Women

ကလေးတို့ ဘာကြောင့် လိမ်ညာတတ်ရသလဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လိမ်တယ်၊ ညာတယ် ဆိုတာဟာ မကောင်းတဲ့ အကျင့်စရိုက် တခုပါ။ ဘယ်မိဘ မဆို ကိုယ့်ရဲ့ သားသမီးကို မလိမ်တတ်၊ မညာ တတ် တဲ့၊ ရိုးသားဖြောင့်မတ်တဲ့ ကလေးမျိုး ဖြစ်စေချင် ကြပါတယ်။ ဒါပေမယ့် ကလေး တော်တော် များများဟာ အကြောင်း အမျိုးမျိုးကြောင့် မိဘများ၊ ဆရာများကို လိမ်ပြောတတ်ကြ ပါတယ်။

လိမ်တယ် ညာတယ် ဆိုတာဟာ တကယ်တော့ ကလေးတယောက်ချင်း အတွက်ရော၊ အနာဂတ် လူ့အဖွဲ့အစည်း အတွက်ပါ မကောင်းတဲ့ အကျင့်ဆိုးကြီးပါ။ လိမ်တတ်ညာတတ်တဲ့ ကလေးတွေကို ငယ်ငယ်ကတည်းက ကျမတို့ မပြုပြင်၊ မထိန်းကျောင်းခဲ့ဘူး ဆိုရင် အနာဂတ်မှာ လိမ်တတ်၊ ညာတတ်တဲ့ လူကြီးတွေ များပြားတဲ့ လူ့အဖွဲ့စည်းကြီး တရပ် ဖြစ်လာမှာပါပဲ။

ဖွံ့ဖြိုးပြီး နိုင်ငံများမှာတော့ ကလေးတို့ရဲ့ လိမ်ညာတဲ့ကိစ္စကို ကျောင်းတွေမှာ တော်တော်လေးကိုပဲ ဂရုတစိုက်နဲ့ ထိန်းကျောင်း ပဲ့ပြင် ပေးကြ ပါတယ်။ ကျမတို့ ဆီမှာတော့ ကလေးတွေ လိမ်တာတွေ့ရင် မှတ်လောက်အောင်ဆိုပြီးတော့ ရိုက်နှက် ဆုံးမတာမျိုး၊ အရှက် ခွဲပြီးတော့ ဆုံးမတာမျိုးတွေ လုပ်တတ်ကြ ပါတယ်။

အမှန်တော့ ဒီလိုဆုံးမတာမျိုးဟာ ကလေးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကို နာကျင်ထိခိုက် သွားရုံကလွဲလို့ ကလေးတို့ မလိမ် မညာအောင် လို့ မတားမြစ်နိုင်ပါဘူး။ ပိုပြီးတော့ လိမ်တတ်ညာတတ်အောင် လုပ်လိုက်သလိုတောင်မှ ဖြစ်သွားစေ ပါတယ်။ ကလေးတို့ လိမ်ကြ တယ်၊ ညာကြတယ် ဆိုတဲ့နေရာမှာ ဘာကြောင့် လိမ်သလဲ၊ ဘာဖြစ်လို့ လိမ်သလဲဆိုတဲ့ လိမ်ရ ညာရတဲ့ အကြောင်းရင်းတွေ အမျိုးမျိုး ရှိပါတယ်။ ကလေးတို့ ရင်ထဲက အဲဒီ အကြောင်းရင်းကို သိအောင်လို့ အရင် လုပ်ကြရမှာပါ။ အကြောင်းရင်းကို သိပါမှ ကလေး တို့ မလိမ်ညာကြဖို့ အတွက် ကျမတို့က ပြုပြင်ပေးလို့ ရမှာပါ။

လိမ်ညာခြင်းနဲ့ ပတ်သက်ပြီး ကလေးစိတ်ပညာရှင် များကတော့ ကလေးတို့ လိမ်ရညာရတဲ့အကြောင်းရင်းကို အကြမ်းအားဖြင့် သုံး မျိုး ခွဲပြထားပါတယ်။

