ကျောင်းတွေပြန်ဖွင့်တဲ့ ဇွန်လမှာ အဖြူ၊ အစိမ်းဝတ်ကျောင်းသား၊ ကျောင်းသူလေးတွေကို မြင်ရတဲ့ မြင်ကွင်းက ကြည်နူးစရာပါ။ ဒါပေမယ့် ဇွန်လရဲ့ မိုးရေစက်တွေကြားမှာ ပညာရေးထက် ဝမ်းရေးခက်နေတဲ့ ကလေးတွေကို ရန်ကုန်မြို့မှာသာမက မြန်မာနိုင်ငံရဲ့ နေရာ အနှံ့အပြားမှာ တွေ့နေရပါတယ်။ မိသားစု စား၊ဝတ်၊ နေရေးအတွက် ဝန်ထုပ်ဝန်ပိုးကိုအရွယ်နဲ့ မမျှအောင် ဝင်ထမ်းရတဲ့ ကလေးအလုပ်သမားတွေကို မြင်ရတိုင်း ဝမ်းနည်းလာမိ ပါတယ်။
လက်ဖက်ရည်ဆိုင်တဆိုင်မှာပဲဖြစ်ဖြစ်၊ ဘီယာဆိုင်တဆိုင်မှာပဲဖြစ်ဖြစ် ကလေးအလုပ်သမားတွေ၊ စားပွဲထိုးတွေ ကို အလွယ်တကူတွေ့နိုင်တာက အမှန်တရားတခုပါ။ ကျမနဲ့ တွေ့ဆုံစကားပြောခဲ့ဖူးတဲ့ ကလေးတော်တော် များများဟာ လိမ္မာရေးခြားရှိသလို ပညာမသင်ချင်လို့၊ စာမတတ်ချင်လို့ ကျောင်းထွက်ခဲ့ရတာမဟုတ်ဘဲ အခြေ အနေတွေက တွန်းပို့လို့၊ မိဘတွေက အဆင်မပြေလို့ စားပွဲထိုးဘဝရောက်ခဲ့ရသူတွေပါ။ တခြားကလေးတွေ ပျော်ပျော်ရွှင်ရွင် ဆော့ကစားနေတဲ့ အချိန်မှာ သူတို့လေးတွေဟာ ကလေးဘဝရဲ့ “ပျော်ရွှင်မှု” ပျောက်ဆုံးနေရ ပါတယ်။ တနေ့တာ လုပ်သမျှရဲ့ လုပ်အားကို ပြည့်ပြည့်၀၀ မရသလို တချို့ကလေးတွေကျ လစာကို မိဘတွေ က ကြိုထုတ်သွားတာကြောင့် မပျော်မရွှင်ပေမယ့်လည်း အလုပ်ရှင်ရဲ့ အဆူအငေါက်ကိုခံပြီး ဆက်အလုပ်လုပ် နေရပါတယ်။
|
“ပန်းကလေးများ ပွင့်တော့မည်၊ ဖူးတံဝင့်လို့ချီ၊ နေခြည်မှာ ရွှေရည်လောင်း၊ ငါတို့ စာသင်ကျောင်း”ဆိုတဲ့ ကဗျာလေးဟာ ကလေးအလုပ်သမားတွေနဲ့ မဆိုင်သလိုပါပဲလားလို့ ကျမ နာနာကျင်ကျင် တွေးမိပါတယ်။
ဗြိတိန်နိုင်ငံမှာ အခြေစိုက်တဲ့ Maplecroft Consult ရဲ့ ၂၀၁၂ ခုနှစ် ညွှန်ကိန်းတွေအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကလေးအလုပ်သမား ပြဿနာ ဆိုးဆိုးရွားရွားရှိနေတဲ့ နိုင်ငံတွေထဲမှာ ပါဝင်နေဆဲပါ။ ဒါ့ အပြင် ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်တရပ်မှာဆိုရင်လည်း မြန်မာနိုင်ငံက အသက် ၇ နှစ်ကနေ ၁၆ နှစ်ကြားမှာရှိတဲ့ ကလေးသူငယ် သုံးပုံတပုံဟာ လုပ်ငန်းခွင်တွေမှာ ဝင်ရောက်အလုပ်လုပ်ကိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။ ကလေးသူငယ်တွေကို ဆိုးရွားစွာ ခိုင်းစေမှု ပပျောက်စေဖို့ မြန်မာနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနနဲ့ အပြည်ပြည် ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO) တို့ ပူးတွဲလုပ်ဆောင်နေတယ်ဆိုပေမယ့် ထင်ရှားတဲ့ တိုးတက်မှု မရှိသေးပါဘူး။
