ဇောတိက ကုမ္ပဏီ၌ ဘွဲ့ နှင့် အောင်စာရင်း လက်မှတ်မူရင်း သိမ်းယူမှု ပြဿနာ ဖြစ်ပွား
This article has been converted from Zawgyi One to Unicode
သင်္ကန်းများ အဓိက ထုတ်လုပ်ရောင်းချသည့် ဇောတိက အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီ လီမီတက်တွင် လုပ်ကိုင်ခဲ့သည့် ဝန်ထမ်း ၅၀၀ ခန့်၏ ဘွဲ့ လက်မှတ်နှင့် အောင်စာရင်း လက်မှတ် မူရင်းများကို ပြန်ပေးခြင်း မရှိဘဲ သိမ်းယူထားပြီး ငွေပေး၍ ပြန်လည် ထုတ် ယူခိုင်းမှု ပြုလုပ်၍ မကျေနပ်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။
ဇောတိက ကုမ္ပဏီ ဝန်ထမ်းဟောင်း တဦးဖြစ်သူ ဒေါ်ခင်သန္တာနီက “ကျမဘွဲ့လက်မှတ် ပြန်ယူဖို့ ဦးခင်လှိုင်နဲ့ သွားတွေ့တော့ သူက နင်တို့လိုမျိုး သိမ်းထားတဲ့ ဘွဲ့လက်မှတ် ၅၀၀ ကျော်လောက် ရှိတယ်ဆိုပြီး ဘီရိုကိုလက်ညှိုးထိုးပြပြီး ပြောတယ်။ ပြီးတော့ နင်တို့ရဲ့ လုပ်အားကိုပဲ လိုချင်တယ်။ လူမှုရေးကိစ္စတွေ လာမပြောနဲ့ ဆိုပြီး ကျမကို ပြောတယ်”ဟု ပြောဆိုသည်။
ဦးခင်လှိုင် ဆိုသူမှာ ဇောတိက အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီ လီမီတက်ကို တည်ထောင်သူ ဖြစ်ကြောင်း သိရသည်။
ဒေါ်ခင်သန္တာနီက ဇောတိက အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက်က ဖွင့်လှစ်ထားသည့် Myanmar Big Shop Super Mart တွင် ယာယီအငယ်တန်း မန်နေဂျာ ရာထူးဖြင့် လုပ်ကိုင်ခဲ့ကြောင်း ဖခင်ဖြစ်သူ မကျန်းမာသဖြင့် ခွင့်ယူပြီး ပြုစုရန်အတွက် ခွင့်တိုင်ကြား ရာတွင် ခွင့်ရက်မရသဖြင့် အလုပ်ထွက်ခဲ့ရကြောင်း ပြောပြသည်။
အလုပ်ထွက်စာ တင်ခဲ့ပြီး အလုပ် စတင်ဝင်ရောက်စဉ်က ပေးအပ်ခဲ့ရသည့် ဘွဲ့လက်မှတ်(မူရင်း)အား ပြန်လည် တောင်းခံသော် လည်း ဘွဲ့လက်မှတ် အာမခံကြေး အဖြစ် ငွေကျပ် တသိန်းခွဲ ပေးမှသာ ပြန်လည် ပေးအပ်မည်ဟု ပြောဆိုကြောင်း၊ ဘွဲ့ လက်မှတ် နှင့် အောင်စာရင်းလက်မှတ် အသိမ်းခံရပြီး ပြန်မပေးရသေးသူ ၅၀၀ ကျော်ရှိကြောင်း ကုမ္ပဏီပိုင်ရှင် ဦးခင်လှိုင်က ပြောသည်ဟု လည်း ဒေါ်ခင်သန္တာနီက ဇွန်လ ၁၉ ရက်က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြန်လည် ပြောပြခြင်း ဖြစ်သည်။
အလားတူ Myanmar Big Shop Super Mart တွင် စာရင်းကိုင်ရာထူးဖြင့် တလအစမ်းခန့် လစာမဲ့ဖြင့် လုပ်ကိုင်ခဲ့သူ မဆုမြတ်နိုးကလည်း“ကျမနဲ့ အလုပ်အတူ ထွက်ခဲ့တာ ဝန်ထမ်း ၂၈ ဦးလောက် ရှိတယ်။ ကျမတို့ထက်စောပြီး အလုပ်ထွက်တဲ့ သူတွေလည်း ရှိတယ်။ ထွက်တိုင်းလဲ ဒီလို ပြဿနာတွေက ဖြစ်နေတယ်လို့ ကြားတယ်။ အလုပ်သမား အများစုက နယ်ကလာလုပ်ကြတာ များတယ်။ သူတို့တွေက ပြန်ဖို့ လမ်းစရိတ်တောင် မနည်း စုနေကြရတာ။ ဒီလိုမျိုး ဘွဲ့လက်မှတ်တွေကို ငွေပေးပြီး ပြန်ရွေးရမယ်ဆို တော့ မထုတ်ဖြစ်ကြတော့ဘူး”ဟု ပြောဆိုသည်။