ပြဿနာကို ဖြေရှင်းဖို့ အတွက် လိမ်ညာခြင်း

ဒီလိမ်ညာခြင်း ကတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အတွက် ကလေးတို့ အများဆုံး သုံးကြတဲ့ ညာနည်းပါပဲ။ ပန်းကန် ကွဲသွားတာမျိုး၊ လူကြီးရဲ့ပစ္စည်းကို ယူကိုင်ကြည့် မိရင်း ပျက်စီးသွားတဲ့ အခါမျိုးတို့မှာ ကလေးတို့ဟာ အဆူခံ၊ အရိုက်ခံရမှာ စိုးလို့လိမ်ပြော တတ်ကြ ပါတယ်။ မောင်နှမ အချင်းချင်း ရန်ဖြစ်တဲ့အခါမျိုးမှာပဲ ဖြစ်ဖြစ်၊ သူငယ်ချင်း အချင်းချင်း စကားများရန်ဖြစ်တာမျိုးပဲ ဖြစ်ဖြစ် ကိုယ့်အပြစ် လွတ်အောင်လို့ လိမ်ညာပြောတတ်ကြ ပါတယ်။ အထူးသဖြင့် အကြောက်တရားနဲ့ အုပ်ချုပ်တတ်တဲ့ ကျောင်းမျိုး၊ အိမ် မျိုးမှာ နေရတဲ့ ကျောင်းသားမျိုး၊ ကလေးမျိုးတွေဟာ ပိုပြီးတော့ လိမ်ညာ တတ်ကြ ပါတယ်။ ကြောက်ရွံ့ခြင်း ကြောင့် လိမ်ညာရ တာ ပါ။

တချို့ မိဘများ ကတော့ ကလေးတို့ ကို မလိမ်မညာအောင်လို့ ပြဿနာ တခုခု ဖြစ်လာတိုင်းမှာ “မင်း အမှန်တိုင်း ပြောစမ်း၊ မလိမ် နဲ့။ မလိမ်ဘဲနဲ့ အမှန်တိုင်းပြောရင် သက်သာမယ်။ အေး..လိမ်တာကို မိရင်တော့ မလွယ်ဘူး” ဆိုပြီးတော့ ပြောတတ်ကြ ပါတယ်။ အဲဒီလို ပြောနေပေမယ့်လည်း ကလေးတို့ဟာ အမှန်ကို ဝန်မခံကြပါဘူး။ ဆက်ပြီးတော့ လိမ်ကြမြဲပါ။

ဘာကြောင့် ဒီလိုလိမ်သလဲ ဆိုတာကို ပြန်ပြီးတော့ ဆန်းစစ်ကြည့်မယ် ဆိုရင်ဖြင့် လူကြီး တော်တော်များများဟာ ကလေးတွေ အပြစ် တခုခု လုပ်မိလို့ အမှန်ကို ဝန်ခံတိုင်းမှာ မလိမ်တဲ့အတွက် မရိုက်ကြ၊ မနှက်ကြပေမယ့်လည်း မပြီးနိုင် မစီးနိုင်အောင် ဆူပူနေ တာမျိုး၊ ကလေးစိတ်ထဲမှာ ရှက်သွားအောင်၊ ထိခိုက်နာကျင်သွားအောင်လို့ ပြောဆို ဆုံးမ တာမျိုးတွေ လုပ်တတ်ကြလို့ ပါပဲ။ ဒါကြောင့်မို့လို့ ကလေးများဟာ သူတို့ အပြစ်လုပ်မိတဲ့ အခါမျိုးတိုင်းမှာ ဝန်ခံလိုက်တာထက် စာရင် ဗြောင်လိမ်လိုက်တာက ပိုပြီးတော့ နားအေး စိတ်သက်သာရာ ရစေတယ်လို့ တွေးမိတတ်ကြ ပါတယ်။

