မွေးဖွားလာစဉ် ကတည်းက ဦးခေါင်းတလုံး၊ ခန္ဓာကိုယ် နှစ်ခု ပါရှိလာတဲ့ မြန်မာနိုင်ငံသား ၆ လသားအရွယ် မိန်းကလေး ငယ် တဦး ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့က Maharaj Nakorn Chiang Mai Hospital မှာ ဒီကနေ့ ခွဲစိတ်ကုသမှု ခံယူ နေတယ်လို့ သိရပါတယ်။
ခွဲစိတ်မှုအတွက် ကုန်ကျစရိတ်တွေကိုတော့ Maharaj Nakorn Chiang Mai Hospital ဆေးရုံကြီးကပဲ တာဝန်ယူသွားမှာ ဖြစ်တယ်လို့ ကလေးငယ် ဆေးကုသနိုင်ရေး အတွက် ကူညီဆောင်ရွက်ပေးနေတဲ့ ရှမ်း အမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှား ဆောင်ရွက်ရေး အသင်း (SWAN) အဖွဲ့က ပြောပါတယ်။
“ဒီမနက်မှာ စပြီး ခွဲစိတ်မှုလုပ်ပါတယ်။ အဖြေကတော့ မသိရသေးပါဘူး။ သူ့ရဲ့ခန္ဓာကိုယ် အကြီးရဲ့ ညာဘက် ရင်အုံ ကနေပြီး တော့ နောက်ထပ် ခန္ဓာကိုယ်အသေးလေးပွားထွက်နေတာပေါ့။ သူ့မှာလည်း ခန္ဓာကိုယ် အကြီးလို လက်နှစ်ဖက်၊ ခြေထောက် နှစ်ဖက်ပါတယ်။ ဆီးသွားလို့လည်းရတယ်” လို့ SWAN အဖွဲ့တာဝန်ခံ နန်းဆိုင်မွန်း က ဧရာဝတီကို ပြောပါ တယ်။
ခွဲစိတ်ကုသမှုခံယူနေတဲ့ မြန်မာကလေးက ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှဖြစ်ပြီး မိဘတွေက ဆေးကုသ ပေး လိုတဲ့ အတွက် SWAN အမျိုးသမီးအဖွဲ့ ကိုဆက်သွယ်ပြီး အကူ အညီတောင်းခဲ့တာလို့ဆိုပါတယ်။ SWAN အဖွဲ့က လည်း ချင်းမိုင် မြို့ကဆေးရုံကြီး တွေကို ဆက်သွယ်ခဲ့ရာမှာ Maharaj Nakorn Chiang Mai Hospital နဲ့သဘောတူညီမှု တွေရရှိ ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
“သူ့ကျောက်ကပ်က သုံးခုပါနေတာပေါ့နော်၊ ကိုယ်ခန္ဓာအကြီးမှာ ကျောက်ကပ် နှစ်လုံးပါတယ်။ ကိုယ်ခန္ဓာအသေးမှာ ကျောက်ကပ် တလုံးပဲ ပါတယ်။ နောက်ပြီးတော့ နှလုံးကလည်း ညာဘက်မှာရောက်နေတယ်။ ခန္ဓာကိုယ် အသေးလေးက ခဏခဏ ဆီးသွားတယ်။ ကလေးရဲ့ကျန်းမာရေးကတော့ သာမန်ကလေးတွေလို စားနိုင်သောက်နိုင်တယ်” လို့ နန်းဆိုင်မွန်း ကပြောပါတယ်။
ကလေးရဲ့ ခန္ဓာကိုယ်ပွားကို အသက်အရွယ်ကြီးရင့်မှ ဖြတ်တောက်မယ်ဆိုရင် ခွဲစိတ်ဖို့အတွက် အန္တရာယ်များသလို စားတဲ့ အဟာရတွေကလည်း ခန္ဓာကိုယ်နှစ်ခုကို မျှထုတ်ပေးနေရတဲ့ အတွက် ကလေးရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင် တယ် လို့ ဆရာဝန်တွေက မှတ်ချက်ပြုကြောင်း၊ ခွဲစိတ်မှုပြီးရင်တော့ Maharaj Nakorn ဆေးရုံကြီးမှ ဆရာဝန်တွေက သတင်းစာ ရှင်းလင်းပွဲတခုပြုလုပ်ဖို့ရှိတယ်လို့ သိရပါတယ်။
ဆေးကုသဖို့ အခက်အခဲဖြစ်နေတဲ့ ကလေးငယ်ကို ခွဲစိတ်နိုင်ဖို့ အတွက် ကူညီဆောင်ရွက်ပေးနေတဲ့ ရှမ်း အမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှား ဆောင်ရွက်ရေးအသင်း (SWAN) အဖွဲ့ဟာ ထိုင်းနိုင်ငံမှာ အခြေစိုက်ပြီး ရှမ်းပြည်နယ်၊ လူအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနဲ့ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး၊ ထိုင်းနိုင်ငံကိုရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား ရှမ်း ဒုက္ခသည် တွေရဲ့ ပညာရေး၊ ကျန်းမာရေးတို့အတွက်လည်း ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့ဖြစ်ကြောင်း၊ ၂၀၀၂ ခုနှစ်ထဲမှာ “မုဒိန်း ကျင့်ခွင့် လိုင်စင်” လို့ အမည်ရတဲ့ အစီရင်ခံစာတဆောင်ထုတ်ပြန်ခဲ့ပြီး၊ အဲဒိအစီရင်ခံစာကြောင့် နိုင်ငံတကာက မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေက အမျိုးသမီးတွေရဲ့ အခြေအနေကို ပိုပြီး သတိထားမိလာအောင် SWAN အဖွဲ့က ဆောင်ရွက်ခဲ့ တယ်လို့ သိရပါတယ်။