ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ် စာရင်းဝင်ဖြစ်လာသည့် သရေခေတ္တရာ၊ ဟန်လင်းနှင့် ဗိဿနိုး ရှေးဟောင်းမြို့ ဧရိယာများအတွင်း လိုက်နာရမည့် စည်းကမ်းချက်များ ထုတ်ပြန်သွားမည်ဟု သိရသည်။
ရှေးဟောင်းမြို့ နယ်မြေများအတွင်း အဆောက်အအုံ တိုးချဲ့ဆောက်လုပ်ခြင်း၊ နေအိမ်များ ဆောက်လုပ်ခြင်းနှင့် စိုက်ပျိုးမြေ စသည့် ကိစ္စများအတွက် လိုက်နာရမည့် စည်းကမ်းချက်များကို ဥပဒေနှင့်အညီ ထုတ်ပြန်ကြေညာ သွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ဒု ဝန်ကြီး ဒေါ်စန္ဒာခင်က ယမန်နေ့ညက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် အထူးဧည့်သည်ဆောင် ခန်းမတွင် မီဒီယာများသို့ ပြောကြားသည်။
“ရှေးဟောင်းမြို့နယ်မြေတွေကို ထိန်းသိမ်းစောင့်ရှောက်ပါမယ်လို့ သမ္မတ ဦးသိန်းစိန် ကိုယ်စား ကျမက အာမခံခဲ့ရတာကြောင့် ဒေသတွင်းမှာ အသိပညာပေးမှုတွေကို တောက်လျှောက် လုပ်သလို စည်းကမ်းတွေကို ထုတ်ပြန်သွားမှာပါ။ စည်းကမ်းတင်းကျပ်မယ် လို့တော့ ပြောချင်တာ မဟုတ်ပါဘူး” ဟု ဒု ဝန်ကြီး ဒေါ်စန္ဒာခင်က ပြောသည်။
လက်ရှိတွင် မြို့ဟောင်း ဧရိယာအတွင်း နေထိုင်နေသည့် ဒေသခံများကိုလည်း နေအိမ်များမှ ဖယ်ရှားခြင်း ပြုလုပ်မည် မဟုတ်ကြောင်း၊ ကာကွယ်ထိန်းသိမ်းရေး ဇုန် နယ်မြေများ သတ်မှတ်ထားပြီး ဖြစ်သည့်အတွက် ဒေသခံများအနေဖြင့် အဆောက်အအုံ တိုးချဲ့ဆောက်လုပ်ခြင်း ပြုလုပ်မည်ဆိုပါက ရှေးဟောင်း အဆောက်အအုံများအပေါ် သက်ရောက်မှု ရှိမရှိ ကွင်းဆင်းစစ်ဆေးပြီးမှသာ အဆောက်အအုံသစ် ဆောက်လုပ်ရန် ခွင့်ပြုသင့် မပြုသင့်စဉ်းစားဆုံးဖြတ်မည် ဟုလည်း သိရသည်။
အဆိုပါမြို့ဟောင်းနယ်မြေများကို ကာကွယ်ထိန်းသိမ်းမှုတွင် ကူညီရန်အတွက် Panasonic ကုမ္ပဏီနှင့် ANA လေကြောင်းလိုင်း ကလည်း နှုတ်ကတိပေး ကမ်းလှမ်းထားသည်ဟု ဆိုသည်။
ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ပြုလုပ်ခဲ့သည့် ကမ္ဘာ့အမွေအနှစ် ကော်မတီ၏ ၃၈ ကြိမ်မြောက် အစည်းအဝေးတွင် တက်ရောက်လာသည့် နိုင်ငများက ပျူမြို့ဟောင်းသည် မြန်မာတို့၏ ရှေးအကျဆုံး မြို့ပြဖြစ်သကဲ့သို့ အရှေ့တောင်အာရှ ဒေသတွင် ကျန်ရှိခဲ့သည့် တန်ဖိုးကြီးမားသော နန်းမြို့တော်ကြီးဖြစ်ကြောင်း၊ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံ၊ ထေရဝါရ ဗုဒ္ဓဘာသာ ထွန်းကားခဲ့ရာ နေရာဖြစ်သည့်အတွက် လေ့လာစရာ စံပြ ပြယုဂ်အဖြစ် သတ်မှတ်ရမည့် နေရာတခုဖြစ်သည်ဟု ဆိုကာ ထောက်ခံကြသည်ဟု ဒေါ်စန္ဒာခင်က ရှင်းပြသည်။
အစောပိုင်းတွင် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ အကြံပေးအဖွဲ့ International Council on Monuments and Sites (ICOMOS) က ဒေသတွင်း လိုအပ်ချက်များနှင့် စီမံခန့်ခွဲမှု ကိစ္စများစွာ လိုအပ်ချက်များ ရှိနေသည့်အတွက် နောက်ထပ် ၂ နှစ်ခန့် ကြာမှသာ အမွေအနှစ် စာရင်းဝင်အဖြစ် တင်ပြရန် ကန့်ကွက်ခဲ့သေးသည်။
“ဧည့်သည်တွေ လာရင် ဘယ်လိုစီစဉ်ပေးမလဲ၊ ရာသီဥတု ဖောက်ပြန်ခဲ့ရင် ရှေးဟောင်း အဆောက်အအုံတွေ မပျက်စီးအောင် ဘယ်လို ကာကွယ်မလဲ၊ မြို့ဟောင်းတွေ ကြားထဲ လူတွေ တိုးချဲ့နေထိုင်လာမယ်ဆိုရင်၊ သဘာဝမြင်ကွင်းတွေ ပျက်သွားမယ်ဆိုရင် ဘယ်လို ကာကွယ်မလဲ ဆိုတာတွေကြောင့် ဆိုင်းငံ့မယ်ဆိုပြီး ပြောခဲ့တာ” ဟု ဒု ဝန်ကြီး ဒေါ်စန္ဒာခင်က ရှင်းပြသည်။
သို့သော် သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုး ရှေးဟောင်းမြို့သုံးမြို့ကို World Heritage List ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်ကော်မတီ၏ ၃၈ ကြိမ်မြောက် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်၍ အတည်ပြု ၍ သတ်မှတ်လိုက်သည်။
ယဉ်ကျေးမှု ဝန်ကြီးဌာနက ပျူမြို့ ၃ မြို့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေးအတွက် ၂၀၁၁ ခုနှစ်ကတည်းက စတင် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ ပြင်ဆင်နိုင်ရန်အတွက် ယူနက်စကိုက အမေရိကန်ဒေါ်လာ ၃ သောင်း ကူညီခဲ့ပြီး အီတလီ နိုင်ငံက ယူရို ၄ သိန်းနှင့် ရှေးဟောင်း ပညာရှင်များပါ ပို့လွှတ်ပြီး ထိန်းသိမ်းနည်း အတတ်ပညာများ သင်ကြားပေးခဲ့သည်။
ထို့အပြင် ပျူမြို့ဟောင်းများအတွက် Management Plan ရေးဆွဲရန် သီရိလင်္ကာနိုင်ငံမှ ပညာရှင်များ၊ ပျူရှေးမြို့ဟောင်းများနှင့် ပတ်သက်၍ ပြုစုမည့် စာတမ်းများကို တည်းဖြတ်ရန် အင်္ဂလန်မှ ပညာရှင်တွေများလည်း ငှားရမ်းခဲ့ကြောင်း သိရသည်။