အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Mr. Tom Malinowski ဦးဆောင်ပြီး၊ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေး ဝန်ကြီးဌာနများမှ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တဖွဲ့သည် ဇွန်၂၂ ရက်မှ စတင်ပြီး မြန်မာနိုင်ငံ သို့ လေ့လာရေး ခရီးစဉ်အဖြစ် ရောက်ရှိ နေသည်။
အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်၊ ရန်ကုန်၊ ကရင်ပြည်နယ် ဘားအံနှင့် မွန်ပြည်နယ် မော်လမြိုင်မြို့များသို့ သွားရောက်ရန် ရှိပြီး မြန်မာနိုင်ငံတွင် ဇွန်လ ၂၈ ရက် အထိ လေ့လာသွားမည်ဟု သတင်းထုတ်ပြန်ချက် အရ သိရသည်။
သတင်းထုတ်ပြန်ချက်တွင် အမေရိကန် အဖွဲ့သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ တာဝန် သိ ရင်းနှီးမြှုပ်နှံမှု တိုးတက် မြင့်မားလာစေရေး၊ လူ့အခွင့်အရေး ဆိုင်ရာများကို မြန်မာစစ်တပ် ထိပ်တန်း ခေါင်းဆောင်များနှင့် စေ့ စပ် ညှိနှိုင်း ဆွေးနွေးမှုများ လုပ်ဆောင်မည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ကိုယ်စားလှယ် အဖွဲ့သည် အရပ်ဘက် လူထုအခြေပြု လူမှုအဖွဲ့အစည်းများ အပါအဝင် တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေး ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ လာမည့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲများနှင့် ပတ် သက်၍ လည်းကောင်း၊ လူ့အဖွဲ့အစည်းများတွင် ရင်ဆိုင်နေကြရသည့် အခြေခံ အခက်အခဲများနှင့် မဲဆန္ဒနယ်များ၏ အခက်အခဲများနှင့် ပတ်သက်၍လည်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အဖွဲ့သည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် ခရီးစဉ်အတွင်း လက်ထောက်ဝန်ကြီး Malinowski သည် တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များ၊ ဘာသာရေး ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံကာ မတူကွဲပြားမှုများ အကြား သည်းခံမှုတရား ပိုမို တိုးပွားလာစေရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အမေရိကန် ပြည်ထောင်စုက မည်ကဲ့သို့ အကောင်းဆုံး အထောက်အပံ့ အကူအညီ ပေးသွားနိုင်မည်ကိုလည်း တွေ့ဆုံ ဆွေးနွေးသွားမည်ဟု ဆိုသည်။
လက်ထောက်ဝန်ကြီး Malinowski သည် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ နိုင်ငံရပ်ခြားမှ ငွေနှင့် ပိုင်ဆိုင်မှု ပစ္စည်းများ ထိန်းချုပ်ရေး ဆိုင်ရာ ဌာနခွဲမှ တွဲဖက် ဒါရိုက်တာ ဂျွန်စမစ်နှင့် ပူးတွဲပြီး ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ လူ့အခွင့်အရေး၊ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာကိစ္စ၊ နိုင်ငံတကာနှင့် ပြည်တွင်း လုပ်ငန်းရှင်များနှင့် တာဝန်သိ ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်များကို ရန်ကုန်မြို့တွင် ဆွေးနွေးသွားမည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
အမေရိကန် ကိုယ်စားလှယ်အဖွဲသည် U.S. Specially Designated National List စာရင်းတွင် လက်ရှိ ပါဝင်နေသည့် မြန်မာစီးပွားရေး အသိုင်းအဝိုင်းမှ တသီးပုဂ္ဂလ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရန် ကမ်းလှမ်းထားပြီး တွေ့ဆုံသည့် အခါ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေး ကိစ္စများကို အဓိပ္ပာယ်ရှိရှိ ရှေ့တိုးဆောင်ရွက်ရေး အထောက်အပံ့ ပေးရေး ကိစ္စများကို ဆွေးနွေးမည်ဟု သိရသည်။
လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Malinowski သည် ရခိုင်ပြည်နယ်တွင် လတ်တလော ရင်ဆိုင်နေရသော လူသားချင်း စာနာ မှုဆိုင်ရာ အခြေအနေများကို မြန်မာ့နိုင်ငံရေးတွင် အဓိက ကျသူများနှင့် ဆွေးနွေးမည် ဖြစ်သည်ဟု သိရသည်။
ယင်းအဖွဲ့၏ နေပြည်တော် ခရီးစဉ် အတွင်း လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Malinowski ၊ အမေရိကန်၏ ပစိဖိတ်ဒေသ တောင်ဘက်နဲ့ အရှေ့တောင်အာရှ စစ်တပ်များ ဆိုင်ရာ လက်ထောက် စစ်ဗျူဟာမှူးကြီး၊ လက်ထောက် ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ် Anthony Crutchfield တို့က မြန်မာ့တပ်မတော်မှ အဆင့်မြင့်အရာရှိများ အပါအဝင် အရပ်ဘက် အစိုးရ ထိပ်တန်းခေါင်း ဆောင် များနှင့် တွေ့ဆုံကာ အမေရိကန် ပြည်ထောင်စုမှ စိုးရိမ်ပူပန်နေသည့် လူ့အခွင့်အရေး အခြေအနေများကို ဆွေးနွေးမည် ဖြစ် ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Mr. Tom Malinowski သည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး နှင့် အလုပ်သမား ဆိုင် ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး တာဝန်ကို ၂၀၁၄ ခုနှစ် ဧပြီ လအတွင်းက စတင် ထမ်းဆောင်သည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက်၌ တွေ့ရသည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း မစ္စ ဟီလာရီ ကလင်တန်သည်လည်း မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ် နိုဝင်ဘာ လကုန်ပိုင်း က ထိပ်တန်း ခေါင်းဆောင် တဦး အနေနှင့် ပထမဆုံး အကြိမ် လာရောက်ခဲ့သေးသည်။