မကြာသေးခင်ကမှ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ စစ်အသုံးစရိတ် ဘတ်ဂျက်နဲ့ ပတ်သက်ပြီး အများက စိတ်ဝင်တစား ရှိနေကြပါတယ်။
မြန်မာနိုင်ငံမှာတော့ နှစ်ပေါင်း ၂၅ နှစ်ကျော်ကြာ နိုင်ငံတော် ရသုံးမှန်းခြေ ဘတ်ဂျက်ကို မကြေညာဘဲ ထားရှိခဲ့ပြီး ဒီအထဲက စစ်တပ် အသုံးစရိတ်ဘတ်ဂျက်နဲ့ ပတ်သက်ပြီး လုံးဝကို တိတိကျကျ ပြည်သူလူထုက မသိခဲ့ရပါဘူး။
ဒါပေမယ့် ထိုင်းနိုင်ငံမှာ လာမယ့်လမှာပဲ ထိုင်းစစ်တပ် အသုံးစရိတ်ဘတ်ဂျက်ကို အများပြည်သူ သိစေဖို့ အဆိုပြုခံထားရပါပြီ။
အထူးသဖြင့်တော့ ပြီးခဲ့တဲ့ မေလ ၂၂ ရက်ကစပြီး တိုင်းပြည်ရဲ့ အာဏာအဝဝကို စစ်တပ်က သိမ်းယူပြီးတဲ့ နောက်ပိုင်း စစ်တပ်က အသုံးစရိတ် ပိုမိုသုံးစွဲလာတာတွေနဲ့ ပတ်သက်ပြီး လေ့လာသူတွေကလည်း စောင့်ကြည့်နေကြတာလို့ ဘန်ကောက်ပို့စ် သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
ထိပ်တန်း ထိုင်းစစ်ခေါင်းဆောင်တဦးကို ကိုးကားပြီး ဘန်ကောက်ပို့စ်က ဆိုထားတာက လာမယ့်နှစ် စစ်အသုံးစရိတ်ဟာ အခုနှစ် စစ်သုံးစရိတ်အတိုင်းပဲ အပြောင်းအလဲ မရှိနိုင်ဘူးလို့ မျှော်လင့်ထားတယ်လို့ ဆိုတယ်။ ဒါပေမယ့် ၂ဝဝ၆ ခုနှစ်က ဝန်ကြီးချုပ် သက်ဆင် အစိုးရကို ဖြုတ်ချခဲ့တဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အသုံးစရိတ်ဟာ သိသိသာသာ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။
၂၀၀၆ စစ်အာဏာသိမ်းပြီး ဗိုလ်ချုပ်ကြီး ဆူလာယု ချူလန်နွန် အစိုးရလက်ထက်အတွင်း ၂၀၀၆ ခုနှစ် ဘဏ္ဍာနှစ်မှာ ကာကွယ်ရေး ဝန်ကြီးဌာန အသုံးစရိတ် ဘတ် ၈၅ ဒသမ ၉ ဘီလီယံ ရှိခဲ့ရာက ၂ဝဝ၇ ခုနှစ်ဘဏ္ဍာနှစ်မှာ ၁၁၅ ဘီလီယံအထိ တိုးမြင့်သုံး စွဲခဲ့ပါတယ်။ ဒါဟာ ဘတ်ဂျက်ရဲ့ ၃၃ ဒသမ ၈ ရာခိုင်နှုန်း သုံးစွဲတာ ဖြစ်တယ်။
တခါ ၂၀၀၈ ဘဏ္ဍာနှစ်မှာ ကာကွယ်ရေး ဝန်ကြီးဌာန အသုံးစရိတ်ဟာ ဘတ်ဂျက်ရဲ့ ၂၄ ဒသမ ၇ ရာခိုင်နှုန်းနဲ့ ဘတ်ငွေ ၁၄၃ ဘီလီယံ သုံးစွဲခဲ့ပါတယ်။
ပြောရမယ်ဆိုရင် ၂ဝဝ၆ ခုနှစ်စစ်တပ်က အာဏာ မသိမ်းခင်က နှစ်စဉ် အနည်းဆုံး ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်း အထိသာ ပုံမှန်သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။
