Religion

ဦးဆန်းဆင့်နေရာ အစားထိုးမည့် ဦးစိုးဝင်းလည်း ငွေကြေး အရှုပ်အရှင်း ရှိ

This article has been converted from Zawgyi One to Unicode

သမ္မတ ဦးသိန်းစိန်က ဦးဆန်းဆင့်ကို ငွေအလွဲသုံးစားမှုဖြင့် ရာထူးမှ ရပ်ဆိုင်းခဲ့သော်လည်း သာသာနာရေးဝန်ကြီးအဖြစ် ပြည်ထောင်စု လွှတ်တော်သို့ အမည်စာရင်း တင်သွင်းထားသူ သာသာနာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးစိုးဝင်းမှာလည်း ယခင် ပြန်ကြားရေး ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က ဌာနတွင်း ငွေကြေးပြဿနာများ ပေါ်ပေါက်ခဲ့ဖူးသောကြောင့်  သမ္မတ၏ ဆောင်ရွက်ချက် အဆီအငေါ်မတည့်ဟု ဝေဖန်သူများ ရှိလာနေသည်။

သာသာနာရေး ဝန်ကြီး ဖြစ်လာတော့မည့် ဦးစိုးဝင်းသည် ယခင်ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းဌာနတွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က မြန်မာ့အလင်း သတင်းစာတိုက်တွင် ငွေကျပ် သိန်း ၈၀၀၀ ငွေစာရင်း ကွာဟမှု ဖြစ်ပေါ်ခဲ့ဖူးကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဧရာဝတီကို ပြောသည်။

“ (သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှာ) သူ ဦးဆောင်ညွှန်ကြားရေးမှူး လုပ်ခဲ့တုန်းက ပြဿနာတွေ ရှိခဲ့တယ်။ သတင်းစာ စက္ကူတွေကို နိုင်ငံခြားကနေ ဒေါ်လာနဲ့ သွင်းတာပေါ့။ မြန်မာငွေ ၁၂၀ နဲ့ ပြန်တွက်ပြီးတော့ သတင်းစာကို အမြတ်ရပါတယ် ပြောသေးတယ်။ တကယ်တမ်းက ဘယ်မြတ်မလဲ။ သူက ဒေါ်လာနဲ့ လဲတဲ့ငွေကို ကျပ် ၁၂၀ ပဲ ပြတာ ။ တကယ်တမ်း အပြင်မှာ ပေါက်နေတာက တစ်ထောင်ကျော် ရှိတယ်။ နောက်တခုက စောင်ရေတွေ ပိုပြတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိတယ်ဆိုပြီးတော့ အမှုရင်ဆိုင်ဆဲပဲ။ အမှုကလည်း မပြီးသေးဘူး”ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောသည်။

ယင်းကဲ့သို့ ငွေစာရင်းကွာဟမှုနှင့် ပတ်သက်ပြီး ငွေကိုင်မန်နေဂျာ၊ စာရင်းကိုင်နှင့် ဖြန့်ချိရေးတာဝန်ခံ သုံးဦးတို့ကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့် တရားစွဲခဲ့ပြီး အမှုမှာ  ယခုထိ မပြီးဆုံးသေးပေ။ ပြန်ကြားရေး ဝန်ကြီးဌာန၏ ၂၀၁၀ -၂၀၁၁ ငွေစာရင်း ရှင်းတန်းတွင် ကျပ် သိန်း ၈၀၀၀ စာရင်း ကွာဟနေမှုနှင့် ပတ်သက်ပြီး တာဝန်အရှိဆုံးဖြစ်သူ ဦးစိုးဝင်းမှာမူ သာသနာရေး ဒု-ဝန်ကြီးအဖြစ် ရာထူးတိုးသွားခဲ့သည်။

သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့် ယခု တာဝန်မှ ရပ်ဆဲပြီး ဖမ်းဆီးထိန်းသိမ်းခံရသည့်အခါ ငွေကျပ် သိန်း ၁၀၀ အလွဲသုံးစားလုပ်သည်ဟု အစိုးရက အကြောင်းပြထားသည်။

“ အရေးယူမယ်ဆိုတော့ အကုန်လုံး အရေးယူလို့ ရတာချည်းပဲ။ ဒီမှာက ဝါးတီးဖွင့်ချင်ရင်ဖွင့် သမ္မတကိုတော့ သွားခံမပြောနဲ့ ။ သူ(ဦးဆန်းဆင့်)ကတော့ ဘာမှ မစားဘဲနဲ့ ထော်လော်ကန့်လန့် တိုက်လို့ ပြုတ်သွားတာ။ သူက အစိုးရအဖွဲ့ထဲမှာ စုန်းပြူးတယောက်လို ဖြစ်နေဟန် တူတယ်။ အခုဟာက ပြုတ်လို့မနူးရင် ကောက်ပြီး လွှင့်ပစ်ရမှာပဲ။ သမ္မတနောက်ကို ကတ္တီပါသားနဲ့လိုက်ရမှာ ထယ်ထိုးပြီး လိုက်ဟန်တူတယ်။ အဲဒါကြောင့် သမ္မတက ထားခဲ့တာ” ဟု အမျိုးသား လွှတ်တော်အမတ် ဦးလှဆွေက ဦးဆန်းဆင့် ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ကောက်ချက်ချသည်။

ဦးစိုးဝင်းကို သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် အတည်ပြုပေးမည့် လာမည့် ဇွန်လ ၂၅ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ယခု အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ် အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံတင်ပြမှုဆိုင်ရာ ကော်မတီတွင် ဥက္ကဌ တာဝန်ယူထားသူ ပြန်ကြားရေး ဝန်ကြီးဌာနတွင် ဦးဆောင်ညွှန်ကြားရေးမှူးတာဝန် ထမ်းဆောင်ခဲ့သူ တပ်မတော် အငြိမ်းစား ဗိုလ်မှူးကြီးဟောင်းဖြစ်သူ ဦးအောင်ငြိမ်းက ကန့်ကွက်ဖွယ်ရှိနေသည်ဟု လွှတ်တော်သတင်းရပ်ကွက်မှ စုံစမ်းသိရသည်။

ဦးအောင်ငြိမ်းကို အတည်ပြုနိုင်ရန် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။

Loading