ပီနန် ဆရာတော်ကြီး ဦးပညာဝံသ နှင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့တို့ အကြား ပိုင်ဆိုင်မှု အငြင်းပွား လျက် ရှိသော မဟာသနိ္တသုခ ကျောင်းတော်ကြီးကို ဇွန်လ ၁၀ ရက်နေ့၊ ညပိုင်းတွင် ရန်ကုန်တိုင်း သာသနာ ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က ဝင်ရောက်စီးနင်းချိတ်ပိတ်ခဲ့ပြီး သာသနာ ညှိုးနွမ်းစေမှုှုဖြင့် ကျောင်းတိုက် တွင် နေထိုင် သော ပီနန် ဆရာတော် ဦးပညာဝံသ၏ တပည့်ရင်း သံဃာတော် ၅ ပါး ကို လူဝတ်လဲ ဖမ်းဆီးခဲ့သည်။ ဇွန် ၂၀ ရက်နေ့တွင် တာမွေမြို့နယ် တရားရုံးတွင် အမှုစစ်ဆေးခဲ့ပြီး ဖမ်းဆီးခံ ဆရာတော်များကို အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။ ယင်းနောက် ဦးဆန်းဆင့် ရုတ်တရက် ဖမ်းဆီးခံရခြင်း၊ ဝန်ကြီးရာထူး ဖြုတ်ခံရခြင်း၊ ဦးအံ့မောင်ကို ခေါ်ယူမေးမြန်းခြင်းဆိုသော နောက်ဆက် ဆွဲ များစွာ ပေါ်ပေါက်လျက်ရှိရာ ဧရာဝတီအကြီးတန်းသတင်းထောက် စနေလင်းက မန္တလေး မစိုးရိမ် တိုက်သစ် ဆရာတော် ဦးဝီရသူနှင့် မကွေး ပရိယတ္တိ စာသင်တိုက်ဆရာတော် ဦးပါမောက္ခတို့၏ အမြင်များကို တွေ့ဆုံ မေးမြန်း ထားပါသည်။
ဦးဝီရသူ
မေး။ ။ အခုလို သန္တိသုခကျောင်းတိုက်က သံဃာ ၅ ပါးကို ဖမ်းဆီး တရားရုံးတင်ခဲ့တာနဲ့ပတ်သက်လို့ ဆရာတော်အမြင် သိချင်ပါတယ်။
ဖြေ။ ။ အဓိက ပြောရမှာက အာဏာရှင်လက်ထက်တုန်းက သံဃာတော်တွေကို နှိပ်ကွပ်ဖို့ ရေးဆွဲခဲ့တဲ့ မတရားသော ညွှန်ကြားလွှာ တွေရှိတယ်။ အဲဒီညွှန်ကြားလွှာတွေက အခုချိန်ထိ အသက်ဝင်နေတုန်းပဲ။ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော် တပါးပါးက မကျေနပ်ဘူးဆိုရင် အဲဒီညွှန်ကြားလွှာနဲ့ လုပ်ပိုင်ခွင့်ရှိတယ်။ အဲတော့ သနိ္တသုခ အရေးတော် ပုံမှာ ဒီညွှန်ကြားလွှာကို ကိုင်ပြီးတော့ အခုလို အရေးယူတာဖြစ်တယ်။ တကယ်တမ်းမှာ အစိုးရက အရေး ယူခိုင်းတာ မဟုတ်ဘူး။ နိုင်ငံတော် သံဃမဟာနာယက က ညွှန်ကြားချက်အတိုင်း အရေးယူလိုက်တာ။ အဲဒီ ၂၀/၉၀
ညွှန်ကြားချက်မှာ ဗိုလ်ချုပ်ကြီး စောမောင်ကိုယ်တိုင် လက်မှတ်ထိုးပြီး ထုတ်ပြန်ထားတဲ့ ဥပဒေဖြစ်တယ်။ အဲဒီဥပဒေထဲမှာ တိုင်းဒေသကြီး၊ သာသနာရေးအဖွဲ့က တရားလိုလုပ်ပြီးတော့ တရားစွဲရမယ်လို့ ပါတယ်။ အဲဒီ ဥပဒေကြီးနဲ့ ကိုင်လိုက်တာ။
မေး။ ။ အရေးယူခံနေရတဲ့ ဆရာတော်တွေဆိုရင် သင်္ကန်းဝတ်ကြီးနဲ့ တရားရင်ဆိုင်ရမယ့် အနေအထားဖြစ်နေတယ်။
