Culture

ဟန်လင်း၊ သရေခေတ္တရာ၊ ဗိဿနိုး ပျူရှေးဟောင်းသုံးမြို့ ကမ္ဘာအမွေ အနှစ်စာရင်းဝင် ဖြစ်ပြီ

This article has been converted from Zawgyi One to Unicode

ဟန်လင်း၊ သရေခေတ္တရာ၊ ဗိဿနိုး စတဲ့ မြန်မာတို့ရဲ့ ရှေးဟောင်းမြို့သုံးမြို့ကို World Heritage List ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ်  ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)ရဲ့ အသိအမှတ်ပြုခံလိုက်ရပြီ ဖြစ်ပါတယ်

ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပတဲ့ ဖွဲ့ဝင် နိုင်ငံ၂၁ နိုင်ငံ ပါဝင်တဲ့ ကမ္ဘာ့အမွေအနှစ် ကော် မတီရဲ့ “၃၈” ကြိမ်မြောက် အစည်းအဝေးမှာ ဒီကနေ့ပဲ မဲခွဲ ဆုံးဖြတ်တာပါ။

ဒီ ပျူမြို့သုံးမြို့ ကမ္ဘာ့ အမွေအနှစ်စာရင်းကို ဝင်ရေးကို ယူနက်စကိုက ထောက်ခံပေမယ့်၊ အခရာကျတဲ့ ယူနက်စကို အကြံပေးအဖွဲ့ International Council on Monuments and Sites (ICOMOS)ကတော့ မထောက်ခံပဲ၊ နောက် ၂ နှစ်ပြင်ဆင်ပြီးမှသာ ထပ်မံတင်ပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါကြောင့်လည်း မြန်မာယဉ်ကျေးမှု အဖွဲ့အနေနဲ့ ပျူသုံးမြို့ အရေးဟာ ကမ္ဘာ့အမွေအနှစ်ကော်မတီဝင် ၂၁ နိုင်ငံ ရဲ့ ထောက်ခံချက်အပေါ်မှာသာ မူတည်နေပါတယ်။

ဒီကနေ့ မဲခွဲဆုံးဖြတ်ရာမှာ မလေးရှား၊ ဖိလစ်ပိုင်၊ ဂျပန်၊ အိန္ဒိယ၊ ဗီယက်နမ်၊ ခရိုအေးရှား၊ အယ်ဂျီးရီးယား၊ တောင်ကိုရီး ယား၊  ကာဇက်စတန်၊ ကာတာနိုင်ငံများက ကထောက်ခံပြီး၊ ဂျာမနီ၊ ကိုလံဘီယာ၊ တူရကီ၊ ဆာဗီးယား နိုင်ငံများက မထောက်ခံခဲပေ၊ ဆီနီဂေါနိုင်ငံကမူ ကြားနေခဲ့သည်။

ဟန်လင်း၊ ဗိဿနိုးနဲ့ သရေခေတ္တရာ ပျူသုံးမြို့ အချိန်တိုအတွင်းမှာ လူအင်အား၊ ငွေအင်အားနဲနဲနဲ့ ကမ္ဘာအမွေ အနှစ် စာရင်းဝင် ဖြစ်လာအောင် လုပ် ဆောင်ခဲ့တဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနရဲ့ဒုဝန်ကြီး ဒေါ်စန္ဒာခင်နဲ့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန လုပ်ဆောင်ချက်တွေ ကို အသိအမှတ်ပြုရမှာပါ။

ဒီမြို့ဟောင်း သုံးမြို့ဟာ ဗုဒ္ဓဘာသာကို အခြေခံ၍ တည်ထောင်သည့် မြို့ပြနိုင်ငံများဖြစ်တဲ့အလျှောက် ပျူခေတ်စေတီကြီး များ၊ ဗိသုကာလက်ရာမြောက် ဂူဘုရားများ ဂူဘုရားများ၊ တံဆိပ်များ၊ အရိုးအိုးစာ၊ ရွှေပေလွှာများ၊ ကျောက်စာများ၊ အေဒီ (၂)ရာစုမှ အေဒီ (၉)ရာစုခန့်ထိတွေ့ရှိရသောကျောက်ဆစ်လက်ရာများ၊ ဗြဟ္မဏဘာသာရေးဆိုင်ရာကို ကိုယ်စားပြုရုပ်ထု၊ ဗုဒဘာသာဆိုင်ရာ ကျောက်ဆစ်ရုပ်ကြွများ၊ အနုသုခုမဆိုင်ရာကြေးရုပ်ငယ်များ၊ ငွေဒင်္ဂါးများ၊ စာအရေး အသားနှင့် လက်ရေးစင်းရာပါ အုပ်ချပ်များ၊ တွေ့ရှိရပါတယ်။

ဒါအပြင် မြို့တည်နေပုံ၊ မြို့ရိုးတံတိုင်း၊ ကျုံး၊ မြို့ အဝင်တံခါးပေါက်၊ ရေအသုံးချစနစ်၊ ရေသွင်းစနစ်တွေဟာ အရှေ့တောင်အာရှဒေသဆိုင်ရာ အတွက်အရေးပါသော ပြောင်းလဲမှုအဖြစ် ဗုဒ္ဓယဉ်ကျေးမှုကို အခြေပြုသည့် မြို့ပြဆိုင်ရာတွေ့ရှိချက်များဖြစ်ပါတယ်။

