နက်နက်ရှိုင်းရှိုင်း ကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းကို ဒီမိုကရေစီနဲ့ ပေါင်းစည်းပေးနိုင်ဖို့ အခြေခံဥပဒေကို ကာလကြာရှည်
ပုံစံချပြီး တီထွင်ဖန်တီးခဲ့တဲ့ နေရာမှာ Nation State ဆိုတာထက် State Nation နဲ့ ပိုပြီး သင့်တော်လျောက်ပတ်အောင်
လုပ်ဆောင်ခဲ့ရတာတွေ ရှိပါတယ်။ အဲဒီလို လုပ်ဆောင်ခဲ့ရာမှာ အစောပိုင်း ဖြစ်ပျက်ခဲ့ခဲ့တဲ့ ဇတ်လမ်းတပုဒ်ကို
ကိုးကားပြောဆိုရင် ကျနော်တို့ပြောချင်တာက ပိုပြီး ရှင်းရှင်းလင်းလင်း ဖြစ်သွားပါလိမ့်မယ်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရသွားတဲ့ နိုင်ငံကို ဘယ်လို နိုင်ငံရေး အင်စတီကျူးရှင်းတွေနဲ့ အလေ့အထတွေက အကောင်းဆုံး အကျိုးပြုနိုင်မလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး အိန္ဒိယအမျိုးသား ကွန်ဂရက် (INC) က ၁၉၂၀ ပြည့်နှစ်တွေ အလယ်လောက်မှာကိုပဲ အသေးစိတ် စတင်လေ့လာနေပါပြီ။ ၁၉၂၀ ဆိုတာ လွတ်လပ်ရေးရဖို့ ဆယ်စုနှစ် ၂ ခုလောက် လိုပါသေးတယ်။ ဗြိတိသျှတွေ မူကြမ်းရေးဆွဲတဲ့ ဆိုင်မွန်ကော်မရှင် အစီရင်ခံစာကို (INC) က ပယ်ချခဲ့ပါတယ်။ လွတ်လပ်တဲ့ အိန္ဒိယနိုင်ငံအတွက် အခြေခံဥပဒေတခုကို မူကြမ်းရေးဆွဲဖို့ (ဂျဝါဟလာနေရူးရဲ့ ဖခင်) မော်တီလာနေရူး
ဦးဆောင်တဲ့ ကော်မတီတခုကို (INC) က သူ့ဖာသာသူ ခန့်အပ်ခဲ့ပါတယ်။ ၁၉၂၈ ခုနှစ် လက်ခနောင်းမှာ ကျင်းပတဲ့
ပါတီစုံကွန်ဖရင့်က နေရူးအစီရင်ခံစာကို သဘောတူ အတည်ပြုပေးခဲ့ပါတယ်။ အစီရင်ခံစာက ၁၉၅၀ အခြေခံဥပဒေထဲမှာ
ပါဝင်တဲ့ ပြဌာန်းချက် အပိုဒ်တော်တော်များများအတွက် ရှေ့ပြေးဖြစ်ခဲ့ပါတယ်။
နိုင်ငံသားဆိုတာကို အဓိပ္ပာယ် ဖွင့်ဆိုထားပုံက အားလုံးအတွက်အကျုံးဝင် (inclusive) ဖြစ်ပြီး နယ်မြေနယ်ဒေသကို အခြေခံထားတာကြောင့် နေရူး အစီရင်ခံစာထဲမှာ ပေးထားတဲ့ နိုင်ငံသား အဓိပ္ပါယ်ဖွင့်ဆိုချက်က State Nation နဲ့ တော်တော်လေးကို သဟဇာတဖြစ်ပါတယ်။ ဓနသဟာယ နယ်နိမိတ်အတွင်းမှာ ကိုယ်တိုင်မွေးဖွားလာသူ ဒါမှမဟုတ် ဓနသဟာယ နယ်နိမိတ်အတွင်းမှာ မွေးဖွားလာသူ ဖခင်ရဲ့ သားသမီး ဒါမှမဟုတ် နိုင်ငံသား ခံယူထားသူဖခင်ရဲ့ သားသမီး ဖြစ်ရင် နိုင်ငံသားဖြစ်တယ်လို့ အခြေခံဥပဒေထဲက နိုင်ငံသားနဲ့ သက်ဆိုင်တဲ့ နေရာတိုင်းမှာ ဖွင့်ဆိုထားပါတယ်။ လွတ်လပ်ရေး ရသွားတဲ့ အိန္ဒိယနိုင်ငံမှာ ပါလီမန်အစိုးရစနစ် (ပုဒ်မ ၅) နဲ့ ၂ ရပ်ပေါင်း လွှတ်တော်ပါဝင်တဲ့ ဖက်ဒရယ်စနစ် (ပုဒ်မ ၈ နဲ့ ၉) ကျင့်သုံးစေရမယ် ဆိုတာကို နေရူးအစီရင်ခံစာက လမ်းညွှန်ချက် ချပေးခဲ့ပါတယ်။ အဲဒီလို လမ်းညွှန် ပေးတာတွေ အားလုံးကို အိန္ဒိယ အခြေခံဥပဒေထဲမှာ ထည့်သွင်းထားခဲ့ပါတယ်။