ဖြေ။ ။ မှန်ပါတယ်။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကသာ ဒီအမှုကို ပြန်ရုပ်သိမ်းလိုက်မယ်ဆိုရင် တရားလို လုပ်ထားတဲ့ တိုင်းဒေသကြီးအဖွဲ့က ချက်ချင်း သင်္ကန်းဝတ်ပေးဖို့ စီစဉ်နေတယ်။ သို့သော် နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့က ဆရာ တော်တွေက ဒီလိုသာ ပြန်ရုပ်သိမ်းလိုက်ရင် နောက်အမှုတွေမှာလည်း ဒီလိုပြန်ရုတ်သိမ်းနေရမှာပဲ။ အဲဒီတော့ သူတို့ဘက် က မရုပ်သိမ်းနိုင်ဘူး။ သို့သော် တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို သူတို့တွေက ကန့်ကွက်ဖို့မရှိပါဘူး။ တရားရုံးရဲ့ ဆုံးဖြတ်ချက် အတိုင်း သဘောတူပါတယ်လို့ ဆရာတော်ကြီးတွေက ထပ်မံညွှန်ကြားထားတဲ့အတွက်ကြောင့် အခုတိုင်းဒေသကြီးအစိုးရ နဲ့ တရားရေး ဌာနနဲ့ ညှိပြီးတော့ အာမခံရအောင် လုပ်ပေးလိုက်တယ်။
မေး။ ။ ဒီဖြစ်စဉ်တခုလုံးမှာ မဟနရဲ့ ဝင်ရောက်စွက်ဖက်မှုက ဘယ်လောက်အတိုင်းအတာထိ ရှိမလဲ။ ကျောင်းသိမ်း တဲ့ကိစ္စ ရော၊ အရေးယူတဲ့ကိစ္စမှာရောပေါ့။
ဖြေ။ ။ ဝင်ရောက်စွက်ဖက်မှုတော့ မဟုတ်တော့ဘူး။ သူ့ရဲ့နယ်ပယ်ဖြစ်နေတာကိုး။ တကယ်တမ်းကျတော့ နည်းလမ်း မကျသော အရေးယူမှုလို ဖြစ်နေတယ်။ သံဃာကို အင်အားသုံးပြီးတော့ ဖယ်ရှားတာ၊ ဖမ်းဆီးတာပေါ့။ အဓိက ဒီအရေးအခင်းမှာ ဦးအံ့မောင်ကတော့ တရားခံပဲ။ သူက နှစ်ပေါင်းများစွာလည်း ဒီနေရာမှာ အလုပ်လုပ်လာတဲ့သူ၊
သန္တိသုခနဲ့ပတ်သက်ပြီးတော့ တော်တော်လေးလည်း မက်လောက်အောင် ရထားတဲ့သူ။ လက်လွတ်သွားမယ်ဆိုရင်လည်း ဆုံးရှုံးမှာတွေက အများကြီးလေ။ ပြီးတော့ စာရင်းစစ်တွေဝင်ရင်လည်း သူ့ကိုထိမှာ။ အဲဒီတော့ လုံး၀ အထိမခံဘဲ ဆရာတော် တွေကို ကြိုးကိုင်ခြယ်လှယ်ရင်းနဲ့ တအားကိုကြီးသွားတာ။
မေး။ ။ သာသနာရေး ဝန်ကြီး ဦးဆန်းဆင့် တာဝန်က ရပ်စဲခြင်းခံရတဲ့အပြင် အရေးယူခြင်းလည်းခံရတယ်ဆိုတော့ အဲဒီအပေါ်မှာ ဘယ်လိုသုံးသပ်မလဲ။
ဖြေ။ ။ ဦးဇင်းတို့ ပစ်တာက ဦးအံ့မောင်၊ သို့သော် ဦးအံ့မောင်က လူလည်ဆိုတော့ သူတော်ကောင်းကို အကာအကွယ် ယူနိုင်တာပေါ့။ သူ့ကိုမထိဘဲနဲ့ သူက ဆွဲပြီးခေါ်လိုက်တဲ့ ဦးဆန်းဆင့်ကို ထိသွားတယ်။
မေး။ ။ သမ္မတက သာသနာရေးနဲ့ပတ်သက်လို့ ဝန်ကြီးတပါးကို ဒီလိုအရေးယူတယ်ဆိုတာက နိုင်ငံရေးအရ ထိုးကျွေး ကစားတဲ့ နိုင်ငံရေးကစားကွက် သဘောမျိုးရော မဖြစ်နိုင်ဘူး။
