မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့ ညောင်ဝန်းကျေးရွာရှိ စစ်တပ်ကသိမ်းယူထားသော လယ်ဧက ၃၀၀၀ ကျော် ပြန်လည် ရရှိ သည် အထိ ထွန်တုံးတိုက်ပွဲ ဆက်လက် ပြုလုပ်၍ လယ်ယာများ စိုက်ပျိုးသွားမည် ဖြစ်ကြောင်း ဒေသခံများက ဧရာဝတီကို ပြောသည်။
ထွန်တုံးတိုက်ပွဲကို ဒေသခံ လယ်သမားများက ဇွန် ၆ ရက် မှစတင်ပြုလုပ်ပြီး ဇွန် ၁၈ တွင် လယ်ဧက ၇၀၀ ကျော်ကို တောင်သူများက ပြန်လည် ရယူခဲ့ပြီး ယင်းလယ်များတွင် ပျိုးပင်များ စတင် စိုက်ပျိုးလျက် ရှိသည်ဟု ဒေသခံ တောင်သူများက ဆိုသည်။
“ကျနော်တို့ ထွန်တုံး တိုက်ပွဲ လုပ်ခဲ့တာ ဒီနေ့ဆိုရင် ၁၄ ရက်မြောက် သွားပါပြီ။ ဒီ ၁၄ ရက်တာ ကာလမှာ လယ်ဧက ၇၀၀ ကျော်ကို ပြန်လည် စိုက်ပျိူးတယ်။ သက်ဆိုင်ရာက ဖြေရှင်းပေးမှု မရှိဘူး ဆိုရင် သိမ်းထားတဲ့ လယ်ဧက ၃၀၀၀ ကျော်ထဲက စိုက်လို့ရတဲ့ နေရာတွေမှာ ဆက်စိုက်ပျိုးသွားမှာပါ”ဟု ဒေသခံ တောင်သူတဦး ဖြစ်သည့် ဦးစိန်ဌေးက ဧရာဝတီကို ပြောသည်။
အဆိုပါ လယ်မြေဧက ၃၀၆၂ ဒသမ ၄၃ ကို ၁၉၇၃ ခုနှစ် ဝန်းကျင်က စဉ့်ကူးမြို့ အခြေစိုက် ထောက်ပို့တပ် အမှတ် ၁၂၁ တပ်မှ သိမ်းယူထားခြင်းဖြစ်ပြီး ၁၉၉၅ ခုနှစ်တွင် ဂရိတ်ဝေါလ် ကုမ္ပဏီသို့ ကြံစိုက်ပျိုးရန် အငှားစနစ်ဖြင့် ပေးခဲ့သည့် မြေများ ဖြစ်ကြောင်း သိရသည်။
ဂရိတ်ဝေါလ် ကုမ္ပဏီက တချို့နေရာများတွင် ကြံစိုက်ပျိုးခြင်း မရှိသဖြင့် နှစ်ကြာလာသော အခါ လယ်မြေများမှာ အရိုင်းမြေကဲ့သို့ ဖြစ် လာသဖြင့် လုပ်ကိုင်ခွင့် ပြန်ရရန် တောင်းဆိုခြင်း ဖြစ်သည်ဟု ဆိုသည်။
ယင်းမြေများကို လုပ်ကိုင်ခွင့် ရထားသည့် ဂရိတ်ဝေါလ် ကုမ္ပဏီသို့ ထွန်တုံးတိုက်ပွဲ ဝင်ရောက် ဆင်နွှဲမှုနှင့် ပတ်သက်ပြီး ဆက်သွယ် မေးမြန်းရာတွင် ၎င်းတို့က ယင်းသတင်းကို ကြားမိသော်လည်း အသေးစိတ် အချက်အလက်များ မရရှိသေးသည့် အတွက် မည်သို့ ဆက်လုပ်မည်ကို မပြောနိုင်သေးကြောင်း ဂရိတ်ဝေါ ကုမ္ပဏီပိုင်ရှင်၏ အကြံပေးဖြစ်သူ ဦးအေးကျော်က ဧရာဝတီကို ပြောသည်။
ထွန်တုံးတိုက်ပွဲကို ဒေသခံလယ်သမားများက နွားအရှဉ်း ၇၀ ဖြင့် မြေထွန်ခြင်း၊ ပျိုးကြဲခြင်းများ လုပ်ဆောင်နေပြီး ထပ်မံ၍လယ်မြေ များ တိုးချဲ့လုပ်ကိုင်မည်ဟု ဆိုသည်။
ဒေသခံ တောင်သူတဦးဖြစ်သည့် ဦးခင်မောင်ဌေးက“ထွန်တုံးတိုက်ပွဲ လုပ်တာ ၁၄ ရက်တော့ ရှိပြီ။ ရဲတွေတော့ လာတယ်။ မှတ် တမ်း တင်တာကလွဲလို့ ဘာမှတော့ မလုပ်ဘူး။ ဥပဒေဘောင် အတွင်းကနေ လုပ်ဖို့ပဲ ပြောပါတယ်။ ကျနော်တို့ကလည်း ဥပဒေ ဘောင် အတွင်းကနေ သက်ဆိုင်ရာကို အကြိမ်ကြိမ်တင်ပြတာတွေ လုပ်ပေမယ့် ထူးခြားမှု မရှိတဲ့အတွက် ဒီလို လုပ်ရတာပါ”ဟု ပြော သည်။
ဒေသခံ တောင်သူများသည်၂၀၁၂ ခုနှစ်မှ စတင်၍ နိုင်ငံတော် သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ လွှတ်တော်နှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများသို့ စာဖြင့် အကြိမ်ကြိမ် တင်ပြခဲ့သည်ဟု ပြောသည်။
၁၄ ရက်ကြာ ကာလအတွင်း တောင်သူများ ပြန်လည် ရယူထားသည့် လယ်ဧက ၇၀၀ ကျော်တွင် စပါးပျိုးပင်များ ကြဲခြင်း၊ ပဲစင်းငုံ၊ ပြောင်း၊ ကြက်ဆူ စသည့် ပျိုးပင်များကို စိုက်ပျိုးထားပြီး အပင်ပေါက်များ ထွက်လာသည့် အခြေအနေ ရှိနေကြောင်း ဒေသခံ တောင်သူ တဦးဖြစ်သည့် ဦးမြင့်ကြည်က ဆိုသည်။