သတင်း

မဟာသန္တိသုခ ကျောင်းတိုက် ဆရာတော် ၅ ပါး အာမခံဖြင့် ပြန်လွှတ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ် မဟာသန္တိသုခ ကျောင်းတိုက်မှ လူဝတ်လဲ တရားစွဲဆို ခံထားရသော ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာ ၅ ပါးကို ယနေ့တွင် တာမွေမြို့နယ် တရားရုံး၌ ရုံးထုတ်စစ်ဆေးပြီး အာမခံဖြင့် ပြန်လွှတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

မဟာသန္တိသုခ ကျောင်းတိုက် ဆရာတော်ကြီး ပီနန် ဆရာတော် ဦးပညာဝံသ၏ တပည့်ရင်း ဆရာတော် ဦးဥတ္တရ (လန်ဒန်) ၊ ဦးနန္ဒိယ ၊ ဦးပညာသာရ ၊ ဦးသုန္ဒရာသီရိ နှင့် ဦးတေဇိဒ္ဓ တို့ကို ယနေ့တွင် အာမခံဖြင့် ပြန်လွှတ် ပေးလိုက်သော်လည်း လာမည့် ဇွန်လ ၂၇ ရက်တွင် တာမွေ တရားရုံးသို့ ရုံးချိန်း လာရောက်ရမည် ဖြစ်သည်။

အာမခံ ရရှိသွားသည့် အတွက် လူဝတ်လဲ ခံထားရသော ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာတော်များသည် ယနေ့ ညနေ ၅ နာရီ ခန့်တွင် တာမွေမြို့နယ် ၃ ထပ်ကျောင်းတိုက် ဆရာတော်ထံတွင် သင်္ကန်းစည်းပြီး ရဟန်းဘ၀ ပြန်လည် ခံယူခဲ့သည်။

ယနေ့ ပထမဆုံး ရုံးချိန်းတွင် သာသနာရေး ဝန်ကြီးဌာနမှ တရားလိုများကို စတင် စစ်ဆေးခဲ့ပြီး ဖမ်းဆီး ခံထားရသော သံဃာတော် ၅ ပါးတို့၏ ရှေ့နေ ၅ ဦးတို့က အပြန်အလှန် မေးခွန်းများ မေးမြန်းပြီးနောက် အာမခံ လျှောက်ထားလိုက်ကြောင်း ၊ တရားစွဲဆို ခံ ထား ရသော ပုဒ်မနှစ်ခု အနက် တခုမှာ အာမခံပေး၍ မရသော်လည်း အာမခံ ပေးလိုက်ကြောင်း သံဃာများ၏ အကျိုးဆောင် ရှေ့နေ ဦးအေးချိုက ဧရာဝတီကို ပြောသည်။

“ဒီနေ့ တရားလိုကို စစ်တယ်။ တရားလိုကို စစ်တော့ တရားခံ ရှေ့နေတွေကနေ မေးခွန်း မေးတယ်။ မေးပြီးတော့ အာမခံ လျှောက် တယ်။ ဆွဲတာက ပုဒ်မ၂၉၅ (က) နဲ့ တရားစွဲတာ။ သာသနာကို အကြည်ညို ပျက်စေမှုပေါ့။ ပုဒ်မ ၂ ခု စလုံးကို အာမခံ ပေးလိုက် တယ်။ ၂၀/၉၀ ကတော့ အာမခံ ပေးရမယ့် အမှု။ ၂၉၅ (က) ကတော့ အာမခံ မပေးရမယ့် အမှု။ သို့သော် ဒီဘက်က ရှေ့နေတွေရဲ့ လျှောက်လဲချက်ကြောင့် အာမခံ ပေးလိုက်တယ်”ဟု ရှေ့နေ ဦးအေးချိုက ဆိုသည်။

တာမွေ တရားရုံးသို့ အစိုးရဘက်မှ တိုင်းတရားသူကြီး တဦး ၊ သာသနာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် တဦးတို့ တက်ရောက် ခဲ့ပြီး နှစ်ဘက် ကြားနာချက်များကို မြို့နယ် တရားသူကြီး ဦးသန်းဇော်က အထက် တာဝန်ရှိသူများကို တိုက်ရိုက် တင်ပြညှိနှိုင်းကာ လူဝတ်လဲ ခံထားရသည့် သံဃာ ၅ ပါးအား တပါးလျှင် ငွေကျပ် သိန်း နှစ်ရာဖြင့် သိန်းတထောင် အာမခံကြေး တောင်း ခံလိုက်ပြီး လွှတ်ပေးလိုက်ခြင်း ဖြစ်သည်ဟု တရားခွင်သို့ သွားရောက် နားထောင်ခဲ့သူ တာမွေမြို့နယ် လွှတ်တော် ကိုယ်စားလှယ် နှင့် တရားလွှတ်တော် ရှေ့နေ ဖြစ်သူ ဦးဝင်းထိန်က ပြောသည်။

“အပြင်က အခြေအနေတွေ အရ အာမခံက ပေးရတော့မှာ။ တရားရုံးအပြင်က လူအုပ်က အာမခံမပေးရင် အခြေအနေ ပိုဆိုး သွားနိုင်တယ်။ ဒါကြောင့် အာမခံပေး လိုက်ရတာ”ဟု ဦးဝင်းထိန်က ပြောဆိုသည်။

ယနေ့ရုံးချိန်းသို့ မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးဝီရသူ ၊ ရွှေညဝါ ဆရာတော် ဦးပညာဝံသ နှင့် မကွေးကျောင်း တိုက် ဆရာတော် ဦးပါမောက္ခ အပါအဝင် ရဟန်းရှင်လူ တထောင်ခန့် တက်ရောက် နားထောင်ခဲ့ကြသည်။

တာမွေ တရားရုံးသို့ ရောက်ရှိလာသူများက“အပြစ်မဲ့ သံဃာတော်များ ချက်ချင်းလွှတ် ၊ သာသနာဖျက် ဦးအံ့မောင် အကြံပေးမှ ထွက်ပေး”ဟု တရားရုံး အပြင်ဘက်တွင် အော်ဟစ်ကြွေးကြော်၍ တောင်းဆို ခဲ့ကြသည်။

ရုံးချိန်းသို့ ဗြိတိန်သံရုံးမှ တာဝန်ရှိသူ တချို့လာရောက်သည်ကို တွေ့ရသည်။ ယနေ့ တရားရုံး ရုံးချိန်းကို နံနက် ၁၀ နာရီကျော်က စတင်ခဲ့ပြီး ညနေ ၅ နာရီ အချိန်တွင် ပြီးဆုံးသွားခဲ့သည်။

ဖမ်းဆီး လူဝတ်လဲ ခံထားရသည့် ယင်းသံဃာတော် ၅ ပါးမှာ နိုင်ငံတော် သံဃမဟာ နယကနှင့် ပီနန် ဆရာတော်ကြီးတို့ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် မဟာသန္တိသုခ ကျောင်းတိုက်တွင် သီတင်းသုံး နေထိုင်နေစဉ် ဇွန်လ ၁၀ ရက် ညပိုင်းက ယင်းကျောင်းတိုက်ကို သာသာနာရေး ဝန်ကြီးဌာန တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့၏ ပူးပေါင်း ဝင်ရောက် ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

ဖမ်းဆီး လူဝတ်လဲ ခံထားရသည့် ယင်းသံဃာတော် ၅ ပါးကို ဇွန်လ ၁၃ ရက်က တာမွေမြို့နယ် တရားရုံးတွင် ပထမအကြိမ် ရုံးထုတ် စစ်ဆေးပြီ လူဝတ်လဲကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခံခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading