[irrawaddy_gallery]
၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ပြုလုပ်ခဲ့ပြီး နောက်ပိုင်း လက်ဝှေ့၊ ဘောလုံး၊ တိုက်ကွမ်ဒို စတဲ့ အားကစားနည်းတွေ ကနေ အမျိုးသားများနဲ့ တန်းတူ ရင်ဘောင်တန်း ပြိုင်ဆိုင်ခဲ့ကြပြီး ထူးချွန်တဲ့ မြန်မာ အမျိုးသမီး အားကစားသမားများစွာ ပေါ်ထွက်လာတာ တွေ့ရပါတယ်။ ထိုနည်းတူပဲ နိုင်ငံတကာမှာ လူအများအားပေး စိတ်ဝင်စားကြတဲ့ ကာယဗလမယ် ပြိုင်ပွဲတွေ ရှိခဲ့ပေးမယ့် ယဉ်ကျေးမှုအရ၊ ရိုးရာအရ ဆိုတာတွေကို စဉ်းစားခဲ့ ကြတာကြောင့် ခန္ဓာကိုယ် အလှကို ပြသရတဲ့ မြန်မာ့ ကာယဗလမယ်တွေ နည်းခဲ့ပါတယ်။ ဒီနှစ်မှာတော့ အရှေ့တောင် အာရှ နိုင်ငံ ၈ နိုင်ငံ ပါဝင်တဲ့ စင်ကာပူနိုင်ငံရဲ့ NUS center မှာ ပြုလုပ်ခဲ့တဲ့ ၁၆၅ စင်တီမီတာအောက် အမျိုးသမီး ကိုယ်ကာယအလှ ပြိုင်ပွဲ (Women’s Athletic Physique) မှာ အသက် ၂၄ နှစ်အရွယ် မအေးအေးစိုးက မြန်မာနိုင်ငံ အတွက် ပထမဆုံး ရွှေတံဆိပ်ဆုကို ဆွတ်ခူး ရရှိခဲ့ပါတယ်။ မြန်မာပြည်က ကာယဗလမယ်တွေဟာ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ၂၀၁၂ ခုနှစ်ကမှ စတင်ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် အာဆီယံတန်းဝင် မြန်မာ့ ပထမဆုံး ကာလဗလမယ် ရွှေတံဆိပ်ဆုရှင်ကို ဧရာဝတီ သတင်းဌာန အကြီးတန်း သတင်းထောက် မေစစ်ပိုင်က အမျိုးသမီး အားကစားသမားများရဲ့ အခန်းကဏ္ဍ၊ တန်းတူညီမျှမှု အခွင့်အရေး၊
ကာယဗလမယ်တယောက်ရဲ့ အတွေ့အကြုံကိစ္စ စတာတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ မအေးအေးစိုး အနေနဲ့ စင်ကာပူနိုင်ငံ NUS center မှာလုပ်တဲ့ အမျိုးသမီး ကာယဗလ ပြိုင်ပွဲမှာ တခြားနိုင်ငံတွေကို ကျော်ဖြတ်ပြီး ရွှေဆုရခဲ့တဲ့ အတွေ့အကြုံနဲ့ ပတ်သက်ပြီး သိပါရစေ။
ဖြေ။ ။ ဒီတခေါက် ပြိုင်ပွဲက ပြည်ပအနေနဲ့ လေးကြိမ်မြောက်ပွဲ ပါ။ ပထမ ဆိုတဲ့ ရွှေဆုကို ကျမ မျှော်လင့်မထားဘူး၊ ပြိုင်ဘက်ဖြစ်တဲ့ အိမ်ရှင် စင်ကာပူနိုင်ငံက မယ်ကလည်း အရမ်း ကောင်းတယ်။ ကိုယ့်ထက် စီနီယာကျတဲ့ ကစား သမားတွေရှိတယ်။ ဒီမှာ လေ့ကျင့်သွားတယ်ဆိုပေမယ့် ကျမ မလေ့ကျင့်သွားတဲ့ အကွက်မျိုးကို စင်ပေါ်မှာ ပြသွားတာတွေ ရှိတယ်ဆိုတော့ သူတို့ကိုကြည့်ပြီး ငါလည်း ဒီလိုမျိုးလုပ်လိုက်ရင် ဆိုတဲ့စိတ်ကို ပြန်အားမွေးပြီး စင်ပေါ်မှာ လုပ်ဖြစ်ခဲ့ တာတွေ ရှိတယ်။ ကိုယ့်နိုင်ငံအတွက် ဂုဏ်ဆောင်ခွင့်ရလို့လည်း ပီတိဖြစ်ရတယ်။ ပြိုင်ရတာက Athletic ဆိုတော့ ပြိုင်ပွဲဝင်တွေက ကြွက်သားလှပရမယ်၊ အဆီမရှိရဘူး၊ ယောက်ျားဆန်လို့မရဘူး။
မေး။ ။ ပြိုင်ပွဲတွေ ဝင်ဖြစ်တာ ကြာပြီလား။
ဖြေ။ ။ ရန်ကုန်မှာတော့ ပွဲအများစု ပြိုင်ပြီးပြီ၊ ပြည်ပမှာ ပြိုင်ရတဲ့ ပွဲတွေဆိုရင်တော့ ရွှေတံဆိပ်ဆု ရခဲ့တယ်ဆိုတာ ဒါ ကျမ အတွက်လည်း ပထမဆုံး အကြိမ်ပါ။ ကွမ်ကျိုးမှာ ပြိုင်တုန်းက တတိယ၊ ဘန်ကောက်မှာ နံပါတ် ၆ နဲ့ ဗီယက်နမ်မှာ တုန်းက နံပတ် ၅ နေရာရခဲ့ဖူးတယ်။
မေး။ ။ ကာယဗလ ပြရတဲ့ အားကစားနည်းကို ဘယ်တုန်းက စပြီး ဝါသနာပါခဲ့တာလဲ။
ဖြေ။ ။ ကျမ ဆယ်တန်းဖြေပြီးတော့ မြန်မာနိုင်ငံကာယဗလ အဖွဲ့ချုပ်မှာ စာရေးမ ဝန်ထမ်း လုပ်ခဲ့တယ်။ အဲဒီ အချိန်ကစလို့ ကာယဗလမောင် ဆရာ မောင်မောင်ကြည် တို့က တွန်းအားပေးတယ်၊ ကစားခိုင်းတာကြောင့် တဖြည်းဖြည်းနဲ့ ဝါသနာ ပါလာခဲ့တယ်။
မေး။ ။ ကာယဗလ ပြသရတဲ့ အားကစားနည်းကို မြန်မာနိုင်ငံက အမျိုးသမီးတွေ ဘယ်လောက်အထိ စိတ်ဝင်စား တယ်လို့ မြင်လဲ။
ဖြေ။ ။ ဒီလို အားကစားနည်းကို မိန်းကလေးတွေ အရမ်းကြီး စိတ်ဝင်စားတာတော့ မရှိသေးဘူး၊ ဆယ်ဂဏန်းလောက်ပဲ ရှိအုံးမယ်ဆိုတော့ တော်တော်လေး နည်းနေသေးတယ်။ တခြားနိုင်ငံမှာဆိုရင် စိတ်ဝင်စားတာ မိန်းကလေး ရာချီနေပြီ။
ဒါပေမယ့်လည်း အခုချိန်မှာ ယှဉ်ပြိုင်ခွင့် ရလာပြီဆိုတော့ အဲဒီတခုက ကျမတို့အတွက် ကျေနပ်စရာပါပဲ။
မေး။ ။ မြန်မာ မိန်းကလေးအများစုက ကာယဗလမယ် ဆိုတဲ့ အားကစားနည်းကို ဘာကြောင့် စိတ်မဝင်စားကြ တာလို့ သုံးသပ်မလဲ။
ဖြေ။ ။ ဒီမှာက လေ့ကျင့်ခန်း လုပ်တယ် ဆိုတာကလည်း နည်းသေးတယ်။ မိန်းကလေးအများစုက လေ့ကျင်ခန်း အရမ်းလုပ်လိုက်ရင် ဗလတွေ အကြီးကြီး ဖြစ်လာမလား၊ မိန်းမဆန်ပါတော့မလား ဆိုပြီး ကြောက်ကြတယ်။ တကယ်တော့
အဲဒီလိုမဟုတ်ပါဘူး။ ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် ကစားပါစေ မိန်းကလေးက မိန်းကလေးပုံစံမျိုးပဲ ဖြစ်မှာပါ။ ဟော်မုန်းအတွက် တားမြစ်ဆေးတွေ သုံးမှသာ ယောက်ျားနဲ့တူနေမှာ။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပြီး အစားအသောက် ကိုလည်း သေချာ ဆင်ခြင်မယ်ဆိုရင် အဲဒီလို ဖြစ်လာမှာမဟုတ်ပါဘူး။ မကြောက်ကြပါနဲ့လို့ ပြောပြချင်တယ်။
မေး။ ။ ကာယဗလ ကစားဖို့အတွက် ဘယ်လောက်အထိ ကြိုးစားရလဲ။
ဖြေ။ ။ ဒီအားကစားနည်းက ကစားနေရုံနဲ့လည်း မရဘူး၊ လေ့ကျင့်ခန်းလုပ်ချိန်မှာ ကုန်သွားတဲ့ အားတွေကို ပြန်ဖြည့်ဖို့ လုပ်ရတာတွေရှိတယ်၊ တခုမှ လစ်ဟင်းလို့မရဘူး။ အိပ်ချိန်ထချိန်ကအစ အရမ်းကို ကြိုးကြိုးစားစား လုပ်ရတယ်။ အဓိက က Diet လုပ်ဖို့ပဲ၊ ဘာမှအရသာမရှိတဲ့ အစားအသောက်တွေကို မြိန်ရေယှက်ရေ ထိုင်စားနေရတယ်။ Diet က အရမ်း အရေးကြီးတယ်၊ ဘယ်လောက်ပဲ ချွေးထွက်အောင် အားကစားလုပ်လုပ် အစားအသောက်မှာ ထိန်းချုပ်မှု ရှိဖို့က ကာယဗလ အားကစားနည်းမှာ အရမ်းအရေးကြီးတယ်။
မေး။ ။ ကာယဗလမယ် ဆိုတာရဲ့ အားသာချက်က ဘာဖြစ်မလဲ။
ဖြေ။ ။ နိုင်ငံတကာမှာဆိုရင် အားကစားလုပ်ထားတဲ့၊ ကြံ့ခိုင်တဲ့ မိန်းမတယောက်ရဲ့ ပုံစံက ပိုလှတယ်၊ အဲဒီလို မိန်းကလေးတွေက အသက်ကြီးလာတဲ့ အထိ ခန္ဓာကိုယ်အလှအပ မပျက်စီးဘူး။ ခန္ဓာကိုယ်ပေါ်မှာ အဆီ မရှိတော့ မိန်းမငယ်လေး အတိုင်းပဲဖြစ်နေမှာပါ။
မေး။ ။ ကာယဗလမယ် အားကစားနည်းက ဒီမှာ သိပ်ခေတ်မစားသေးတော့ ဘယ်လောက်အထိ ကြိုးစားရမလဲ။
ဖြေ။ ။ မြန်မာနိုင်ငံမှာ တခြားနိုင်ငံတွေမှာက အမျိုးသမီး ကာယဗလမယ်တွေ ပြိုင်နေကြတာ နှစ်ပေါင်းများစွာရှိနေပြီ။ ကျမတို့ နိုင်ငံမှာက ၂၀၁၂ ခုနှစ်မှ စပြီး ယှဉ်ပြိုင်ခွင့်ပေးတာဆိုတော့ တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် အရမ်း နောက်ကျ နေတယ်။ သူတို့တတွေ ၂ ဆ ကြိုးစားချိန် ကျမတို့ ၅ ဆ ကြိုးစားမှရမယ်။ အရင်က ပြည်ပမှာ သွားပြိုင်ခွင့် မရခဲ့ကြပေမယ့်
အခုနောက်ပိုင်းမှာ ကစားရင် ကစားသလို သွားပြိုင်ခွင့် ရလာပြီဆိုတော့ နိုင်ငံဂုဏ်ဆောင်ဖို့ အခွင့်အရေးတွေ ရလာပါပြီ။
မေး။ ။ မိသားစုရဲ့ အားပေးမှု အတိုင်းအတာက ဘယ်လောက်အထိ ရှိလဲ။
ဖြေ။ ။ အရင်ကဆိုရင်တော့ အားမပေးဘူး၊ မြန်မာ့အမြင်အရ ရှေးလူကြီးတွေဆိုတော့ ဒီလိုကစားနည်းကို သူတို့မကြိုက်ကြဘူး၊ ကန့်ကွက်ခဲ့တယ်ပေါ့။ အခု နောက်ပိုင်းမှာတော့ ကျမအတွက် အားပေးမှုတွေ အများကြီးရှိလာပြီ။
မေး။ ။ အပြင်ဘက်က ဝေဖန်သံတွေကိုရော ဘယ်လို ကြားသလဲ။
ဖြေ။ ။ ကာယဗလမောင် လောကကတော့ အားကစားနည်း စိတ်ဝင်စားတဲ့ ယောက်ျားလေးတွေက ဒီကစားနည်းကို နားလည်ပေမယ့် မိန်းကလေး ကာယဗလမယ် ဆိုတာကျတော့ … ဟာ ကြောက်စရာကြီး၊ ဗလကြီးနဲ့ ယောက်ျားကြီးလား ဆိုတာမျိုးရှိတယ်။ ဒါကြောင့် မကြောက်ဘဲနဲ့ အားပေးကြပါလို့ ပြောချင်တယ်။
မေး။ ။ မြန်မာအမျိုးသမီးတွေမှာ အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးတွေ ရလာပြီလို့ မြင်လား။
ဖြေ။ ။ မိန်းကလေးတွေ အများစုက ယောကျာ်လေးနဲ့ ယှဉ်လိုက်ရင် စိတ်ပျော့ကြတာတော့ များတယ်၊ ဒါပေမယ့်လည်း ဘယ်နေရာကို ကြည့်ကြည့် တကယ်ထက်မြက်တဲ့ မိန်းကလေးတွေ မြန်မာပြည်မှာ အများကြီး ရှိလာတာ တွေ့ရပါတယ်။
အမျိုးသမီးတွေကို နေရာပေးလာတာတော့ အရင်ကထက် ရှိလာတယ်။