ဆမတ်ခ် ဆန်ဒရာဝေနဲ့ အဖီဆစ် ဝေ့ချာချီဝ အစိုးရလက်ထက် ၂ဝဝ၈ ခုနှစ်မှာ ကာကွယ်ရေး အသုံးစရိတ်ဟာ ဘတ်ဂျက်ရဲ့ ၂၄ ဒသမ ၇ ရာခိုင်နှုန်းအထိ တိုးမြင့်သုံးခဲ့တာဖြစ်ပြီး ၂ဝဝ၉ ဘဏ္ဍာနှစ်မှာတော့ ဘတ်ဂျက်ရဲ့ ၁၈ ဒသမ ၅ ရာခိုင်နှုန်းပဲ သုံးခဲ့ပါတယ်။
၂ဝ၁ဝ ခုနှစ်က သက်ဆင်လိုလားသူ ဆန္ဒပြသူတွေက အဖီဆစ် အစိုးရကို ကန့်ကွက်ဆန္ဒပြမှုတွေ မြင့်မားလာချိန် ၂ဝ၁ဝ ခုနှစ်ဘဏ္ဍာနှစ်မှာ ကာကွယ်ရေး အသုံးစရိတ်ကို ဖြတ်တောက်ခဲ့ပါတယ်။ သက်ဆင်ရဲ့ ဖုယာ့ထိုင်း ပါတီက ၂ဝ၁၁ ခုနှစ် ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့ပြီး အဲဒီနှစ်ပိုင်းတွေမှာ စစ်အသုံးစရိတ် သိပ်မတက်လာခဲ့ပါဘူး။
ဒီမှာ အာဏာရ ဖုယာ့ထိုင်း ပါတီအစိုးရဟာ စစ်တပ်ကို ဖြေသိမ့်ဖို့ သိသာတဲ့ ကြိုးပမ်းမှုတခုကတော့ ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ် လက်ထက်မှာ သူက ကာကွယ်ရေး ဝန်ကြီး တာဝန်ခဲ့ပြီး မနှစ်ကတော့ စစ်အသုံးစရိတ်ကို ၇ ရာခိုင်နှုန်း တိုးခဲ့ပါတယ်။
ကာကွယ်ရေး ဝန်ကြီးဌာန အသုံးစရိတ်ဟာ ၂ဝဝ၄ ခုနှစ်က ဘတ်ငွေ ၇၈ ဒသမ ၅၅ ဘီလီယံ ရှိရာကနေ ၂ဝ၁၄ ရောက်တဲ့အခါ ဘတ်ငွေ ၁၈၄ ဒသမ ၇၄ ဘီလီယံအထိ ရှိလာခဲ့တယ်။ ပြီးခဲ့တဲ့ ၁ဝ နှစ်ကျော် ကာလမှာ စစ်အသုံးစရိတ်ဟာ ဘတ်ငွေ ၁ဝဝ ဘီလီယံကျော် ပိုသုံးလာခဲ့ပြီး ဒါဟာ ၁၃၅ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ဆိုရပါမယ်။
တချို့က ထိုင်းစစ်တပ်ဟာ ဘယ်နိုင်ငံက ဘာလက်နက်တွေ ဝယ်မလဲ ဆိုတဲ့အပေါ် စိုးရိမ်ပူပန်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်ကြီး ဆွန်ထိ ဘွန်ညာရတ်ဂလင် ဦးဆောင်တဲ့ ၂ဝဝ၆ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်း စစ်တပ်ဟာ အမေရိကန်ဆီက M 16 ရိုင်ဖယ်တွေအစား အစ္စရေး နိုင်ငံလုပ် Tavor-21 သေနတ်တွေ ဝယ်ခဲ့ပြီး အမေရိကန်လုပ် သံချပ်ကာ M113 တွေအစား BTR 3E1 တွေကို ဝယ်ခဲ့ပါတယ်။
ထိုင်း လေတပ်ကလည်း အမေရိကန် F16 တိုက်လေယာဉ်တွေအစား ဆွီဒင် နိုင်ငံလုပ် Gripen တိုက်လေယာဉ်တွေကို ဝယ်ခဲ့ပါတယ်။
မစ္စ ယင်လတ် အစိုးရ လက်ထက်တုန်းကလည်း ယူကရိန်းနိုင်ငံက စစ်မြေပြင်သုံး 100 T-84 Oplot တင့်ကားတွေကို ဝယ်ခဲ့ပါသေးတယ်။
စစ်တပ်ရဲ့ ဝယ်ယူမှု စာရင်းတွေနဲ့ ပတ်သက်ပြီး သတင်းဖော်ချက်တချို့အရ သိရတာက အထူးသဖြင့် ရဟတ်ယာဉ်တွေနဲ့ သံချပ်ကာ ကားတွေ အများဆုံးဖြစ်ပါတယ်လို့ ဆိုပါတယ်။