နောက်တခု ကတော့ ပြဿနာကို ဖြေရှင်းဖို့ အတွက် လိမ်တဲ့နည်းကို မိဘတွေက ကလေးရှေ့မှာ သုံးတတ်ကြလို့ ပါပဲ။ ဥပမာ ရုံးမသွားချင်လို့ ဒီနေ့ နေမကောင်းဘူး ဆိုပြီးတော့ ရုံးကို ခွင့်တိုင်တာမျိုး၊ ကိုယ် မကိုင်ချင်တဲ့ ဖုန်းတွေ လာတဲ့ အခါမျိုးမှာ သားရေ မေမေအိမ်မှာ မရှိဘူးလို့ ပြောလိုက် ဆိုပြီးတော့ ကလေးကို လွယ်လွယ် အပြောခိုင်းတာမျိုးတွေ ပါ။

ဒီလိုမျိုး ကလေးရှေ့မှာ လွယ်လွယ်လိမ်လိုက်တာမျိုး၊ ကလေးကို လိမ်ပြောခိုင်းတာမျိုးတွေကို ကျမတို့ လူမှုဝန်းကျင်မှာ လူကြီးမိဘ တွေ တော်တော်လုပ် တတ်ကြပါတယ်။ အဲဒီလိုမျိုး ကလေးရှေ့မှာပြဿနာကို လွယ်လွယ် ဖြေရှင်းတဲ့နည်းနဲ့ မိဘက လိမ်ပြထား တာမို့ ကလေးဟာလည်း မိဘတွေ လိမ်တဲ့ပုံစံအတိုင်း လိုက်လိမ်တော့တာ ပါပဲ။ ညဘက် ဂိမ်းတွေ ကစားနေလို့ အိမ်စာ မပြီးတာ ကို “သား ညက ဗိုက်အောင့် နေလို့ အိမ်စာတွေ မလုပ်ခဲ့တာပါ”လို့ ဆရာမကို လိမ်ပြောတာမျိုးတွေပါပဲ။

ကိုယ့်ရဲ့အတ္တနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှု အတွက် လိမ်ပြောခြင်း

ဒီ လိမ်ပြောနည်းကလည်း ကလေးတော်တော် များများ ပြောလေ့ရှိတဲ့ လိမ်ပြောနည်း တမျိုးပါ။ ကိုယ့်ရဲ့ အတန်းထဲက သူငယ်ချင်း က ဂါဝန်လှလှလေး ဝတ်လာတာမျိုး တွေ့တဲ့အခါမှာ “ငါ့မှာလည်း ဒီလို ဂါဝန်မျိုး ရှိတယ်” ဆိုပြီးတော့ လိမ်ပြောတာမျိုး ပါပဲ။ သူငယ်ချင်းက ကမ်းခြေကို အပန်းဖြေသွားတဲ့အကြောင်း ပြောပြတဲ့အခါမျိုးမှာလည်း ငါတို့လည်း ဒီကျောင်းပိတ်ရက်မျိုးကျရင် ကမ်း ခြေသွားမှာလို့ မခံချင်စိတ်နဲ့ ကလေးတို့ ပြောတတ်ကြပါတယ်။ ဒီလိုမျိုး မခံချင်စိတ်နဲ့ လိမ်ညာပြောတာကို မိဘများတွေ့တဲ့ အခါမျိုးမှာ ကလေးရဲ့ လိုအပ်မှုတွေကို ကိုယ့်ရဲ့ ဝင်ငွေက လိုက်ပြီးတော့ မဖြည့်ဆည်း ပေးနိုင်လို့ ကလေး ဒီလိုပြောတာပဲ ဆိုပြီးတော့ အမှုမဲ့ အမှတ်မဲ့ မနေရပါဘူး။

