Ethnic Issues

အစိုးရ စစ်တပ်နှင့် TNLA တိုက်ပွဲကြောင့် ဒေသခံ ၂၀၀၀ နီးပါး တိမ်းရှောင်ရ

This article has been converted from Zawgyi One to Unicode

အစိုးရ စစ်တပ်နှင့် ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့သည် ဇွန်လ ၂၁ ရက်မှ ယနေ့အထိ ရှမ်းပြည် နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၊ မာန်အောင်ရွာ အနီး၌ တိုက်ပွဲ ဖြစ်ပွားသဖြင့် ဒေသခံ ၂၀၀၀ နီးပါး ထွက်ပြေး တိမ်းရှောင်နေရ သည်ဟု သိရသည်။

တိုက်ပွဲကြောင့် ထွက်ပြေးနေရသည့် ကျေးရွာများမှ ဒေသခံ ပြည်သူများသည် အဆိုပါ အရပ်၌ ဒုက္ခသည် စခန်းများ မရှိသဖြင့် နမ့်ခမ်းမြို့ပေါ်ရှိ နီးစပ်ရာ ဆွေမျိုးများထံ ခိုလှုံနေရသည်ဟုလည်း ဒေသခံများက ပြောသည်။

တိုက်ပွဲသည် ဇွန်၂၁ ရက် နံနက် ၄ နာရီခွဲမှ စတင် ဖြစ်ပွားခြင်း ဖြစ်ပြီး နှစ်ဖက်တပ် မှ စစ်သားများ သေဆုံးမှု ရှိကြောင်း၊ အစိုးရ တပ်နှင့် TNLA တပ်တို့သည် အနီးကပ် တပ်စခန်းများ တည်ရှိနေသဖြင့် အချိန်မရွေး တိုက်ပွဲများ ပြန်ဖြစ်နိုင်ကြောင်း TNLA ပြန်ကြားရေး ဒု တာဝန်ခံ တာပန်လ က ဧရာဝတီကို ပြောသည်။

“ကျနော်တို့ဘက်က တပ်သား နှစ်ဦးနဲ့ အစိုးရဘက်က ငါးဦးကနေ ဆယ့်နှစ်ဦးကြား ကျဆုံးတယ်။ တိုက်ပွဲက အချိန်မရွေး ပြန်ဖြစ်နိုင် တယ်။ နိုင်ငံရေး ဆွေးနွေးဖို့ အတွက် ဖိအားနဲ့ ခြေမှုန်းနေတာလားတော့ မသိပါဘူး”ဟု ၎င်းက ဆိုသည်။

TNLA ထိန်းချုပ်ရာနယ်မြေ ဖြစ်သည့် ကွတ်ခိုင် မြို့နယ်၊ မန်တုံ ၊ နမ့်ခမ်းမြို့၊ နမ့်ဆန်မြို့ နှင့် သီပေါမြို့နယ်များတွင် အစိုးရ တပ်မများစွာ လာရောက် အခြေချနေသည်ဟုလည်း တာပန်လက ပြောဆိုသည်။

TNLA အထွေထွေ အတွင်းရေးမှူး ဒုဗိုလ်မှူးကြီး တာဘုန်းကျော်က “အစိုးရတပ်က ကျနော်တို့ကို အပြတ် ချေမှုန်းဖို့ လုပ်နေတာ။ တိုက်ပွဲကတော့ ထပ်ရှိဦးမှာပါ။ အခုရက်ပိုင်း တိုက်ပွဲတွေက ပြင်းထန်းတော့ ရွာထဲကို လက်နက်တွေ ကျတယ်။ ရွာသားတွေကို တော့ မထိဘူး။ ရွာသားတွေလည်း ရွာမှာ မနေရဲတော့ လုံခြုံတဲ့ နေရာကို ခိုလှုံရတယ်”ဟု ဧရာဝတီကို ပြောပြသည်။

အစိုးရ စစ်တပ်က တိုင်းရင်းသား လက်နက်ကိုင်များကို အပြင်းအထန် တိုက်ခိုက် နေမည်ဆိုပါက ပြည်တွင်းစစ် ရပ်ဆိုင်းရန် အလွန် ဝေးကွာမည် ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ယင်းဒေသတွင် TNLA  ဦးဆောင်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အင်တိုက်အားတိုက် လုပ်ဆောင်နေသည့် အတွက် ဘိန်း စိုက်ပျိုး သည့် ပန်းဆေး ပြည်သူ့စစ်များ၏ ခြိမ်းခြောက်မှုကို မကြာခဏ ခံနေရပြီး တိုက်ပွဲများ ဖြစ်နေရခြင်း ဖြစ်ကြောင်း TNLA စစ်ဦးစီးမှူးက ဧရာဝတီကို ပြောသည်။

TNLA နှင့် အစိုးရသည် ၂၀၁၃ ခုနစ် ဇူလိုင်လ ၃၁ ရက်က မူဆယ်မြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး နောက်ပိုင်း ထပ်မံ တွေ့ဆုံမှု မရှိကြောင်း သိရသည်။

TNLA နှင့် KIA တို့ အခြေချ နေထိုင်သည့် ရှမ်းပြည်နယ် မြောက်ပိုင်း၌ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ) လက်အောက်ခံ တပ်ရင်း ၈ ရင်း ၊ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) ၁၊ စကခ ၁၆၊ တပ်မ ၇၇၊ တပ်မ ၈၈ နှင့် တပ်မ ၅၅ အပါအဝင် စုစုပေါင်း တပ်ရင်း ၄၇ ခုက နယ်မြေစိုးမိုးရေး ဆောင်ရွက်နေကြောင်း TNLA ပြန်ကြားရေး ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယနေ့တွင်လည်း ကျောက်မဲမြို့နယ်၊ ပန်ကပျံ ကျေးရွာ အနီးတွင် ပလောင်(တအာင်း) တပ်မတော် ဗျူဟာ (၂) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း (၇၁၇)နှင့် အစိုးရ တပ်မ (၈၈)တို့ နှစ်ဘက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု TNLA ပြန်ကြားရေးမှ ဒု တာဝန်ခံ တာပန်လ က ဧရာဝတီသို့ ပြောသည်။

အင်အား ၃၀၀ ခန့် ရှိသော အစိုးရစစ်တပ် တပ်မ (၈၈) သည် ယင်းဒေသတွင် လှုပ်ရှားနေသော ပလောင်(တအာင်း) တပ်မတော် အား လိုက်လံ တိုက်ခိုက်ရာမှ နှစ်ဖက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

Loading