၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး တိုက်တွန်း ပြောဆိုချက်နဲ့ နိုင်ငံသားများက လွတ်လပ်စွာ ရွေးချယ်သူဟာ သမ္မတ ဖြစ်သင့် တယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောဆိုနေမှုများ အပေါ် မြန်မာအစိုးရက အမေရိကန်တို့ ကိစ္စ မဟုတ်ဘူးလို့ ပြန် လည် တုံ့ပြန်လိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စ Jen Psaki က မြန်မာနိုင်ငံသားများ လိုလားတဲ့ သူကို နိုင်ငံ သားတို့က လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိသင့်ကြောင်း၊ ဒါမှသာ လာမယ့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းမှာ တည်ငြိမ်မှု ရှိစေမှာဖြစ်ကြောင်းလို့ ပြောဆိုခဲ့ပါတယ်။
သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဇွန် ၁၀ ရက်ကတော့ အဆိုပါ ကိစ္စဟာ လွှတ်တော်ရဲ့တာဝန် ဖြစ်ပြီး ဖွဲ့စည်းပုံ ကို ဘယ်လို ပြင်ဆင်သင့်တယ် ဆိုတာ ပြည်သူတို့က ဆုံးဖြတ်ဖို့ ဖြစ်ကြောင်း၊ အမေရိကန် က ပူပန်စရာ ကိစ္စမဟုတ်ကြောင်း ပြောဆိုခဲ့တယ်လို့ အေပီ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် ကန့်သတ် ပိတ်ပင်စေတဲ့ ပုဒ်မလို့ ယူဆရ တဲ့ ၂၀၀၈ ဖွဲ့စည်းပုံပါ သမ္မတ အရည်အချင်းဆိုင်ရာ ပုဒ်မ ၅၉ (စ) မပြင်ဆင်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်က လွှတ်တော် အတွင်း ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီကလည်း ဆုံးဖြတ်ခဲ့ပါတယ်။
တဖက်မှာတော့ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သူတို့ထားခဲ့တဲ့ နိုင်ငံခြားရေး ပေါ်လစီ အောင်မြင်ကြောင်း အကျယ်တဝံ့ ပြောနေပါတယ်။
ဒီလို ပြောဆိုမှုဟာ တကယ်ပဲ အပေါင်းလက္ခဏာဆောင်တဲ့ အောင်မြင်မှုလား၊ ဒါမှမဟုတ် မှားယွင်းတဲ့ အပေါင်း လက္ခဏာဆောင်မှု တခုလား ဆိုတာတော့ ဆန်းစစ်ဖို့ လိုပါလိမ့်မယ်။
မကြာသေးခင်က အမေရိကန် စစ်တက္ကသိုလ် ဝက်စ်ပွိုင့်မှာ သမ္မတ အိုဘားမားက စစ်အုပ်ချုပ်ရေး လက်အောက်မှာ ရာစုနှစ်ဝက်ကျော် နေခဲ့ရပြီး နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အဆက်အသွယ်ပြတ်ပြီး အထီးကျန် ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတာကို နမူနာပြပြီး အမေရိကန်ရဲ့ သံတမန်ရေး ထိတွေ့ဆက်ဆံမှုနဲ့ နိုင်ငံခြားရေး မူဝါဒ အလွန်အောင်မြင်တယ်လို့ ထုတ်ပြောသွားခဲ့ပါတယ်။
၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၃ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က လွတ်လာခဲ့ပြီး တနှစ်ခန့် အကြာ ရောက်ရှိလာတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီ ကလင်တန်ရဲ့ သမိုင်းဝင် မြန်မာနိုင်ငံ ခရီးစဉ်ဟာ မြန်မာ- အမေရိကန် ၂ နိုင်ငံ ဆက်ဆံရေးကို အချိုးအကွေ့ တခုအဖြစ် ပြသလိုက်တာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် မစ္စတာ ဒဲရစ်မစ်ချဲလ်ကို ခန့်အပ်တာဝန်ပေးမှုနဲ့ သံတမန် အဆင့် ပုံမှန်ဆက်ဆံရေးကို ၂၀၁၂ ခုနှစ် ဇွန်လမှာ ပြန်လည် စတင်လိုက်ပါတော့တယ်။
ဟီလာရီ ကလင်တန်ရဲ့ မြန်မာနိုင်ငံပထမဆုံး ခရီးစဉ် အပြီးမှာ သမ္မတ အိုဘားမားက လက်ကျန် နိုင်ငံရေး အကျဉ်းသား တွေ ဆက်လွှတ်ပေးရေး၊ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ချုပ်ငြိမ်းရေး၊ မြောက်ကိုရီးယားနဲ့ မြန်မာ စစ်ဘက်ဆက်ဆံရေး ဖြတ်တောက်ရေး ကိစ္စတွေကို တိုက်တွန်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပြီး နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်း လဲမှုတွေ လုပ်ဆောင်လာတာ၊ သတင်း မီဒီယာအပေါ် ကန့်သတ်ထားချက်တွေ ဖြေလျှော့ပေးတာ၊ ၂၀၁၂ ခုနှစ် မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို တရားဝင်ပြန်လည် မှတ်ပုံတင်ခွင့်ပေးပြီး ကြားဖြတ်ရွေးကောက်ပွဲ ပါဝင်ခွင့် ပေးခဲ့တာတွေကို အမေရိကန်က အသိအမှတ်ပြု ချီးမွမ်းပြောဆိုခဲ့ပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာအပေါ် အမေရိကန်ရဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့အရေးယူထားမှုတွေ ကို လည်း ဖြေလျှော့ ဖယ်ရှားမှုတွေ စတင် လုပ်ဆောင်လာတယ်။
နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း အမေရိကန် သမ္မတ အိုဘားမားရဲ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာ လ ၁၉ ရက်နေ့ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်က သမိုင်းဝင် အောင်မြင်မှုရဲ့ အဓိက ပြယုဂ်အဖြစ် ညွှန်းဆိုခဲ့ပါတယ်။
နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာတဲ့ မြန်မာနဲ့အမေရိကန် ၂ နိုင်ငံ ဆက်ဆံရေးကို အမေရိကန် ဘက်က အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒ အောင်မြင်ကြောင်း အရှိန်မြှင့် ကြွေးကြော်ပါတော့တယ်။
တကယ်တော့ အမေရိကန်-မြန်မာ ဆက်ဆံရေး ပုံမှန်အဆင့် ပြန်ရအောင် အဓိက ကြိုးစားခဲ့သူကတော့ နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်ပါပဲ။
အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ အနီးကပ် ဆက်ဆံရေး အနေအထား ရှိနေတဲ့ မြန်မာကို အမေရိကန်နဲ့ နီးနီးကပ်ကပ် ဆက်ဆံ လာစေဖို့ သံတမန်နည်းလမ်း အသုံးပြုခဲ့တဲ့ ဟီလာရီရဲ့ ကြိုးပမ်းချက်ဟာ အမေရိကန် ရဲ့ နိုင်ငံခြားရေး မူဝါဒအပေါ် လွှမ်းမိုးခဲ့တာတော့ အထင်အရှား ဖြစ်ပါတယ်။
အခုနောက်ပိုင်း ပုံမှန်ဆက်ဆံရေး သာမက အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့လည်း လူ့အခွင့်အရေး ဆက်လက် ချိုးဖောက်နေဆဲ ဖြစ်တဲ့ မြန်မာစစ်တပ်နဲ့ သူတို့ရဲ့အသိုင်းအဝိုင်း အကျိုးစီးပွား မဟုတ်တဲ့ စီးပွားရေး ကဏ္ဍတွေမှာ သွားရောက် ရင်းနှီးမြှုပ်နှံခွင့်တွေလည်း ရှိလာခဲ့ပါပြီ။
ဒီလို အမေရိကန်-မြန်မာ ၂ နိုင်ငံ ဆက်ဆံရေး ကောင်းမွန်လာတယ်လို့ ပြောနေချိန်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်တွေဟာ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေ အကြား မရေရာ မသေချာ ဖြစ်နေသေးတဲ့ အပြင် တိုက်ပွဲတွေက ဆက်တိုက် ပြန်ဖြစ်လာနေတာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်မှာ အစိုးရ စစ်တပ်နဲ့ ကချင် လွတ်လပ်ရေး တပ်မတော်(KIA) တို့အကြား တိုက် ပွဲတွေ ပြန်လည် ဖြစ်ပွားလာတာ ၃ နှစ်ကျော်လာတဲ့ အပြင်၊ ရှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်းဒေသတွေက ရှမ်း၊ ပလောင် စတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲပါ။
စစ်ပွဲတွေရဲ့နောက်ကွယ်က သာမန်အရပ်သားတွေကိုလည်း သူပုန်လို့စွပ်စွဲ ဖမ်းဆီးတာမျိုးတွေ ရှိသလို၊ တချို့ဒေသခံ တွေလည်း စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးငယ်တွေကြောင့် ထိခိုက်ဒဏ်ရာရမှုတွေနဲ့ အသက်ဆုံးရှုံးမှုတွေ ရှိနေပါတယ်။
နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တချို့ကိုလည်း စီတန်းလှည့်လည် ဆန္ဒပြခွင့် ဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ဖမ်းဆီး ထောင်ချတာမျိုးလည်း နောက်ပိုင်းမှာ ဆက်တိုက် ပြန်ဖြစ်လာနေပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီး စစ်အစိုးရတွေ လက်ထက်က နာမည်ပျက် စာရင်းတွေ ပယ်ဖျက်ကာ ပြည်ပ ရောက် မြန်မာတွေ ပြည်တော်ပြန်ရေး ဖိတ်ခေါ်ခဲ့ပေမယ့် မကြာခင် ရက်ပိုင်းကပဲ ကျောင်းသား ခေါင်းဆောင်ဟောင်းတွေ ဖြစ်တဲ့ ကိုမိုးသီးဇွန်နဲ့ ကိုမိုးဟိန်တို့ကို နာမည်ပျက်စာရင်း သွင်းလိုက်ပြန်ပါတယ်။