ဗိဿနိုး မြို့ဟောင်းကတော့ ဒဏ္ဍာရီဆန်ပြီး၊ မြို့ဟောင်းကို ရှေးဟောင်းသုတေ သနဦးစီးဌာနက ၁၉၅၈ခုနှစ်မှ ယနေ့တိုင် တူးဖော်သုတေသနပြုခဲ့ရာ မြို့ရိုးနဲ့ လူနေအဆောက်အအုံ အကြွင်းအကျန်တွေ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ အရိုးအိုးများ၊ ဒင်္ဂါးများ၊ ဘုရား ဆင်းတုတော်များ၊ မြေအိုးမြေခွက်များ၊ သံထည်များ၊ ပုတီးစေ့များ၊ အဆောက်အအုံအတွင်းပိုင်းတွင် ပန်းချီများ၊ ရွှေပုတီးစေ့များ တူးဖော်ရတဲ့အတွက်  ပျူခေတ်မှ ပျူလူမျိုးများ၏ ယဉ်ကျေးမှု အဆင့်အတန်းနှင့် အနုပညာလက်ရာ တီထွင်ဖန်တီးမှု သိနိုင်ပါတယ်။

ခေတ်ပြိုင်ထွန်းကားခဲ့သည်ဟု ဆိုနိုင်သော ယင်းမြို့ပြနိုင်ငံကြီး ၃ မြို့တွင် မကွေးတိုင်း တောင်တွင်းကြီးမြို့အနီးရှိ ဗိဿနိုးမြို့ဟောင်းသည် ရှေးအကျဆုံးဖြစ်ပြီး ခရစ်နှစ် ၁ ရာစုမှ ၅ ရာစုခန့်အထိ ထွန်းကားခဲ့ကြောင်း၊ ဟန်လင်းမြို့မှာ ခရစ်နှစ် ၃ ရာစုခန့်မှ ၉ ရာစုခန့်အထိ ထွန်းကားခဲ့ပြီး  ပြည်မြို့အနီးရှိ သရေခေတ္တရာမြို့မှာ ၃ ရာစုခန့်မှ ၁၀ ရာစုခန့်အထိ ထွန်းကားခဲ့ကြောင်း ရှေးဟောင်းသမိုင်း သုတေသီများက ခန့်မှန်းကြသည်။

မြို့ပြနိုင်ငံများ ဖြစ်သည့်အလျောက် အိန္ဒိယတိုက်ငယ်နှင့် ကူးလူးဆက်ဆံမှုများ ရှိခဲ့ရာ ဘာသာရေးနှင့် အက္ခရာ အရေးသားများကို ရရှိခဲ့ပြီး တူညီသည့် အချက်များမှာ ဗိသုကာပညာ၊ အိုးခွက်ယောက်၊ ပုတီးလည်ဆွဲနှင့် ဒင်္ဂါးဝိုင်း၊ သံထည်ပစ္စည်း ပြုလုပ်မှု အတတ်ပညာ၊ သေဆုံးလျှင် အရိုးအိုး မြုပ်နှံသည့် ဓလေ့တို့တွင် တူညီကြောင်း သိရသည်။

ပျူယဉ်ကျေးမှုမှာ သရေခေတ္တရာ၌ အထွန်းကားဆုံးဟု ဆိုနိုင်ပြီး မြို့ရိုးနှင့် မြို့ပြ အကျယ်ပြန့်ဆုံးဖြစ်ကြောင်း၊ အိန္ဒိယနှင့်လည်း ကူးလူး ဆက်ဆံမှု များပြားခဲ့သည့်အတွက် ဗုဒ္ဓအယူဝါဒအပြင် ဟိန္ဒူဘာသာရေးနှင့် ယဉ်ကျေးမှု လက္ခဏများကိုလည်း တွေ့ရကြောင်း သိရှိရသည်။

ရှေးဟောင်းသုတေသနဌာန၏ တူးဖော်ချက်အရတော့ ဟန်လင်းမှာ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်မှစပြီး၊ ပျူမြို့ပြတည်ထောင်ခဲ့ သည့် အချိန်အထိ တိုးတက်ထွန်းကားခဲတယ်လို့ သိရပါတယ်။

ဟန်လင်း၊ ဗိသနိုးနဲ့ သရေခေတ္တရာမြို့ဟောင်းတွေကို ကမ္ဘာ့အမွေအနှစ်အဖြစ် ယူနက်စကိုက အသိအမှတ်ပြုလိုက်တဲ့ အတွက် ဒီဒေသတွေအနေနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံက အယုဒ္ဓယ၊ လာအိုက လွမ်ဘရာဘန်၊ ကမ္ဘောဒီးယားက အန်ကောဝပ် တို့လို ကမ္ဘာလှည့် ခရီးသွားတွေကို စွဲဆောင်နိုင်ရင်  ဒေသခံတွေ အနေနဲ့ စီးပွားရေး အခွင့်အလမ်းတွေ ရရှိခံစားရမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်း
http://burma.irrawaddy.org/article/2014/06/10/60155.html

Loading