၁၉၅၉ ခုနှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကနေ ကလေးသူငယ်အခွင့်အရေး ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ ၁၉၇၉ ခုနှစ်မှာ ပိုလန်အစိုးရကနေ အပြည်ပြည်ဆိုင်ရာ ဥပဒေကြောင်းအရ အကျုံးဝင်တဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းတခုရေးဆွဲဖို့ အကြံပြုခဲ့ပြီးနောက်မှာ ၁၉၈၉ ခုနှစ်ကျမှ အဲဒီ ကွန်ဗင်းရှင်းကို ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ကလေးတွေဟာ သူတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံနေရဆဲပါ။
ကလေးလုပ်သားတွေကို ဆိုးရွားတဲ့ပုံစံနဲ့ ခိုင်းစေမှု ပပျောက်ရေး ILO ရဲ့ ပြဋ္ဌာန်းချက် အမှတ် ၁၈၂ ကို အတည်ပြုလက်မှတ်ထိုးထားပေမယ့် အနည်းဆုံး အသက်သတ်မှတ်ချက်ဆိုင်ရာ ILO ပြဋ္ဌာန်းချက် ၁၃၈ ကိုတော့ လက်မှတ်ရေးထိုးထားခြင်းမရှိသေးပါဘူး။
ကလေးအလုပ်သမားတယောက်ရဲ့ အသက်ဟာ အနည်းဆုံး ၁၃ နှစ်အထက်မှာ ရှိရမှာဖြစ်သလို လုပ်ငန်းခွင်မှာ အလုပ်လုပ်နိုင်ကြောင်း ဆရာဝန်ထောက်ခံချက် လက်မှတ်ပါရမှာပါ။ အဲဒီ ထောက်ခံချက် လက်မှတ်နဲ့ သက်ဆိုင်ရာ အလုပ်သမားဦးစီးဌာနမှာ မှတ်ပုံတင်ပြီးမှ တနေ့မှာ အလုပ်ချိန် ၄ နာရီအထိပဲ လုပ်ခွင့်ရှိပါတယ်။
ပကတိ အခြေအနေကို ပြန်သုံးသပ်ကြည့်ရင် လက်ဖက်ရည်ဆိုင် စားပွဲထိုးကလေးတယောက်ရဲ့ အလုပ်ချိန်ဟာ နံနက် ၄း၀၀ နာရီကနေ ည ၁၀း၀၀ နာရီအထိ ရှိတာကြောင့် တနေ့မှာ ၁၆ နာရီကနေ ၁၈ နာရီကြားထိ အလုပ်လုပ်နေရတာဟာ လုံးဝမဖြစ်သင့်ပါဘူး။ သူ့အတွက် နေစရာပေးတာ၊ စားစရာကျွေးတာကလွဲလို့ တလစာ လုပ်အားခက အများဆုံး ကျပ်နှစ်သောင်းပဲ ရရှာပါတယ်။ ကျမနဲ့ ခင်မင်နေတဲ့ ထမင်းဆိုင်တဆိုင်က စားပွဲထိုးလေးဟာ ဧရာဝတီတိုင်းကနေ ရောက်လာတာပါ။ သူ့မိဘတွေက ကလေးရဲ့ လစာတွေကိုကြိုထုတ် သွားပေမယ့် ဖုန်းဆက်တဲ့အခါ ကလေး အဆင်ပြေလား၊ နေကောင်းလားတောင် မမေးဘူးလို့ ဆိုင်ရှင်က ပြောပြပါတယ်။ အဲဒီ ဆိုင်ရှင်ကတော့ ရှားရှားပါးပါး ကလေးအပေါ် ကိုယ်ချင်းစာစိတ်ရှိတဲ့သူပါ။
ညနေ ၅း၀၀ နာရီ၊ ၆း၀၀ နာရီ ဝန်းကျင်မှာ ဆိပ်ကမ်းသာလမ်းက ဘီယာဆိုင်တွေဆီ အမြည်းလိုက်ရောင်းရရှာ တဲ့ ကလေးတယောက်ကို တွေ့ဖူးပါတယ်။ မြေပဲပြုတ်၊ ငါးနီတူကြော်၊ ဒညင်းသီးတွေကို ဗန်းထဲထည့်ပြီး တပွဲ ၃၀၀၊ ၅၀၀ ကျပ် အစရှိသဖြင့် ရောင်းရတာပါ။ သူ့ကို မေးကြည့်တဲ့အခါ သူတို့ မိသားစုက အောင်ဆန်း ၁ ဂိတ်အနီးမှာ ရှိနေတာပါတဲ့။ သူ့မိသားစုရဲ့ စားဝတ်နေရေးအတွက် သူ့အမေက ရောင်းရမှာတွေကို ပြင်ဆင်ပေးပြီး သူရောင်းရတဲ့ တနေ့တာဝင်ငွေက တသောင်းခွဲနဲ့ နှစ်သောင်းကျော်ကြားမှာလို့ ဆိုပါတယ်။ အမြတ်ဘယ်လောက်ရှိမလဲမသိပေမယ့် ၁၀ နှစ်သားလေးက မိသားစုရဲ့ ဝန်ထုပ်ဝန်ပိုးကို ဝင်ပြီးထမ်းနေရတာ သေချာပါတယ်။ အမြည်းတွေကုန်အောင်ရောင်းပြီးမှ ၁၂၄ ဘတ်စ်ကားစီးပြီး အိမ်ပြန်ရပါတယ်တဲ့။
ဒီနေရာမှာ ကျမတခု စဉ်းစားကြည့်မိပါတယ်။ “သား ဈေးမရောင်းပါနဲ့” လို့ သွားပြောလို့ မရပါဘူး။ သူ့မိသားစုမှာ ဖြေရှင်းနေရတဲ့ စားဝတ်နေရေးရှိပါတယ်။ ညနေပိုင်းမှာ စံပယ်ပန်းကုံးတွေ လိုက်ရောင်းနေရရှာတဲ့ ကလေးတွေဟာလည်း တဖက်တလမ်းက ဝင်ငွေရအောင် ရှာဖွေပေးနေရတာပါ။ သူတို့ကို ဈေးရောင်းခိုင်းတဲ့ (ဒါမှမဟုတ်) အလုပ်လုပ်ခိုင်းတဲ့ မိဘတွေကိုလည်း အပြစ်တင်နေဖို့ မလိုပါဘူး။ ကလေးတွေကို လုပ်ငန်းခွင်ထဲ တွန်းပို့စေတဲ့ အကြောင်းရင်းတွေကိုပဲ စဉ်းစားရမှာဖြစ်ပါတယ်။
ဆင်းရဲချမ်းသာ ကွာဟမှုဟာ ကျမတို့ မြန်မာနိုင်ငံမှာ တော်တော်လေး ကြီးမားလာနေပါတယ်။ ချမ်းသာကြွယ်ဝတဲ့ မိဘတွေက သားသမီးတွေကို တနှစ်မှာ သိန်းဆယ်ဂဏန်းနဲ့ ရာဂဏန်းကြား ပေးရတဲ့ ပုဂ္ဂလိကကျောင်းတွေ ထားပေးနေတဲ့အချိန်မှာ တဖက်က ကျောင်းနေချင်ပါရက် မနေနိုင်တဲ့ ကလေးတွေ တွေ့နေရတာဟာ နိုင်ငံအတွက် အပေါင်းလက္ခဏာ မဟုတ်ပါဘူး။ နာဂစ်မုန်တိုင်းဒဏ်ခံ ဒေသက အမျိုးသမီးတယောက်က နေဖို့၊ စားဖို့ အဆင်မပြေ၊ သူတို့ကို ရွှေ့ပြောင်းပေးတဲ့ နေရာမှာ အလုပ်အကိုင် မယ်မယ်ရရ မရှိ။ နောက်ဆုံး သူ့ကလေးတွေကို ကျောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်ရတဲ့အခါ သူပြောပြတာက ရင်နင့်စရာ ကောင်းလှပါတယ်။ “အနည်းဆုံး အဝတ်လျှော်တဲ့ အလုပ်ကလေးရှိရင်တောင် ကလေးတွေကို ထမင်းရည်တိုက်ပြီး ကျောင်းလွှတ်လို့ရသေးတာပေါ့” တဲ့။ Daily Eleven သတင်းစာမှာ လွန်ခဲ့တဲ့ တစ်လလောက်က ဖတ်ခဲ့ရတာပါ။
ပညာမသင်နိုင်လို့ ဆင်းရဲ၊ ဆင်းရလို့ ပညာမသင်နိုင်၊ အဲဒီကလေးတွေဟာ နယ်မှာအဆင်မပြေရင် ရန်ကုန်တက်၊ ရန်ကုန်မှာ စားပွဲထိုးတွေ၊ ကျောက်စရစ်သယ်တဲ့သူတွေအဖြစ် ကလေးနဲ့မမျှတဲ့ အလုပ်တွေ လုပ်နေရတာအတွက် ဘယ်သူ့မှာ တာဝန်ရှိလဲဆိုတာ စဉ်းစားကြဖို့ အချိန်ရောက်ပါပြီ။ နယ်တွေမှာ မိသားစု တနိုင်တပိုင် ဝင်ငွေရတဲ့ လုပ်ငန်းလေးတွေ လုပ်နိုင်အောင် နိုင်ငံတော်က ငွေထုတ်ချေးပေးသင့်ပါတယ်။ ငွေထုတ်ချေးရာမှာလည်း အတိုးမဲ့ပဲ ဖြစ်သင့်ပါတယ်။ ရွာတရွာမှာ ဒါမှမဟုတ် ရပ်ကွက်တခုမှာ ကျောင်းမနေနိုင်တဲ့ကလေး ဘယ်နှယောက် ရှိသလဲဆိုတာ စာရင်းဇယား ကောက်ယူသင့်ပါတယ်။ မိသားစု တစုချင်းရဲ့ ဝင်ငွေတိုးလာမှသာ မိဘက ကလေးတွေကို ကျောင်းထားနိုင်မှာဖြစ်ပြီး ကလေးအလုပ်သမားဦးရေ လျော့ကျသွားမှာပါ။
ကလေးအလုပ်သမားတွေကို ဈေးပေါပေါနဲ့ ခိုင်းစေနေတဲ့ အလုပ်ရှင်တွေ အနေနဲ့လည်း သားသမီးချင်း ကိုယ်ချင်းစာတဲ့စိတ် မွေးသင့်ပါတယ်။ အလုပ်သမား ဝန်ကြီးဌာနအနေနဲ့ သတ်မှတ်အလုပ်ချိန်ထက် ပိုပြီးခိုင်းနေတဲ့ အလုပ်ရှင်တွေကို စောင့်ကြည့်စစ်ဆေးပြီး တရားဝင် အရေးယူပေးသင့်ပါတယ်။ ဒါ့အပြင် ကလေးတွေရဲ့ အလုပ်ချိန်ကို မထိခိုက်စေဘဲ ဥပမာ လက်ဖက်ရည်ဆိုင် ပိတ်တဲ့အချိန်မျိုးမှာ သူတို့အတွက် ပညာသင်ယူခွင့် ရစေမယ့် အခွင့်အရေးမျိုး ဖန်တီးပေးသင့်ပါတယ်။
နိုင်ငံတနိုင်ငံမှာ ကလေးတွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ သူတို့ရဲ့ အနာဂတ်မှာ အဆင်မပြေမှုတွေ၊ စိတ်ဒဏ်ရာတွေ မရှိစေဖို့ ကျမအပါအဝင် လူကြီးအားလုံးမှာ တာဝန်ရှိပါတယ်။ “ဝမ်းတီး၊ တူးကော်”၊ “စည်တခွက်” လို့ ရေရွတ်ပြီး စားပွဲထိုးနေရှာတဲ့ အမြည်းလည်း ရောင်းနေရရှာတဲ့ ကလေးလေးတွေအတွက် “ဆင်းရဲခြင်း ချောက်ကမ်းပါး” နဲ့ “ပညာမတတ်ခြင်း ချောက်ကမ်းပါး” တွေကနေ လွတ်မြောက်ဖို့ စုပေါင်းအဖြေရှာရမယ့် အချိန်ရောက်နေပြီဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်ရှင်။