက်မောင်းနဲ့ ခြေထောက်က ကြွက်သားတွေကို လေ့ကျင့်ခန်း လုပ်ပေးဖို့လည်း လိုပါတယ်။ ဒါမှလည်း သူတို့ပိုပြီး လုပ်နိုင် ပါမယ်။ ကျမဒီနေ့ သင်ပေးနေတဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ နည်းစနစ်တွေက တကယ့် အခြေခံတွေပါ။ လူတိုင်းကို လွယ်လွယ်ကူကူ သင်ပေးလို့ ရပါတယ်။ ဒါတွေကို လူတိုင်းလည်း သိသင့်ပါတယ်။ ဒီနည်းစနစ်တွေက ရှင်တို့ အသက်ကို ကယ်နိုင်ပါတယ်။
မေး။ ။ ရန်ကုန်မှာ တခြား ကိုယ်ခံပညာသင်တန်းတွေရော သင်ပေးသလား။
ဖြေ။ ။ ဒါက ကျမရဲ့ ပထမဆုံးသင်တန်းပါ။ တခြားသင်တန်းတွေမှာ သင်ပေးဖို့ တချို့က ပြောကြတာတော့ ရှိပါတယ်။ ဒါကြောင့် နောက်ပိုင်းကျရင်တော့ စဉ်းစားပါမယ်။ ဒါပေမယ့် အခုချိန်မှာတော့ ကျမမှာ အချိန်သိပ်မရှိဘူး။ ကျမမှာ ကုမ္ပဏီ တခုရှိပါတယ်။ အဲဒါကလည်း လူမှုရေး လုပ်ငန်းတခုလိုပါပဲ။ ကျွမ်းကျင်မှု မရှိတဲ့သူတွေကို လေ့ကျင့်သင်တန်း ပေးရပါတယ်။ ကျမတို့က ဒီဇိုင်း ကုမ္ပဏီပါ။ ရန်ကုန်မှာ အဝတ်အထည်တွေ ထုတ်လုပ်ပါတယ်။
မေး။ ။ ၂၀၁၂ ခုနှစ် မြန်မာနိုင်ငံကို ပြန်မလာခင် နယူးယောက်မှာ ၇ နှစ်နေခဲ့တယ် ဆိုတော့ အမျိုးသမီးတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ နယူးယောက်နဲ့ ရန်ကုန်ကို ဘယ်လို နှိုင်းယှဉ်ပြနိုင်မလဲ။
ဖြေ။ ။ နယူးယောက်မှာတော့ အမျိုးသမီးတွေ အပြင်ထွက်တဲ့ ကိစ္စနဲ့ တိုက်ခိုက်ခံရတဲ့ ကိစ္စတွေ အမြောက်အများရှိ ပါတယ်။ ရန်ကုန်မှာလည်း ဒီလိုဖြစ်နေတယ်။ ဒါပေမယ့် ဒီအကြောင်းတွေကို သတင်းတွေထဲမှာ မမြင်ရ၊ မကြားရဘူး။ လူသိရှင်ကြား မဖြစ်ဘူး။ နယူးယောက်က အကြမ်းဖက်မှု ပိုများတယ်။ သေနတ်ကိုင် အကြမ်းဖက်မှုတွေ ရှိတယ်။ ဒါကြောင့် အဲဒီမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ကာကွယ်ရမယ်ဆိုတာကို သိဖို့ ပိုအရေးကြီးပါတယ်။ ဒါပေမယ့် ဒီမှာတော့ သေနတ်ကိုင် အကြမ်းဖက်မှုတွေ မရှိပေမယ့် မုဒိန်းမှုတွေ၊ ရုပ်ပိုင်းဆိုင်ရာ စော်ကားတာတွေ၊ အိမ်တွင်း အကြမ်းဖက်မှုတွေ ရှိတယ်။ မိသားစုထဲမှာ၊ ရပ်ကွက်ထဲမှာ အသိုင်းအဝိုင်းထဲမှာ အကြမ်းဖက်မှုတွေ ရှိနေတယ်။
မေး။ ။ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ ကိုယ်ခံပညာ သင်ကြားနိုင်တဲ့ တခြားနေရာ ရှိသေးလား။
