ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် နောင်လောင်း ကျေးရွာအုပ်စုရှိ နမ့်စမ့် ဂိုဒေါင် ကျေးရွာတွင် အစိုးရ စစ်တပ်မှ တပ်သား တဦး က ကျေးရွာသား တဦးကို သေနတ်ဖြင့် ပစ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နမ့်စမ့်ဂိုဒေါင် ကျေးရွာတွင် တပ်စခန်းချရန် ရောက်ရှိလာသည့် အစိုးရ တပ်မ ၈၈ လက် အောက်ခံ ခြေလျင် တပ်ရင်း (ခလရ) ၁၀ မှ တပ်သား တဦးက ဇွန် ၁၇ ရက် ညပိုင်းတွင် ယင်းကျေးရွာ၌ ကုန်စုံဆိုင် ဖွင့်ထားသည့် ဦးဘရန်ဆိုင်း နေအိမ်သို့ ဝင်ရောက်ပြီး ဇနီးဖြစ်သူကို အဓမ္မပြုကျင့်ရန် ကြိုးစားစဉ် ခင်ပွန်းဖြစ်သူက ဝင်ရောက် တားဆီးရာမှ သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားကြောင်း နောင်လောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုင်းပန်ဖက ဧရာဝတီသို့ ပြောသည်။
“စစ်တပ်က ဆိုတာ သေချာတယ်။ သူတို့ရဲ့ ဒု ဗိုလ်မှူး ရဲမင်းလွင်တောင် လျော်ကြေးငွေ ကျပ် ၅ သိန်း လာပေးပြီး အမှုပိတ်ဖို့ ပြောပါတယ်။ ဒါပေမယ့် မယူပါဘူး။ ဦးဘရန်ဆိုင်းလည်း သေရော သူ့မိန်းမ သွေးတိုးပြီး မူဆယ် ဆေးရုံ တင်ပေး လိုက်ရတယ်”ဟု ဦးစိုင်းပန်ဖ က ဆက်ပြောသည်။
ခလရ ၁၀ တပ်သည် လက်ရှိအချိန်တွင် နောင်လောင်း ကျေးရွာအုပ်စုရှိ နမ့်စမ့်ဂိုဒေါင် ကျေးရွာတွင် တပ်စခန်းချရန် ဇွန် ၁၃ ရက် က ကျေးရွာသားများအား ပြောဆိုခဲ့သည်ဟု သိရသည်။
နောင်လောင်းကျေးရွာ အုပ်စုတွင် ကျေးရွာ ၈ ရွာရှိပြီး အဆိုပါတပ်စခန်း တည်ထောင်ရာ၌ အသုံးပြုရန် ခလရ (၁၀) တပ်က ကျေးရွာများမှ ရွာသားများကို တရွာလျှင် သစ်သား အချောင်း ၂၀ နှင့် ဝါးလုံး ၅၀ လာရောက် ပို့ဆောင်ခိုင်းသည်ဟု ဒေသခံ တချိူ့က ဧရာဝတီကို ပြောသည်။
စစ်တပ်က ရွာသားများကို အနိုင်ကျင့်ပြီး ပစ်သတ်သည့် အပြင် ကျေးရွာပိုင် ပစ္စည်းများကို လုယက်ယူမှုများ ပြုလုပ်လာသဖြင့် ဒေသခံ ရွာသားများ စိုးရိမ်စိတ်ဖြင့် နေထိုင်ကြရကြောင်း နောင်လောင်းကျေးရွာ ဒေသခံတဦးဖြစ်သည့် ဦးစိုင်းအောင် က ဧရာဝတီကို ပြောပြသည်။
“အခုထိ တရားခံကို အရေး မယူသေးဘူး။ ရွာထဲမှာပဲ ရှိသေးတယ်။ ဒီလ ၁၁ ရက်ကလည်း ရွာက အိမ်တအိမ်ကို ဖောက်ထွင်းပြီး တရုတ်ငွေ ယွမ် ၃၀၀၀ ယူသွားတယ်။ မေ ၂၉ ရက်ကလည်း သူတို့ကြောင့် ရွာသား တယောက် သေသွားတယ်။ တပ်တွေလာတဲ့ အတွက် လုံခြုံမှု ဘာမှမရှိဘူး”ဟုလည်း ဦးစိုင်းအောင်က ဆိုသည်။
ယင်းကိစ္စများနှင့် ပတ်သက်ပြီး စစ်တပ်မှ တာဝန်ရှိသူများက ကျေးရွာကို လာရောက် တောင်းပန်ခြင်း၊ အမှုရုပ်သိမ်းပေးရန် အတွက် ငွေကြေးများ လာရောက် ပေးအပ်ပြီး တပ်သားများ ကျေးရွာသို့ လာရောက်ကာ ပစ္စည်းနှင့် ငွေကြေးများ တောင်းပါက ပေးစရာ မလို ကြောင်း ယင်းစစ်တပ်မှ ဒုဗိုလ်မှူး ရဲမင်းလွင်က ရွာသားများအား ပြောဆိုခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် မေလ ၂၉ ရက်က မူဆယ်မြို့နှင့် နမ့်ခမ်းမြို့သို့ ဆက်သွယ်ထားသည့် ကားလမ်းတွင် အစိုးရ စစ်တပ်၏ လက်ချက်ဟု ယူဆရသည့် ပစ်ခတ်မှုကြောင့် နမ်စမ့်ကျေးရွာ ဒေသခံ ဖြစ်သူ ဦးအားရှန် အသက် ၄၂ နှစ် နှင့် ဒေါ်နန်းအေးဌေး အသက် ၃၆ နှစ် တို့ သေဆုံးခဲ့ရသည်ဟုလည်း ဦးစိုင်းအောင်က ပြောပြသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သတ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းငွေငွေက “ကျမ သက်ဆိုင်ရာဝန်ကြီးကို အကြောင်းကြားထားပါတယ်။ စစ်တပ်ပိုင်းဆိုင်ရာ ဆိုတော့ ရဲစခန်းမှာ အမှုဖွင့်ထားတယ်။ လူသတ်မှုပါ။ ကိုယ့်လူကို သေချာထိန်းဖို့ တပ်ပိုင်းဆိုင်ရာကို အကြောင်းကြားထားပါတယ်။ အခုက လူထု အရမ်းနစ်နာ ပါတယ်။ ဥပဒေအတိုင်း သွားရမှာပါ”ဟု ဧရာဝတီကို ပြောသည်။
မူဆယ်မြို့ ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်း တဦးကလည်း နောင်လောင်းကျေးရွာမှ ရွာသားတဦးကို စစ်တပ်မှ တပ်သားက သေ နတ် နှင့် ပစ်သတ်သည်မှာ မှန်ကန်ကြောင်း၊ အမှုလည်း ဖွင့်ထားကြောင်း ပြောဆိုသည်။