ဖြေ။ ။ ဦးဇင်းတို့ကတော့ အဲဒီလိုမမြင်ဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ဝန်ကြီးကဝန်ထမ်းကောင်း၊ ဧရာဝတီတိုင်း မှာလုပ်တုန်းက လည်းပြည်သူလူထုရဲ့ထောက်ခံမှုကိုရတယ်။ သာသနာရေးဌာနမှာလည်း သံဃာတွေရဲ့ထောက်ခံမှု ကိုရတယ်။ တကယ် ထိုးကျွေးမယ်ဆိုရင်တော့ ဝန်ထမ်းဆိုးကိုထိုးကျွေးမှာပေါ့။ ဝန်ထမ်းကောင်းကို ထိုးမကျွေးပါဘူး။
မေး။ ။ ဒါဆိုရင် ဦးဆန်းဆင့်ကို တာဝန်မှရပ်စဲတဲ့ နောက်ကွယ်မှာ ဘယ်လိုအကြောင်းတွေ ရှိမယ်ထင်လဲ။
ဖြေ။ ။ ဒီဥစ္စာက ဦးအံ့မောင်ကို နိုင်အောင် မထိန်းနိုင်လို့ပဲ။ ဦးအံ့မောင်ရဲ့အစီအမံတွေနဲ့ နည်းလမ်းမမှန်မကန် ဆောင်ရွက်မှု တွေ မှာ တာဝန်ခံပြီးအရေးယူခံရတယ်လို့ မြင်တယ်။
မေး။ ။ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး အစည်းအဝေး( မဘသ )မှာသန္တိသုခအရေးနဲ့ ဆွေးနွေး တာမျိုး ရော ရှိလား။
ဖြေ။ ။ မဘသရဲ့ အဖွဲ့ကြီးက အမျိုးသားရေး တခုထဲကိုလုပ်ဖို့ ဖွဲ့စည်း ထားတာ။ အချင်းချင်း အငြင်းပွားတဲ့ ကိစ္စတွေကို လုံးဝလုပ်မှာမဟုတ်ဘူး။ အဲဒါကြောင့် မဘသအနေနဲ့ သန္တိသုခကိစ္စမှာ ကြေညာချက်မျိုး မထွက်လာတာပေါ့။ မဘသ အမည်နဲ့လုပ်မယ်ဆိုရင်တော့ ကန့်ကွက်မယ်။
ဦးပါမောက္ခ
မေး။ ။ သာသနာရေး ဝန်ကြီးဌာနနဲ့ မဟနတို့ရဲ့ သန္တိသုခ ကျောင်းကို ဝင်သိမ်းလိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး မဟန အပေါ်မှာ ဘယ်လိုသုံးသပ်မလဲ။
ဖြေ။ ။ မဟနရော၊ ရန်ကုန်တိုင်းအစိုးရရော၊ ရန်ကုန်တိုင်း သံဃအဖွဲ့အစည်းမှာရော အာဏာ လွှမ်းမိုးမှုရှိတာက ဦးအံ့မောင် က အဓိက ရေသောက်မြစ်ပါပဲ။ ဦးအံ့မောင် အကြောင်းကိုပြောမှ ရှေ့နောက် ဆက်စပ်မှုရှိမယ်။ မဟာသန္တိသုခ ကျောင်းဟာ ၁၉၉၅ ခုနှစ်မှာ ပီနန်ဆရာတော်ကြီးရဲ့ နာမည်နဲ့ နှစ် ၆၀ ဂရန်ပေါက်တယ်။ ၁၉၉၉ ခုနှစ်မှာ ပြည်တွင်း၊ ပြည်ပ အလှူရှင် တွေနဲ့ ကျောင်းတော်ကြီး ကိုဆောက်လုပ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ် မောင်အေး၊ ဗိုလ်ချုပ်ခင်ညွှန့် တို့က ပီနန်ဆရာတော်ကို ရေစက်ချလှူဒါန်းတယ်။ ၂၀၀၀ ခုနှစ်မှာ ကျောင်းရေစက်ချ ပွဲလုပ်ပြီး ဂရန်ထက်ခိုင်တဲ့ ပတ္တာ စာချုပ်ကို ရရှိတယ်။ အဲဒီမှာ စင်ကာပူက ပီနန်ဆရာတော်ရဲ့ ကိုယ်စား ဦးစောမြင့်လို့ ပါလာတယ်။ ပီနန်ဆရာတော် ရယ်လို့ တိုက်ရိုက်တော့ မပါဘူး။ ဆရာတော်က ရန်ကုန်မှာမရှိတဲ့အတွက်ကြောင့် စိတ်ချရတဲ့ ဒကာတယောက်က ကိုယ်စား နဲ့ ကျလာတယ်။ ဒါကပိုင်မှု