ရခိုင်ပြည်နယ်နဲ့ မိတ္ထီလာတို့မှာ စတင်ပေါ်ပေါက်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေက စပြီး၊ ဗုဒ္ဓဘာသာကို အခြေပြုတဲ့ အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ် စောင့်ရှောက်ရေး အကြောင်းပြချက်နဲ့ လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှု ပဋိပက္ခ ဖြစ်စေနိုင်တဲ့ အမုန်းစကားများ ပေါ်ပေါ်တင်တင် ဖြန့်ဖြူးခွင့်တွေလည်း ဆက်တိုက် ဖြစ်ပေါ်နေပါတယ်။
ဒီလိုကိစ္စတွေ အပေါ် အခြေခံပြီး မျိုးစောင့် ဥပဒေကြမ်းကို ထုတ်ပြန်လိုက်ပြီး အဲဒီ မျိုးစောင့် ဥပဒေအရ ဘာသာမတူ နိုင်ငံသားချင်း ထိမ်းမြားလက်ထပ်ခွင့်ကို ကန့်သတ်မယ့် အစီအစဉ်တွေ ရှိနေသလို၊ ဒီဥပဒေကို ကန့်ကွက်တဲ့သူတွေကိုလည်း အသက်အန္တရာယ်အထိ ခြိမ်းခြောက်ခံနေရတဲ့ အခြေအနေ မြန်မာနိုင်ငံမှာ ဆိုက်ရောက်နေပါပြီ။
အလားတူ NLD နဲ့ ဒီမိုကရေစီ အင်အားစုတွေရဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုတွေ အရှိန်မြင့် တက် လာချိန်မှာပဲ ပုဒ်မ ၅၉ စ ကို ပြင်ဆင်မှာ မဟုတ်ဘူးလို့ လွှတ်တော်က ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီက ဆုံးဖြတ် လာပါတယ်။
ဒါ့အပြင် အမေရိကန်က အကြီးအကျယ် စိုးရိမ်နေတဲ့ မြန်မာနဲ့ မြောက်ကိုရီးယား ၂ နိုင်ငံ စစ်ရေး လျှို့ဝှက်ဆက်ဆံမှု ကိစ္စ ကလည်း ကတိစကားသာ ပေးထားပေမယ့် အခုထိ သဲကွဲရှင်းလင်းတဲ့ စစ်ရေးဆက်ဆံမှု ပြတ်တောက်တာမျိုး မရှိသေးပါဘူး။
မြန်မာဟာ မြောက်ကိုရီးယားဆီက တားမြစ်ပိတ်ပင်ထားတဲ့ စစ်လက်နက်ပစ္စည်းတွေကို အခုအချိန်အထိ ဝယ်ယူ နေဆဲ ဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ကွန်ဂရက် လွှတ်တော်ကို တင်သွင်းတဲ့ အစီရင်ခံစာ တစောင်မှာ ပါရှိပါတယ်။
မြောက်ကိုရီးယားနဲ့ စစ်လက်နက်ပစ္စည်း ရောင်းဝယ်မှုတွေ ဆက်လုပ်နေတဲ့ ကုမ္ပဏီတချို့နဲ့ တပ်မတော် ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံး အကြီးအကဲဟောင်း ဒုဗိုလ်ချုပ်ကြီး သိန်းဌေး တို့ကို အမေရိကန်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ အတွင်းမှာ နာမည်ပျက်စာရင်း သွင်းခဲ့ပါသေးတယ်။
ဒီလို ထင်ရှားတဲ့ အချက်အလက်တွေ အပေါ် မူတည်ပြီး သုံးသပ်မယ်ဆိုရင် မြန်မာနိုင်ငံကို နမူနာ ပေးပြီး အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒက တကယ် အောင်မြင်ပြီလို့ ဆိုနိုင်ပါသလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
Fortify Rights ဆိုတဲ့ လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ အုပ်စု တခုကတော့ ကချင်ပြည်နယ်နဲ့ တိုင်းရင်းသား ဒေသတချို့က စစ်ပွဲတွေ၊ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထောက်ပြပြီး အစိုးရရဲ့ မူဝါဒအပေါ် မေးခွန်းထုတ် လိုက်ပါတယ်။
အလားတူ အမေရိကန် အခြေစိုက် မြန်မာ့ အရေး လှုပ်ရှားသည့် U.S Campaign for Burma- USCB အဖွဲ့ကလည်း မြန်မာအစိုးရ အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးတွေကို အောင်မြင်အောင် လုပ်ကိုင် ဆောင်ရွက်မှုတွေ မရှိသေးသရွေ့၊ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းမှာ တိုးတက်မှုတွေ မရှိသေးသရွေ့ အမေရိကန် အနေနဲ့ မြန်မာအပေါ် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုတွေ ဆက်ထားစေချင်ကြောင်း အမေရိကန်နိုင်ငံမှာ သြဇာကြီးမားတဲ့ Foreing Policy မဂ္ဂဇင်း သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။