ဖြေ။ ။ အားကစားဝန်ကြီးဌာနက ဖွင့်တဲ့ သင်တန်းတွေရှိပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေအနေနဲ့ ဒီအချက်ကို သိဖို့နဲ့ သွားတက်ဖို့ အရမ်းခက်ခဲပါတယ်။ “အခရာ” တခုပဲ အမျိုးသမီး ကိုယ်ခံပညာ သင်တန်းတွေရှိတယ်လို့ ကျမယုံကြည်ပါ တယ်။ တခြား ပုဂ္ဂလိက အားကစားရုံတွေနဲ့ ကိုယ်ကာယ လေ့ကျင့်ရေး သင်တန်းတွေမှာ ကစ်ဘောင်ဆင် သင်တန်းတွေ ရှိပါတယ်။ ဒါပေမယ့် ပိုက်ဆံပေးရမယ်လေ။
မေး။ ။ အမျိုးသမီးတွေ အပြင်ထွက်ဖို့နဲ့ လေ့ကျင့်ဖို့ အခက်အခဲဖြစ်စေတဲ့ ယဉ်ကျေးမှုဆိုင်ရာ စံနှုန်းတွေရှိပါသလား။
ဖြေ။ ။ အများကြီးတော့ မဟုတ်ပါဘူး။ လူအနည်းငယ်ကတော့ အရမ်းရှေးရိုးစွဲ ဆန်ကြတယ်။ ဒါပေမယ့် အများစု ကတော့ ကောင်းပါတယ်။ ကျမရဲ့ သင်တန်းကို ရောက်လာတဲ့ အမျိုးသမီးတွေဟာ အရင်တုန်းက ဒီလိုသင်ယူဖို့ အခွင့်အရေး မရကြပါဘူး။ သူတို့က ကိုယ်ခံပညာ သင်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ်လည်း ကာကွယ်နိုင်သလို သူများကိုလည်း ကာကွယ်ပေး နိုင်မယ်လို့ သိထားကြတယ်။ ဒါက သူတို့ကိုယ်ခန္ဓာ အတွက်လည်း ကောင်းတယ်။ လှုပ်ရှားသွားလာခြင်း အားဖြင့် သွေးလည်ပတ်မှုလည်း ကောင်းလာပါတယ်။ ဒါကြောင့် သူတို့ပိုပြီး ကျန်းမာလာကြတယ်။ အမျိုးသမီးတွေမှပဲ မဟုတ်ပါဘူး။ အန္တရာယ်ရှိတဲ့ အခြေအနေနဲ့ ကြုံတွေ့ရတဲ့ အခါမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ကာကွယ်ရမလဲ ဆိုတာ လူတိုင်း သိထားသင့်ပါတယ်။ ဒါမှ တခြားသူတွေကိုလည်း သူတို့ ကူညီနိုင်မယ်။
မေး။ ။ ခုအချိန်အထိ သင်တန်း ၂ ကြိမ် ပေးပြီးသွားပြီ။ ဘယ်လောက်ကြာတဲ့ အထိ ဆက်ပြီး သင်ပေးသွားမှာပါလဲ။
ဖြေ။ ။ ကျမ သင်တန်း ၂ ကြိမ်ပဲ သင်ပေးနိုင်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမရဲ့ စီးပွားရေး လုပ်ငန်းအတွက် နိုင်ငံခြား ခရီးတွေ သွားနေခဲ့ရလို့ပါ။ ဇွန်လ တလလုံး ကျမ ရန်ကုန်မှာ ရှိပါမယ်။ ဒါကြောင့် တနင်္ဂနွေနေ့တိုင်း ကျမသင်ပေး သွားပါမယ်။ ရေရှည်အတွက်ကတော့ ဒီသင်တန်းကို အနည်းဆုံး ၆ လလောက် ဆက်ပြီး လုပ်သွားချင်ပါတယ်။
ကိုယ်ခံပညာနှင့် Zumba တနင်္ဂနွေနေ့ သင်တန်းများ နှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက “အခရာ” (https://www.facebook.com/AkhayaWomen) သို့ ဆက်သွယ် နိုင်ပါသည်။
ဧရာဝတီမီဒီယာ အင်္ဂလိပ်ပိုင်း သတင်းထောက် SAMANTHA MICHAELS ၏ ‘Everyone Should Know How to Defend Themselves’ ကို နိုင်မင်းသွင် ဆီလျော်အောင် ပြန်ဆိုသည်။