မတူညီတဲ့ ဘာသာစကား ပြောဆိုသုံးစွဲသူ လူများစုအပေါ် အခြေခံထားတဲ့ ပါတီတွေအတွက် ထွက်ပေါက် “exit” ဆိုတာ ရှိပါတယ်။ ဗဟိုလိုလားတဲ့ ဒေသဆိုင်ရာ ပါတီတွေ ပေါ်ထွက်လာတာက အဲဒီထွက်ပေါက်အပြင် တခြား ရွေးချယ်စရာ တွေကိုလည်း တွေ့လာနိုင်စေပါတယ်။ အဲဒီလို ဗဟိုလိုလားတဲ့ ဒေသဆိုင်ရာ ပါတီမျိုးတွေ ပေါ်ပေါက်လာစေဖို့ ဆိုရင်တော့ ဖက်ဒရယ်ပါလီမန်စနစ်က အထောက်အပံ့ အပြုဆုံး ဖြစ်နိုင်ပါတယ်။
အိန္ဒိယနိုင်ငံကို State Nation ဖြစ်သွားအောင် အခြေခံကျကျ ပြုပြင်ပြောင်းလဲ ဖွ့ဲစည်းပစ်လိုက်တာက ၁၉၅၇ ခုနှစ်ကျမှသာ အပြည့်အ၀ ရုပ်လုံးပေါ်လာတာ ဖြစ်ပါတယ်။ အဲဒီလို ပြောင်းလဲဖွဲ့စည်းလိုက်တာကြောင့် ဘာသာစကား တခုခုကို ပြောဆိုသုံးစွဲနေတဲ့ အဓိက လူမှုအသိုက်အဝန်းကြီး တခုချင်းစီက ကိုယ်ပိုင်ပြည်နယ် ရသွားပြီး ဒေသခံလူများစု သုံးစွဲတဲ့ ဘာသာစကားနဲ့ အုပ်ချုပ်လို့ ရသွားပါတယ်။ ဒါ့အပြင် အဲဒီလို ပြောင်းလဲဖွဲ့စည်းလိုက်တာကို ၁၉၂၁ ခုနှစ် မဒရပ်စ်မြို့ INC အစည်းအဝေးက ထောက်ခံခဲ့ပြီး နေရူးအစီရင်ခံစာထဲမှာလည်း အားပေးခဲ့ပါတယ်။
“နယ်မြေတွေကို ပြောင်းလဲဖွဲ့စည်းတဲ့အခါ သက်ဆိုင်ရာ နယ်မြေဒေသတွင်းမှာ နေထိုင်သူလူများစုရဲ့ တောင်းဆိုချက် အပေါ် မူတည်ပြီး ပြောဆိုတဲ့ ဘာသာစကားကို အခြေခံထား ဖွဲ့စည်းရမယ်” (ပုဒ်မ ၈၆) လို့ အစီရင်ခံစာထဲမှာ ရေးထားပါတယ်။ ဒါ့အပြင် အဲဒီနည်းစနစ်ကြောင့် နိုင်ငံအတွင်း နယ်မြေဒေသအခြေခံ ဘာသာစကား အုပ်စုကြီးတွေ အများအပြားရှိနေတာကို ဒီမိုကရေစီနည်းကျ တုံ့ပြန်ဆောင်ရွက် သွားနိုင်ပါတယ်။ (ဒီနေ့ ခေတ်မှာတော့ ဘာသာစကားပေါင်း ၂၂ မျိုးလောက်က အခြေခံဥပဒေထဲမှာ ‘တရားဝင်’ အသိအမှတ်ပြု ခံထားရပါတယ်။) ဒါကတော့ အတူပေါင်းစည်း ဖက်ဒရယ်ပုံစံ holding together federalism တည်ဆောက်ထားတဲ့ စတိတ်နေးရှင်းတစ်ခုရဲ့ ဂန္တဝင် စရိုက်လက္ခဏာတခုပဲ ဖြစ်ပါတယ်။ အမေရိကန်ပုံစံ အတူယှဉ်တွဲ ဖက်ဒရယ်စနစ် (Coming together federalism)
မှာတော့ အဲဒီလိုဖြစ်လာဖို့ ဆိုတာကို စဉ်းစားလို့တောင် ရမှာမဟုတ်ပါ။ နေရူးကော်မရှင် ပြဌာန်းချက် (ပုဒ်မ ၄၉) အရ
ပြည်ထောင်စု တရားရုးံချုပ်က ကိစ္စရပ်အားလုံးနီးပါးမှာ “မူလစီရင်ပိုင်ခွင့် (Original jurisdiction)” ကို ရရှိသွားပါတယ်။
အဲဒီလို ရရှိသွားတာကြောင့် တော်တော်လေး ခိုင်မာအားကောင်းတဲ့ အတူပေါင်းစည်း ဖက်ဒရယ်စနစ် (အမေရိကန်နဲ့
အလွန်ကွဲပြား ခြားနားပါတယ်) ကို အထောက်အကူ ပြုပေးလိုက်နိုင်ပါတယ်။
အချိုးမညီ ဖက်ဒရယ်စနစ်ကို ကျင့်သုံးလိုက်တာကြောင့် မီဇိုရမ်ပြည်နယ်လို တိုင်းရင်းသား လူမျိုးနွယ်စုတွေ လူများစုအဖြစ် နေထိုင်တဲ့ ပြည်နယ်တွေကို ဖန်တီးလို့ရသွားပါတယ်။ အဲဒီလို ဖန်တီးလိုက်နိုင်တာကြောင့် မီဇိုလူမျိုးတွေအတွက် အထူးအခွင့်အရေးတွေကို အခြေခံဥပဒေတွေထဲမှာ ပေးထားပြီး တိုင်းရင်းသား ယဉ်ကျေးမှုတွေကို ထိန်းသိမ်းလို့ ရသွားပါတယ်။ ဆိုလိုတာကတော့ မီဇိုလူမျိုးတွေပဲ မဲပေးခွင့်ရတဲ့ ဒေသန္တရ ရွေးကောက်ပွဲတွေလိုမျိုး၊ မီဇိုလူမျိုးတွေပဲ မြေယာဝယ်ယူခွင့် ရသလိုမျိုး အထူးအခွင့်အရေးတွေပါ။ ၁၉၈၆ ခုနှစ် မီဇိုသဘောတူညီချက် (Mizo Accord) ဖြစ်ပေါ်လာရေးမှာ အဲဒီလို အထူးအခွင့်အရေးတွေက အသက်တမျှ အရေးကြီးပါတယ်။ သဘောတူညီချက်ကြောင့် ခွဲထွက်ရေးစစ်ပွဲကို ရပ်တန့်နိုင်လိုက်ရုံတင် မဟုတ်ဘဲ “မတူညီပေမဲ့ အချင်းချင်း အပြန်အလှန် ဖြည့်စွက်နေတဲ့ အမှတ်လက္ခဏာတွေ” ကို တည်ဆောက်ရာမှာ အထောက်အကူပြုခဲ့ပါတယ်။ ကျနော်တို့ရဲ့ လေ့လာမှုစစ်တမ်းမှာလည်း
ဒါကို ဖော်ထုတ်ထားပါတယ်။
ဘာသာရေးဆိုတဲ့ ရှုထောင့်ကနေ ပြောရမယ်ဆိုရင်လည်း နေရူးအစီရင်ခံစာက State Nation ပေါ်ပေါက်လာရေးကို အထောက်အကူ ပြုခဲ့ပါတယ်။ တိုင်းပြည်မှာ (တရားဝင် အသိအမှတ်ပြုထားတဲ့) ခိုင်မာအခြေကျပြီးသား ဘာသာတရား တခုခုရှိရမယ်ဆိုတာကို အခြေခံအခွင့်အရေး ဆိုတဲ့အခန်းမှာ အစီရင်ခံစာက ရှင်းရှင်းလင်းလင်းပဲ လက်မခံ ပယ်ချထားပါတယ်။ ဘာသာရေးဘက်လိုက်မှု မရှိတဲ့ နိုင်ငံတော်ကို အစီရင်ခံစာက ထောက်ခံထားပါတယ်။ ဒါပေမဲ့ (အမေရိကန်ပြည်ထောင်စုနဲ့ မတူတာက) ဘာသာရေး စာသင်ကျောင်းတွေကို နိုင်ငံတော်က ကူညီဖို့ကိုလည်း အစီရင်ခံစာက သွယ်ဝိုက်ခွင့်ပြုထားပါတယ်။ နိုင်ငံတော်နဲ့ ဘာသာရေးကြားမှာ အဲဒီလို ထားရှိတဲ့ စိတ်နေစိတ်ထား ကိုလည်း အိန္ဒိယ အခြေခံဥပဒေက မှန်မှန်ကန်ကန်နဲ့ ထင်ဟပ်ဖော်ပြနေပါတယ်။
အိန္ဒိယ တိုင်းပြုပြည်ပြုလွှတ်တော်ကနေ နောက်ပိုင်းမှာထပ်ပြီး ရေးဆွဲဖန်တီးပေးလိုက်တဲ့ နိုင်ငံတော်နဲ့ ဘာသာတရားကြား အဆက်အစပ်ကလည်း တခြားနိုင်ငံတွေနဲ့ မတူဘဲ ကိုယ်ပိုင်ဟန် သက်သက်လို့ပြောနိုင်ပါတယ်။ ကျနော်တို့ ဖွင့်ဆိုရှင်းပြနေတဲ့ State Nation ပုံစံနဲ့ ဆက်စပ်မှု တော်တော်များများ ရှိနေပါတယ်။ ဘာသာရေးအုပ်စုတွေ၊ အသိုက်အဝန်းတွေ အားလုံးကို နိုင်ငံတော်က အသိအမှတ်ပြုပြီး လေးစားလိုက်နာပါတယ်။ နိုင်ငံတော် ငွေကြေးထောက်ပံ့မှုကို ရယူနိုင်တဲ့ ကျောင်းတွေ၊ အသင်းအဖွဲ့တွေ၊ ကုသိုလ်ဖြစ် အဖွဲ့တွေကို ဘာသာရေးအုပ်စုတွေ အားလုံးက တည်ထောင်ခွင့် ရှိပါတယ်။ အဲဒီလို စံသတ်မှတ်ချက်တွေနဲ့ လက်တွေ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေက တိုင်းပြည်မှာ ပျံ့နှံ့ထွန်းကားနေပါပြီ။ မက္ကာကို ဟာ့ဂျ် ဘုရားဖူးထွက်တဲ့ အိန္ဒိယနိုင်ငံသား မွတ်စလင်တွေကို နိုင်ငံတော်က ငွေကြေးထောက်ပံ့ကူညီမှု များများစားစား ပေးနေတဲ့ အစဉ်အလာ အန္ဒိယနိုင်ငံမှာ ရှိပါတယ်။ အဲဒီအစဉ်အလာကို ဟိန္ဒူအမျိုးသားရေး ဝါဒစွဲကိုင်သူ ဘာရာတီရာ ဂျနာတာပါတီ က ညွန့်ပေါင်းအစိုးရအဖွဲ့ကို ဦးဆောင်နေတဲ့ အချိန်မှာတောင် မပယ်ဖျက်ရဲပါ။
အနောက်ဥရောပက Nation State နိုင်ငံတိုင်းကတော့ လူများစု ခရစ်ယာန် ဘာသာဝင်တွေအတွက် လုပ်ခလစာအပြည့်
အများပြည်သူ အားလပ်ရက်တွေ (နော်ဝေ၊ ဂျာမနီ၊ ဆွီဒင်၊ ဒိန်းမတ် နိုင်ငံတွေမှာလိုပဲ အားလပ်ရက် ၃၉ ရက်တောင် ရှိပါတယ်) ကို မဖြစ်မနေယူရမယ်လို့ သတ်မှတ်ပြဌာန်းထားတာ ရှိပါတယ်။ ဒါပေမဲ့ ခရစ်ယန်ဘာသာဝင် မဟုတ်သူ လူနည်းစုတွေအတွက် အဲဒီလို သတ်မှတ်ပေးထားတဲ့ နိုင်ငံဆိုလို့ တခုမှ မရှိပါ။ အိန္ဒိယနိုင်ငံမှာတော့ လူများစု ဟိန္ဒူဘာသာဝင်တွေ အတွက် အများပြည်သူ အားလပ်ရက် ၅ ရက် သတ်မှတ်ပေးထားပါတယ်။ လူနည်းစု ဘာသာဝင်တွေ အတွက်တော့ သတ်မှတ်ပေးထားတာ ၁၀ ရက်ရှိပြီး အဲဒီအထဲမှာ ၅ ရက်က မူဆလင်ဘာသာဝင်တွေ အတွက်ပါ။
ဒါကြောင့်မု့ိ အိန္ဒိယ တိုင်းပြုပြည်ပြု လွှတ်တော်က သူထမ်းဆောင်ရမဲ့ တာဝန်တွေကို ၁၉၄၆ ခုနှစ်မှာ ချမှတ်တော့
ဘာသာစကားစုံလင် ကြွယ်ဝမှု၊ ယဉ်ကျေးမှု စုံလင်ကြွယ်ဝမှုနဲ့ ကိုးကွယ်ရာ ဘာသာတရားတွေ စုံလင်ကြွယ်ဝမှုကို ကာကွယ်စောင့်ရှောက်ပေးမဲ့ ပြဌန်းချက်တွေ ချမှတ် အကောင်အထည်ဖော်လိမ့်မယ် ဆိုတာကို သံသယဖြစ်စရာ မလိုပါ။
အိန္ဒိယ တိုင်းပြုပြည်ပြု လွှတ်တော်က သဘောတူ ထောက်ခံလိုက်တဲ့ အင်စတီကျုူးရှင်း ဖွ့ဲစည်းတည်ဆောက်ပုံတွေနဲ့
စံနှုန်းသတ်မှတ်ချက်တွေ ရှိခဲ့ပါတယ်။ အဲဒီလိုသဘောတူ လိုက်တာတွေကြောင့်ပဲ အိန္ဒိယတိုက်ငယ်ပေါ်မှာ ခိုင်မာ အားကောင်းတဲ့ State Nation တခုကို တည်ထောင်ရာမှာ အထောက်အကူဖြစ်စေမဲ့ ပေါ်လစီတွေ ရှိခဲ့ပါတယ်။
အိန္ဒိယ အတွေ့အကြုံ၊ အထောက်အထားကို စစ်ဆေးကြည့်ခြင်း
အပေါ်မှာ ဖော်ပြခဲ့တဲ့ State Nation “အိန္ဒိယနိုင်ငံ” က ကြီးကျယ်မြင့်မြတ်တဲ့ နိုင်ငံရေးဓလေ့ထုံးတမ်း ဘောင်ထဲမှာပဲ အကျုံးဝင် မှန်ကန်နေတာလား။ အခြေခံဥပဒေ ကျမ်းဂန်တွေမှာပဲ အကျုံးဝင် မှန်ကန်နေတာလား ဆိုတာကို
မေးရပါမယ်။ ဒါမှမဟုတ် State Nation အိန္ဒိယနိုင်ငံဆိုတာက မတူညီတဲ့ဘာသာကို ကိုးကွယ်ဆည်းကပ်ကြတဲ့
အိန္ဒိယသားတွေ၊ မတူညီတဲ့ နယ်ပယ်ဒေသတွေကနေ လာတဲ့ အိန္ဒိယသားတွေ၊ မတူညီတဲ့ အသိုက်အဝန်းနဲ့
လူတန်းစား အအလွှာကနေလာတဲ့ အိန္ဒိယသားတွေကြားမှာရော ပျံ့နှံ့တည်ရှိနေလားဆိုတာ မေးရပါဦးမယ်။ ဒါပေမဲ့ World Values Survey က စစ်တမ်း ၄ ကြိမ်ကောက်ထားရာမှာ ၄ ခါစလုံး အိန္ဒိယကို ထည့်သွင်းထားတာကြောင့် အညတရ အိန္ဒိယသားတွေရဲ့ သဘောထားအမြင်တွေနဲ့ ပတ်သက်တဲ့မေးခွန်းကို ကျနော်တို့ စတင်ပြီးတော့ ဖြေနိုင်ပါပြီ။ ဒါ့အပြင် နိုင်ငံရေး သဘောထားအမြင်တွေ ခံယူချက်တွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့အကြီးဆုံး လူမှုသိပ္ပံစစ်တမ်းတွေကို ဒေလီမြို့မှာရှိတဲ့ အဖွဲ့ကြီးက ပုံမှန်ကောက်ယူထားတာ ရှိပါတယ်။