စစ်တပ်က လိုချင်ခဲ့တဲ့အတိုင်း အမေရိကန်က ဘလက်ခ်ဟော့ တိုက်ရဟတ်ယာဉ် ၆ စီးကို ဝယ်ခဲ့သလို အီတလီက Augusta Westland AW139s ၂ စီး၊ ရုရှားက MI 17 ရဟတ်ယာဉ် ၃ စီးလည်း ဝယ်ထားပါတယ်။ တောင်အာဖရိက နိုင်ငံက ဝယ်ယူခဲ့တဲ့ Reva သံချပ်ကာယာဉ်တွေလည်း စာရင်းမှာ ပါဝင်ပါတယ်။
စစ်တပ် သတင်းရင်းမြစ်တခုက အမေရိကန်ဆီက ဘလက်ခ်ဟော့ တိုက်ရဟတ်ယာဉ် ဝယ်ခဲ့တယ်ဆိုတာ သေချာနိုင်တယ် ဆိုပေမယ့် စစ်တပ်က အာဏာသိမ်းခဲ့တာကိုတော့ အမေရိကန်က နှစ်မြို့မှာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။
မကြာသေးမီကပဲ ထိုင်းအာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ် ချာအိုချန်က လာမယ့် ၂ဝ၁၅ ဘဏ္ဍာနှစ်အတွက် ထိပ်တန်း တာဝန်ရှိသူတွေကို လမ်းညွှန်းချက် ချထားပြီးပြီလို့ ထုတ်ပြောထားခဲ့ပေမယ့် စစ်အသုံးစရိတ်ကို ဘယ်လောက် သုံးမယ်ဆိုတာ ထုတ်ပြန်မယ့်ပုံ မပေါ်ပါဘူး။
နိုင်ငံတော် လုံခြုံရေး ကိစ္စတွေအပေါ် မူတည်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ လောက်က စစ်သုံးပစ္စည်းတွေနေရာမှာ တချို့ အသစ်တွေ အစားထိုးသွားဖို့ မဟာဗျူဟာဆိုင်ရာ တိုးတက်မှုတွေလည်း လုပ်ဖို့ လက်ရှိ စစ်ခေါင်းဆောင်က စဉ်းစားမှာဖြစ်ပါတယ်။
ကာကွယ်ရေး ဝန်ကြီးဌာန ဘတ်ဂျက်ရုံးက ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကြီး Apichart Saengrungruang ပြောတာကတော့ ၂ဝ၁၅ ဘဏ္ဍာနှစ် အသုံးစရိတ်ဟာ အဆင်သင့် မဖြစ်သေးဘူးလို့ ဆိုပါတယ်။
ကာကွယ်ရေး အသုံးစရိတ်နဲ့ ပတ်သက်ပြီး ဇူလိုင်လကုန်မှာ အပြီးသတ် ရေးဆွဲဖို့ စီစဉ်ထားတာကြောင့် ထိုင်း တပ်မတော် ကြည်း၊ ရေ၊ လေ ဆိုတဲ့ တပ်အင်အားစု ၃ ခုလုံးကတော့ ဒီလကုန်ပိုင်းမှာ သူတို့ရဲ့ အသုံးစရိတ် ထွက်လာမယ်လို့ မျှော်လင့် ထားကြပါတယ်။
ဒါပေမယ့် ကာကွယ်ရေး ဝန်ကြီးဌာန ဘတ်ဂျက်ရုံးက ညွှန်ကြားရေးမှူး အဆိုအရလည်း လာမယ့် ၂ဝ၁၅ ဘဏ္ဍာနှစ်မှာ ကာကွယ်ရေး အသုံးစရိတ်ဟာ အခုနှစ် ဘတ်ဂျက်အတိုင်းပဲ မပြောင်းလဲနိုင်ပါဘူးလို့ ဆိုထားပါတယ်။
(ဘန်ကောက်ပို့စ် သတင်းစာမှာ ဇွန်လ ၁၈ ရက်နေ့က ဖော်ပြထားတဲ့ ဝါဆနာ နာနုယမ်ရဲ့ All eyes on defence spending ကို လင်းသန့် ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)