ယင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး အလုပ်သမားများက သက်ဆိုင်ရာ အလုပ်သမား ဝန်ကြီးဌာနရုံးများသို့ တိုင်တန်းမှု ပြုလုပ် ထား သော်လည်း ထိရောက်သည့် ကိုင်တွယ် ဖြေရှင်းမှုများ ဆောင်ရွက်ပေးခြင်း မရှိခြင်းကြောင့် ဥပဒေကြောင်းအရ တရားစွဲဆိုမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြောဆိုကြသည်။
ဇောတိက ကုမ္ပဏီမှ အလုပ်ထွက်ခဲ့သူ တဦး ဖြစ်သည့် မအိက“အလုပ်ထွက်ခဲ့တာ ၈ လလောက်ရှိပြီ၊ ဘွဲ့လက်မှတ် သိမ်းထား တယ်။ ထုတ်ချင်ရင် လစာရဲ့ ၂ ဆ ပေးမှ ထုတ်ပေးမယ်လို့ ပြောတယ်။ အဲဒီ အချိန်က ကျမက လစာ ကျပ် ၈ သောင်း ရတယ်။ တသိန်း ခြောက်သောင်းလောက် ပေးရမယ့် သဘောပါ။ အဲ့ဒါနဲ့ သွားမထုတ် ဖြစ်တော့ဘူး။ အလုပ်ရှုပ်မှာစိုးလို့ ဟိုတိုင် ဒီတိုင်လည်း မလုပ်တော့ဘူး။ လက်မှတ်ကို အခုအချိန်ထိ ဇောတိကမှာပဲ ထားလိုက်တော့တယ်”ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ ပြဿနာအား ကူညီ ဖြေရှင်းပေးနေသည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အလုပ်သမားရေးရာ တာဝန်ခံ မသက်သက်အောင်က “ဇောတိက ကုမ္ပဏီ ပိုင်ရှင်နဲ့ သွားတွေ့တော့ သူကလည်း ဥပဒေဘောင် အတွင်းကပဲ လုပ်တာပါလို့ ပြောတယ်။ ကျမတို့ကလည်း အမှန်တရား ဖြစ်ပေါ်စေဖို့ ဥပဒေဘောင် အတွင်းကနေ အလုပ်သမားတွေရဲ့ နစ်နာမှုတွေကို ဆက်လက် ဆောင်ရွက်ပေးမှာပါ”ဟု ဧရာဝတီကို ပြောသည်။
ဇောတိက အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီပိုင် Myanmar Big Shop Mart ၏ အုပ်ချုပ်ရေးမှူး အဖွဲ့ဝင် တဦးဖြစ်သူ ဒေါ်သန်းသန်းညွှန့်က “ပိုက်ဆံ တသိန်းခွဲပေးမှ ဘွဲ့လက်မှတ် ပြန်ပေးတယ် ဆိုတာကို တချို့တလေက နားလည်မှုတွေ လွဲနေတာပါ။ တဦးနဲ့ တဦး နားလည်မှု လွဲနေလို့ ဒီလို ဖြစ်တယ်လို့ ထင်တယ်။ ကုမ္ပဏီက ကြီးတော့ ဝန်ထမ်း အများစုနဲ့ လုပ်ကိုင်နေရတဲ့အတွက် စည်းကမ်းပိုင်း ဆိုင်ရာလေးတွေနဲ့ ထိန်းချုပ်ထားမှုတွေ ရှိပါတယ်”ဟု ဧရာဝတီကို ပြောသည်။
ဇောတိက အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီ လီမိတက် အောက်တွင် ဇောတိက သင်္ကန်းတိုက်၊ Myanmar Big Shop Super Mart ၊ Tab Book Store ၊ T bit Solution စသည့် ကုမ္ပဏီများကို ဖွင့်လှစ်ထားသည်ဟု သိရသည်။