နောက်ဆုံးအကြိမ် ကောက်ယူထားတဲ့ ၂၀၀၉ ခုနှစ် National Election Study ထဲမှာတော့ နိုင်ငံအနှံ့ လူပေါင်း ၃၆၁၆၉ ယောက်ကို နမူနာယူ မေးမြန်းထားတာ ရှိပါတယ်။ အမျိုးအစားစုံလင်များပြားမှုရယ်၊ ဒီမိုကရေစီရယ်နဲ့ ပတ်သက်ပြီး ပြည်သူလူထုအမြင်မှာ ထင်ဟပ်နေတာအပေါ် အိန္ဒိယနိုင်ငံက ပေးလာတဲ့ သက်အထောက်အထားကို ကျနော်တို့ စာအုပ်ထဲမှာ အသေးစိတ် နှိုင်းယှဉ်လေ့လာ တင်ပြထားပါတယ်။ အောင်မြင်တဲ့ State Nation တခုမှာ ရှိမယ်လို့ မျှော်လင့်ထားနိုင်တဲ့ လက်တွေ့ကျတဲ့ ဂုဏ်အရည်အချင်း ၄ ခုကို အလေးပေး လေ့လာကြည့်ပါတယ်။
(၁) နိုင်ငံတော်အပေါ်မှာ အကောင်းမြင်ထောက်ခံခြင်းနဲ့ နိုင်ငံသားဖြစ်ရတာကို ဂုဏ်ယူတဲ့ အတိုင်းအတာ၊ (၂) အမျိုးအစား စုံလင်ကွြဲပားနေပေမဲ့ အချင်းချင်း အပြန်အလှန် ဖြည့်စွက်နေတဲ့ နိုင်ငံရေး အမှတ်လက္ခဏာတွေနဲ့ သစ္စာခံမှုတွေ၊ (၃) အခြေခံဥပဒေဆိုင်ရာ အစိတ်အပိုင်းတွေ၊ တရားဥပဒေကြောင်းဆိုင်ရာ အစိတ်အပိုင်းတွေနဲ့ အုပ်ချုပ်ရေးဆိုင်ရာ အစိတ်အပိုင်းတွေ အပေါ်မှာ အင်စတီကျူးရှင်းတွေလိုမျိုး သဘောထားပြီး ယုံကြည်မှုအတိုင်းအတာ၊ (၄) တိုင်းပြည်တဝှမ်းမှာ ရှိနေတဲ့ အမျိုးမျိုးအထွေထွေသော အုပ်စုတွေက ဒီမိုကရေစီ စနစ်အပေါ်မှာ အကောင်းမြင် ထောက်ခံမှု အတိုင်းအတာ၊ နိုင်ငံနဲ့တဝှမ်း ဖြန့်ကျက်လှုပ်ရှားနေတဲ့ ဒီမိုကရေစီ အင်စတီကျုးရှင်းတွေ အပေါ်မှာ အကောင်းမြင် ထောက်ခံမှုအတိုင်းအတာ ဆိုတဲ့ ၄ ခုပါ။
အိန္ဒိယနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုမှာ ပြဿနာတွေ ဆက်ပြီးရှိနေသေးတာကို မဆွေးနွေး မပြောဆိုဘဲ ချန်လှပ်ထားခဲ့တာ မျိုးကိုလည်း ကျနော်တို့ မလုပ်ပါ။ ပြဿနာတွေအကြောင်း အခုလိုမျိုး ပိုပြီးပြည့်ပြည့်စုံစုံ အလေးပေး ပြောဆိုနိုင်ပါတယ်။ အိန္ဒိယအမျိုးသမီးထုရဲ့ တဝက်လောက်က စာမတတ်ကြပါ။ ကလေးငယ်တွေ တဝက်လောက်ကလည်း ကိုယ်အလေးချိန် မပြည့်ကြပါ။ တရားဝင်သဘောတူ လက်ခံထားတဲ့ ဆင်းရဲမွဲတွေမှု မျဉ်းအောက်မှာ စုစုပေါင်းလူဦးရေရဲ့ ၄ ပုံ ၁ ပုံ ဒါမှမဟုတ် အဲဒီထက်ကျော်တဲ့ ပမာဏ (အဲဒီအထဲမှာ မူဆလင်တွေကတော့ ပိုများပါတယ်) လောက်က နေထိုင်နေကြပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ကက်ရှ်မီးယားပြည်နယ်နဲ့ နာဂလန်းပြည်နယ်တွေက မဖြေရှင်းနိုင်သေးတဲ့ ခွဲထွက်ရေး ပဋိပက္ခတွေကိုလည်း လေ့လာသုံးသပ်ကြည့်ပါတယ်။ ၂၀၀၂ ခုနှစ်တုန်းက ဂူဂျာရတ်ပြည်နယ် တဝှမ်းလုံးမှာ ဟိန္ဒူအမျိုးသားရေဝါဒီတွေ ကျူးလွန်ခဲ့တဲ့ လူသတ်ပွဲနဲ့ နက်ဆာလိုက် လှုပ်ရှားမှုကိုလည်း စဉ်းစားကြည့်ပါတယ်။ ဖံွ့ဖြိုးတိုးတက်မှုနဲ့ လူ့အခွင့်အရေး မျက်နှာစာမှာ မျက်နှာပျက်စရာတွေ မအောင်မြင်မှုတွေ ရှိပေမဲ့လည်း State Nation တခုအဖြစ် အောင်မြင်မှုကို နည်းလမ်း ၄ ခုနဲ့ တိုင်းတာရာမှာတော့ ထွက်ပေါ်လာတဲ့ သက်သေ အထောက်အထားတွေက တော်တော်လေး အထင်ကြီး လေးစားစရာကောင်းပါတယ်။ ဘာသာစကားတွေ၊ ကိုးကွယ်ရာဘာသာတွေ၊ ယဉ်ကျေးမှုတွေ ဘယ်လောက်ပဲ ကွာခြားများပြားပါစေ အိန္ဒိယသားတွေက တိုင်းပြည်ရဲ့ ဒီမိုကရေစီကို အကောင်းမြင်ထောက်ခံကြပြီး ဗဟိုအစိုးရကို ယုံကြည်ကိုးစားကြပါတယ်။
ဥပမာ၊ အိန္ဒိယသားတွေရဲ့ ဇာတိမာန်ကို တခြားသက်တမ်းရင့် ဖက်ဒရယ်ဒီမိုကရေစီ ၁၀ နိုင်ငံ (အာဂျင်တီးနား၊
သြစတေးလျ၊ သြစတီးယား၊ ဘရာဇီးလ်၊ ဘယ်လ်ဂျီယမ်၊ ကနေဒါ၊ ဂျာမနီ၊ စပိန်၊ ဆွစ်ဇာလန်၊ အမေရိကန်ပြည်ထောင်စု) က နိုင်ငံသားတွေရဲ့ ခံယူချက်သဘောထားတွေနဲ့ နှိုင်းယှဉ်ကြည့ြ်ကရအောင်ပါ။ အဲဒီနိုင်ငံတွေက နိုင်ငံသားတွေအနေနဲ့
နိုင်ငံသားဖြစ်ရတာကို ဂုဏ်ယူဝင့်ကြွားမှု (၁) အကြီးအကျယ်ရှိ၊ (၂) အတော်အသင့်ရှိ၊ (၃) နည်းနည်းပါးပါးရှိ၊ (၄) လုံးဝမရှိ ဆိုတဲ့ အဆင့်အတန်းတွေ ခွြဲခားပြီး World Values Survey အဖဲ့ွကြီးက မေးခွန်းတွေ ပုံမှန်မေးခဲ့ပါတယ်။ ၆၇ ရာခိုင်နှုန်းသော အိန္ဒိယသားတွေက နိုင်ငံသားဖြစ်ရတာကို ဂုဏ်ယူဝင့်ကြွားမှု အကြီးအကျယ်ရှိတယ်ဆိုပြီး ဖြေခဲ့ပါတယ်။
အိန္ဒိယသားတွေထက် နည်းနည်း ကျော်လွန်တာဆိုလို့ အမေရိကန်နိုင်ငံသားတွေက ၇၁ ရာခိုင်နှုန်းနဲ့ သြစတေးလျ နိုင်ငံသားတွေက ၇၀ ရာခိုင်နှုန်းပဲ ရှိပါတယ်။
State Nation နိုင်ငံတစ်ခု ဘယ်လောက်အောင်မြင်တယ်၊ မအောင်မြင်ဘူး ဆိုတာကို တိုင်းတာတဲ့ နောက်ထပ် အရေးကြီးညွှန်းကိန်း တခုကတော့ နိုင်ငံသားတွေက သေးငယ်တဲ့ တိုင်းရင်းသားလူမျိုးအုပ်စု၊ ဘာသာစကားအုပ်စု ယဉ်ကျေးမှုအုပ်စုတွေမှာ ပါဝင်ပြီး အဲဒီအုပ်စုတွေကို ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် ထောက်ခံနေပါစေ သူတို့က ဗဟိုအစိုးရအပေါ်မှာ ယုံကြည်နေဆဲ ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ အဲဒီလို တိုင်းတာတဲ့အခါ ဗဟိုအစိုးရအပေါ် ယုံကြည်တဲ့ အတိုင်းအတာမှာ အိန္ဒိယသားတွေ ၄၈ ရာခိုင်နှုန်းထက် ပိုများတာဆိုလို့ ဆွစ်ဇာလန်သားတွေ ၅၀ ရာခိုင်နှုန်းပဲ ရှိပါတယ်။ နိုင်ငံတခုအတွင်းမှာရှိတဲ့ နိုင်ငံသားတွေက တရားဥပဒေ စနစ်တခုလုံးအပေါ်မှာ ယုံကြည်ကိုးစားမှု ရှိဖို့ဆိုတာက တိုင်းရင်းသားလူမျိုးစုံ၊ ဘာသာစကားစုံ၊ ယဉ်ကျေးမှုပေါင်းစုံ လူ့အဖွဲ့အစည်းတွေမှာ အရေးကြီးပါတယ်။ တရားဥပဒေစနစ် တခုလုံးအပေါ်မှာ နိုင်ငံသားတွေက ဘယ်လောက် ယုံကြည်မှုရှိ၊ မရှိဆိုတာကို နိုင်ငံပေါင်း ၁၁ ခုမှာ တိုင်းတာကြည့်လိုက်တဲ့အခါ အများဆုံးဖြစ်နေတဲ့ နိုင်ငံ ၃ ခုကတော့ အိန္ဒိယ (၆၇ %)၊ ဆွစ်ဇာလန် (၆၅ %)နဲ့ သြစတီးယား (၅၈ %) တို့ပဲ ဖြစ်ပါတယ်။