ဆိုင်မှုတွေပေါ့။ကျောင်းပိုင်ဆိုင်မှုက အဲဒီလိုရှိတယ်။ မဟနက ပီနန် ဆရာ တော်ကြီး မရှိခင် ညဘက်ကြီး ဝင်စီးခဲ့တာ။ မဟန က ဦးအံ့မောင်ရဲ့ နောက်ကွယ်က တိုက်တွန်းမှုတွေ၊ နိုးဆော်မှုတွေကြောင့် လုပ်တယ် လို့မြင်တယ်။ မဟနရဲ့ သဘောထားတင်းမာတာတွေ ရှိလာတာတွေ့ရတယ်။ အဲဒီအပိုင်း တွေက အများကြီး။ ဦးအံ့မောင်ရဲ့ ကစားမှုတွေလည်းပါ တယ်။ မဟန ကိုယ်တိုင်ကလည်း ဒီကျောင်းကြီးကို လိုချင်တပ်မက်မှု ရှိတာလည်း ပါတယ်။ ကြားထဲကနေ သံဃာနဲ့ သံဃနာယကကို တမျိုး၊ သံဃနာယကနဲ့ အစိုးရကို တမျိုး၊ သွေးခွဲအောင်တွေ ယုံမှားသံသယတွေဖြစ်အောင် လုပ်ပြီး ဒီကျောင်း ကြီးကို ဝင်စီးကြတယ်။ ရန်ကုန်တိုင်း သံဃနာယက ဥက္ကဋ္ဌတို့လည်း ပါတယ်။
မေး။ ။ သာသနာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဆန်းဆင့်ဆိုရင် သန္တိသုခ ကိစ္စနဲ့ပဲ တာဝန်က ရပ်စဲခြင်းခံရတယ်။ အရေးယူခြင်းခံနေရပြီဆိုတော့ သူက တကယ်ပဲ တာဝန်ရှိတဲ့သူလား။
ဖြေ။ ။ ဦးဆန်းဆင့်က ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ကနေ ပြောင်းလာတဲ့သူပါ။ ရောက်တာ ၁ နှစ်လောက်ပဲ ရှိသေးတယ်။ ဦးဆန်းဆင့်ဟာ ဦးအံ့မောင်ရဲ့ လှည့်ကွက်ထဲ ဝင်သွားတယ်လို့ ထင်တယ်။ ဦးအံမောင်ဟာ နှစ် ၅၀ ဆယ်လောက် ဘုန်းကြီးတွေဆီက ချော့တလှည့်၊ ခြောက်တလှည့်နဲ့ တောင်းပြီး စားသောက်နေတဲ့သူပါ။
အဲတော့ ဦးအံ့မောင်ရဲ့ လှည့်ကွက် တွေကို ဦးဆန်းဆင့်က ဘာမှ မသိနိုင်ဘူူး။ ရာထူးအနေအထားက ဝန်ကြီး ဖြစ်နေသော်လည်း လုပ်ငန်းကျွမ်းကျင်မှု၊ လိမ်လည်မှုတွေက ဦးအံ့မောင်ရဲ့ အကျင့်တွေကို ဦးဆန်းဆင့်က ဘယ်လိုမှ မသိနိုင်ဘူး။ ဦးအံ့မောင်ရဲ့ လှည့်ကွက်ကြောင့် ဦးဆန်းဆင့်က ကြားထဲက ထိုးကျွေးခံလိုက်ရတယ်လို့ မြင်တယ်။
ဦးဆန်းဆင့်ဝန်ထမ်းတယောက် ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတာ ဝမ်းနည်းတယ်။ စိတ်မကောင်းဖြစ်မိပါတယ်။
မေး။ ။ မဘသအနေနဲ့ သန္တိသုခကျောင်းတိုက် ကိစ္စနဲ့ပတ်သက်လို့ ကြေညာချက်တွေ ဘာလို့ မထုတ်တာပါလဲ။
ဖြေ။ ။ အဲဒီအပေါ်မှာ မသုံးသပ်ပါရစေနဲ့။ သုံးသပ်လိုက်ရင် မဘသနဲ့ သဘောထား မတိုက်ဆိုင်တာတွေ အများ ကြီးရှိတယ်။ သန္တိသုခနဲ့ ပတ်သက်လို့ ပုဂ္ဂိုလ်ရေးအရပဲလုပ်တယ်။ မဘသနဲ့ ပတ်သက်တာဆိုရင် မဖြေချင်ဘူး။ သူတို့ရဲ့ သဘောထားတွေ ဘယ်လိုပဲရှိရှိ အမှန်တရားကို ဘယ်လိုမှ ပြောင်းနိုင်မှာမဟုတ်ဘူး။ အဲဒီတော့နားလည်မှု ပေးပါ။