“သမီးရေ ၊ သမီးကို မေမေတို့က ချောင်းသာတော့ လိုက်မပို့နိုင်ဘူး။ ဒါပေမယ့် မေမေက သမီးကို ကစားကွင်း လိုက်ပို့ပေးမယ်။ နောက်တခါ သူငယ်ချင်းတွေကို အဲဒီလိုမျိုး ညာမပြောရဘူး” ဆိုတာမျိုးနဲ့ ကလေး နားလည်အောင် ပြောပြရပါမယ်။

အတို့အထောင် သဘောမျိုးဆန်တဲ့ လိမ်ပြောနည်း

ဒီလိမ်ပြောနည်းကို ကလေးကျွမ်းကျင်သူ စိတ်ပညာရှင်များက လိမ်နည်း တနည်းရယ်လို့ သတ်မှတ် ထားပေမယ့် ကျမတို့ ဆီမှာတော့ ဒါကို လိမ်တယ်လို့ တောင်မှ မထင်တတ်ကြပါဘူး။ ဥပမာအနေနဲ့ ပြောရရင် မီးမီးက ပထမအစမ်း စာမေးပွဲမှာ အတန်းထဲမှာ ပထမရလာ ပါတယ်။ မီးမီးက စာတော်တဲ့သူမို့ အမြဲတမ်း ပထမ ရနေကျပါ။

မီးမီးအစ်ကို ကတော့ အဆင့် ၉ ရလာ ပါတယ်။ မီးမီးအစ်ကိုက စာညံ့သူမို့ မီးမီးအစ်ကို အဆင့် ၉ ရလာတာကို အားလုံးက ဝိုင်းချီးကျူးကြပါတယ်။ မီးမီးကိုတော့ ဘယ်သူကမှ ပထမရလို့ မချီးကျူး ပါဘူး။

အဲဒီ အခါမှာ မီးမီးက “ဘွားဘွားသိလား။ ဘွားဘွားကိုလေ ကိုကိုက ပြောတယ်။ ဗျစ်တောက်ဗျစ်တောက်နဲ့ တချိန်လုံး ဆူနေတဲ့ အဘွားကြီးလို့ ပြောတယ်” ဆိုပြီးတော့ ဝင်ပြောတော့ တာပါပဲ။ အတို့အထောင် ဝင်လုပ်တာပေါ့။

စာမေးပွဲ အကြောင်း ပြောနေတဲ့အချိန်မှာ ကိုကို အဆူခံရ အောင်လို့ မီးမီးက အတို့အထောင် ဝင်လုပ်တာပါ။ ကိုကို တကယ် ပြော တာက ဘွားဘွားက သိပ်ဆူတာပဲ၊ စိတ်ညစ်တယ် ဆိုတာလောက်ပဲ ပြောတာကို မီးမီးက ကိုကို ပြောတာထက် ပိုပြီးတော့ အပို လေးတွေပါ ထည့်ပြီးတော့ ပြောလိုက်တာမျိုးကို ပြောတာပါ။

ဒီလို အကျင့်စရိုက်မျိုးကို လက်မခံရပါဘူး။ ချက်ချင်း အရေးယူရ ပါမယ်။ မီးမီးကို ဒီလိုပြောတာ မကောင်းဘူး ဆိုတဲ့ အကြောင်း၊ ကိုကို့ အတွက်ရော၊ ဘွားဘွား အတွက်ရော ဘယ်သူ့ အတွက်မှ မကောင်းတဲ့ ဒီစကားမျိုးကို သယ်ဆောင် မလာသင့်ဘူး ဆိုတဲ့ အကြောင်း၊ ကိုကိုမပြောတဲ့ အပိုတွေကိုပါ ထည့်ပြော တာမျိုးကတော့ ပိုပြီးတော့ မကောင်းဘူး ဆိုတဲ့ အကြောင်းကို တခါတည်း သင်ကြားရပါမယ်။