မေးခွန်းအနည်းငယ်
ဒီမိုကရေစီနဲ့ ပတ်သက်ရင် အစဉ်အဆက်မေးခဲ့၊ မကြာခဏလည်း မေးနေတာဖြစ်တဲ့ မေးခွန်းတစုံရှိပါတယ်။
မေးခွန်းဖြေသူတွေ အနေနဲ့ အောက်ပါ ဖော်ပြချက် ၃ ခုထဲမှာ ဘယ်အကြောင်းအရာက သူတို့သဘောထားအမြင်နဲ့
အနီးစပ်ဆုံးဖြစ်နေလဲဆိုတာ မေးပါတယ်။
(၁) တခြားဘယ်လို အစိုးရအုပ်ချုပ်ရေး စနစ်တွေနဲ့မဆို နှိုင်းယှဉ်လိုက်ရင် ဒီမိုကရေစီက ပိုပြီး ခုံမင်နှစ်သက်ဖွယ် ကောင်းတယ်၊ (၂) တချို့အခြေအနေ အနေအထားတွေမှာ ဆိုရင်တော့ ဒီမိုကရေစီထက် အာဏာရှင်စနစ်က ပိုပြီး ခုံမင်နှစ်သက်ဖွယ် ကောင်းတယ်၊ (၃) ကျနော်တို့အတွက် ဆိုရင်တော့ ဒီမိုကရေစီ အစိုးရပဲဖြစ်ဖြစ် ဒီမိုကရေစီ မဟုတ်တဲ့ အစိုးရပဲဖြစ်ဖြစ် ဘယ်သူ အုပ်ချုပ်အုပ်ချုပ် အရေးမကြီးပါ။ ဒုတိယနဲ့ တတိယ အဆိုပြုချက်တွေကို မေးခွန်းဖြေသူက ရွေးချယ်တယ်ဆိုရင်တော့ အာဏာရှင်စနစ်ကိုလက်ခံတဲ့ အဖြေဖြစ်တယ်ဆိုတာ ရှင်းနေပါတယ်။ အာဏာရှင်နစ်ကို တနည်းတဖုံ လက်ခံပါတယ်ဆိုတဲ့ အဖြေပေးသူတွေက အိန္ဒိယမှာတော့ ၁၂ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒီမိုကရေစီပညာရပ်နဲ့ ပတ်သက်ပြီး ပြောကြရင် ထင်ထင်ရှားရှား ပါလာတဲ့ နိုင်ငံ ၅ နိုင်ငံဖြစ်တဲ့ ဘရာဇီးမှာ ၄၇ ရာခိုင်နှုန်း၊ ချီလီမှာ ၄၆ ရာခိုင်နှုန်း၊ တောင်ကိုရီးယားမှာ ၃၈ ရာခိုင်နှုန်း၊ ဥရုဂွေးမှာ ၁၈ ရာခိုင်နှုန်းနဲ့ စပိန်နိုင်ငံမှာတော့ ၁၇ နှုန်း ရှိကြပါတယ်။ အဲဒီ်နိုင်ငံတွေနဲ့ နှိုင်းယှဉ်လိုက်ရင် အိန္ဒိယ ကိန်းဂဏန်းတွေက အများကြီး လျော့နည်းတယ်ဆိုတာ သိနိုင်ပါတယ်။
အစ္စလာမ်ဘာသာဝင်ပေါင်း ၃၀၀၀ ကျော်ကို မေးမြန်းပြီး ကောက်ယူထားတဲ့ ၂၀၀၄ခုနှစ် National Election Study လေ့လာမှုဆိုတာ ရှိပါတယ်။ အာဏာရှင်စနစ်ကို တနည်းတဖုံ လက်ခံတယ်ဆိုတဲ့ အဖြေကိုပေးရာမှာ မွတ်စလင်တွေနဲ့ ဟိန္ဒူဘာသာ ကိုးကွယ်သူတွေ ဘယ်လောက် ကွာခြားတယ်ဆိုတာ အဲဒီလေ့လာမှုကိုကြည့်ပြီး တွက်ချက်ပြနိုင်ပါတယ်။ တခြားဘယ်လို အစိုးရအုပ်ချုပ်ရေး စနစ်တွေနဲ့မဆို နှိုင်းယှဉ်လိုက်ရင် ဒီမိုကရေစီက ပိုပြီး ခုံမင်နှစ်သက်ဖွယ်ကောင်းတယ် ဆိုတဲ့ နံပါတ် ၁ အဆိုပြုချက်ကို ရွေးချယ်ပေးတဲ့နေရာမှာ အိန္ဒိယနိုင်ငံသား မွတ်စလင်တွေက ၈၇ ရာခိုင်နှုန်းရှိပြီး ဟိန္ဒူတွေက ၈၈ ရာခိုင်နှုန်းစီ အသီးသီးရှိကြတာကြောင့် ကွာခြားမှု မရှိသလောက်ပါပဲလို့ ပြောနိုင်ပါတယ်။
ဟိန္ဒူတွေကြားမှာရော မွတ်စလင်တွေကြားမှာရော ဘာသာတရား အပေါ်ထားတဲ့ သဘောထားတွေ ပြင်းထန် လာနေတာကြောင့် အိန္ဒိယ ဒီမိုကရေစီအတွက် စိန်ခေါ်မှုအသစ်တွေကို ဖန်တီးပေးလာလိမ့်မယ်လို့ နိုင်ငံရေး လေ့လာသုံးသပ် သူတွေက စိုးရိမ်နေခဲ့ကြပါတယ်။ ဘာသာရေး ရိုသေကိုင်းရှိုင်းမှု နည်း-လယ်လတ်-များ ဆိုတဲ့ အညွှန်းကိန်းကို ဖန်တီးပြီး ကျနော်တို့ အဲဒီစိုးရိမ်မှုကို လေ့လာဆန်းစစ်ခဲ့ပါတယ်။ အဲဒီနောက် ဒီမိုကရေစီအပေါ် ထောက်ခံမှု အညွှန်းကိန်းနဲ့ ထပ်ပြီး နှိုင်းယှဉ်လေ့လာကြည့်ပါတယ်။ ဟိန္ဒူဖြစ်စေ မွတ်စလင်ဖြစ်စေ အိန္ဒိယသားတွေက
ဘာသာတရား ရိုသေကိုင်းရှိုင်းမှု ပိုပြီးနက်ရှိုင်းပြင်းထန်လာလေ ဒီမိုကရေစီအပေါ် အတိအလင်းထောက်ခံမှုက ပိုပြီး ခိုင်မာအားကောင်းလေ ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ ဒါကြောင့်ဘာသာရေး ယုံကြည်ကိုးကွယ်မှု ပြင်းထန်လာတာက
အိန္ဒိယ ဒီမိုကရေစီအပေါ် အန္တရယ်ပြုခြိမ်းခြောက်တာတွေ ရှိလာတယ်ဆိုတဲ့ ယူဆချက်အပေါ် ပြတ်ပြတ်သားသား
ချေဖျက်လိုက်ရုံတင် မဟုတ်ဘဲ ဘာသာရေးဆိုတဲ့ ဒီနေ့ခေတ်မှာ အငြင်းအခုံဖြစ်မှုအများဆုံးနယ်ပယ်မှာတောင်
အိန္ဒိယ State Nation က သူ့ကိုယ်သူ ထိန်းထားနိုင်တယ် ဆိုတာကိုလည်း သွယ်ဝိုက်ပြောနေပါတယ်။
လေ့လာစစ်တမ်းတွေနဲ့ သဘောထားအမြင်တွေအကြောင်းကို ပြောရာကနေ ပေါ်လစီတွေနဲ့ ရလဒ်တွေအကြာင်းကို
ပြောင်းပြီး ပြောရအောင်ပါ။ အိန္ဒိယနိုင်ငံက State nation ပေါ်လစီတွေချမှတ်ပြီး တောင်းပိုင်း တမီလ်လူမျိုးတွေကို
နိုင်ငံတော်ထဲမှာ ပါဝင်အောင် ပေါင်းစည်းနေချိန်ပါတယ်။ ဒါပေမဲ့ သီရိလင်္ကာကတော့ သူ့ရဲ့ အရှေ့မြောက်ဘက်ဒေသက
တမီလ်လူမျိုးတွေ အပေါ်မှာ Nation State ပေါ်လစီတွေ ချမှတ်လုပ်ဆောင်နေပါတယ်။ တိုင်းပြည် ပြိုကွဲတော့မှာကို
အနီးနားကျမှကပ်ပြီး ရှောင်လွှဲနိုင်လိုက်တာ ဖြစ်သလို လူပေါင်း ၁ သိန်းလောက် သေကျေပျက်စီးပြီးမှပဲ ပြည်တွင်းစစ်ကို
အဆုံးသတ်နိုင်လိုက်ပါတယ်။ အဲဒီလို ကွာခြားမှုတွေ ရှိနေတဲ့ အိန္ဒိယနဲ့ သီရိလင်္ကာတို့ကို တိတိကျကျ နှိုင်းယှဉ်ကြည့်ရအောင်ပါ။
ဆက်လက်ဖော်ပြပါမည်။
(အဲလ်ဖရက်စတီဖင် (Alfred Stepan) သည် ကိုလံဘီယာ တက္ကသိုလ်မှ Wallace Sayre Professor of Government ဖြစ်သည်။ ဟွမ်လင့်ဇ် (Juan J. Linz) သည် ယေးလ် တက္ကသိုလ်မှ Sterling Professor Emeritus of Political and Social Science ဖြစ်သည်။ ယိုဂင်ဒရာ ယာဒက်ဗ် (Yogendra Yadav) သည် ဒေလီမြို့ရှိ Centre for the Study of Developing Societies တွင် အကြီးတန်း အရာရှိ ဖြစ်သည်။ ၎င်းတို့စာအုပ် Crafting State-Nations: India and Other Multinational Democracies အပေါ် အခြေခံပြီး ယခု စာတမ်းကို ရေးသားခြင်း ဖြစ်သည်။ ယင်းစာတမ်းကို Educational Initiatives (ပညာရှေ့ဆောင်) Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ရယူပြီး မြန်မာဘာသာပြန်ဆိုသည်။ Educational Initiatives အဖွဲ့ (www.eduinitiatives.org) သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)