ကျမတို့ဆီမှာတော့ အဖေနဲ့ အမေ မတည့်ရင်၊ အမေနဲ့ အဒေါ်တွေ အဘွားတွေနဲ့ မတည့်ရင် သားသမီးများ ကို စကား အပို့အယူ လုပ်ခိုင်းတတ်ကြ ပါတယ်။ အဲဒီလို အပို့အယူ လုပ်တာကိုပဲ မိဘကလည်း လက်သင့်ခံပြီးတော့ နားထောင် တတ်ကြ ပါတယ်။ တကယ်တော့ ဒီလို စကား အသယ်အပို့၊ အပို့အယူ လုပ်တဲ့အကျင့်မျိုးဟာ လူ့လောက အသိုင်းအဝိုင်း အတွက် အင်မတန်မှ အန္တရာယ်များတဲ့ အကျင့်စရိုက်ဆိုးမျိုး ပါပဲ။ ဒီလို အကျင့်ဆိုးမျိုးကို ကြီးတဲ့အထိ မသယ်ဆောင်လာစေဖို့ အတွက် ကလေးတို့ကို ငယ်ငယ် ကတည်းက သင်ကြားထားပေးရမှာပါ။

နောက်တခုက ကလေးလိမ်တာကို မိလို့ ကလေး ကိုဆုံးမတဲ့ အခါမျိုးမှာလည်း မင်းက လူလိမ်ပဲ ဆိုတဲ့ အသုံးမျိုးကို ဘယ်တော့မှ မသုံးရပါဘူး။ ကလေးရဲ့ လိမ်တဲ့အပြုမူကိုပဲ မကြိုက်တဲ့အကြောင်း ပြောရပါမယ်။ အခု လိမ်လိုက်တဲ့ အတွက် သူဟာ တသက်လုံး လိမ်တော့မယ့် လူလိမ်ကြီးလုံးလုံး ဖြစ်သွားပြီလို့ ကလေးတို့စိတ်ထဲမှာ ထင်မြင် ဝမ်းနည်း သွားလောက်အောင်အထိ မပြောဆိုရ ပါဘူး။

ကလေးတို့ လိမ်တယ် ညာတယ်ဆိုတာဟာ တကယ်တော့ ပတ်ဝန်းကျင်နဲ့ အများဆုံး သက်ဆိုင်ပါတယ်။ လိမ်တတ်၊ ညာတတ်တဲ့ ပတ်ဝန်းကျင် အသိုင်းဝိုင်းမှာ ကြီးပြင်းလာတဲ့ ကလေးတယောက်ဟာ ရိုးသား ဖြောင့်မတ်ဖို့နဲ့ မလိမ်တတ် မညာတတ်တဲ့ ကလေး တယောက်ဖြစ်ဖို့ မလွယ်ပါဘူး။ ကလေးများဟာ ရေမြှုပ်နဲ့ တူပါတယ်။ သူတို့ပတ်ဝန်းကျင်က မြင်သမျှ၊ တွေ့သမျှအားလုံးကို အတု ခိုး လိုက်လုပ်တတ်ကြ တာမျိုးပါပဲ။ ကလေးတို့ကို မလိမ်ညာတတ်စေဖို့၊ ရိုးသား ဖြောင့်မတ်စေဖို့ အတွက် အကောင်းဆုံးကတော့ ကျမတို့ လူကြီးတွေအနေနဲ့ ကလေးရှေ့မှာ မလိမ်ညာမိ စေဖို့နဲ့၊ ကလေးတို့ကို အကြောက်တရားနဲ့ မအုပ်ချုပ်မိစေဖို့ ပါပဲ။

ဒါဆိုရင်ဖြင့် လိမ်ပြောရမှာကို ရှက်တတ်တဲ့၊ ရိုးသားဖြောင့်မတ်စွာ ပြောဆို နေထိုင်တတ်တဲ့ လူ့အဖွဲ့ အစည်းကြီးတရပ် အနာဂတ်မှာ ပေါ်လာနိုင်မှာပါ။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading