ရခိုင်ပြည်နယ်၌ လစ်လပ်နေသည့် ဝန်ကြီးချုပ် နေရာတွင် ဗိုလ်ချုပ် မောင်မောင်အုန်း အား ခန့်အပ်ရန် နိုင်ငံတော် သမ္မတ က ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ထံ သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။
“ဗိုလ်ချုပ် မောင်မောင်အုန်းကို ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ဖို့ အဆိုပြုတဲ့ သဝဏ်လွှာကို ဒီနေ့လွှတ်တော်မှာ ဥက္ကဋ္ဌက ဖတ်ကြား တယ်၊ ဖွဲ့စည်းပုံ အရ ဆောင်ရွက်တဲ့အတွက် ကန့်ကွက်ချင်တဲ့သူ ရှိရင် ဒီကြားထဲမှာ ကန့်ကွက်စာ ပို့လို့ရပါတယ်၊ ဇွန်လ ၃၀ ရက်မှာ အစည်းအဝေး ပြန်ခေါ်ထားတယ်၊ အဲဒီရက်မှာ အတည်ပြုနိုင်မယ် ထင်ပါတယ်”ဟု ရခိုင်ပြည်နယ် လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးသာညွန့် က ဧရာဝတီ ကို ပြောပြသည်။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်သည် ဇွန်လ ၂၀ ရက်တွင် ၎င်း၏ ဆန္ဒအရ ဟုဆိုကာ နုတ်ထွက်သွားပြီးနောက် ဝန်ကြီးချုပ်သစ် ခန့်အပ်ရေးနှင့်ပတ်သက်၍ ရခိုင်လွှတ်တော် အား ယနေ့ အရေးပေါ် ခေါ်ယူခဲ့ခြင်းလည်း ဖြစ်သည်။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ရာထူးကို ပြည်သူများက ရွေးကောက် တင်မြှောက်ထားသည့် လွှတ်တော် ကိုယ်စားလှယ်များထဲ ကသာ ရွေးချယ် တင်မြှောက်သင့်ကြောင်း ရခိုင်လွှတ်တော်၌ အမတ်နေရာ အများဆုံး ရထားသည့် ရခိုင် အမျိုးသား ပါတီ (ANP) က ဇွန်လ ၂၃ ရက်နေ့က ကြေညာချက် တစောင်ထုတ်ပြန်၍ တောင်းဆို ခဲ့သေးသည်။
ရခိုင်ပြည်နယ် လွှတ်တော်၌ ANP ပါတီ ကိုယ်စားလှယ် ၁၈ ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ(ကြံ့ခိုင်ရေး ပါတီ) ကိုယ်စားလှယ် ၁၃ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၁၂ ဦး ရှိသည်။
လွှတ်တော်၌ ကန့်ကွက်မည်ဆိုပါက ဖြစ်နိုင်ခြေ နည်းပါးကြောင်း၊ လွှတ်တော်ပြင်ပ၌သာ ဖြစ်နိုင်ခြေရှိသည်ဟု ယူဆကြောင်း ANP ပါတီ ၏ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော် က ပြောသည်။
“သမ္မတက ဖွဲ့စည်းပုံအရ တိုက်ရိုက်ခန့်အပ်တာဆိုတော့ ချက်ချင်း ကန့်ကွက်ဖို့ ခက်ပါတယ်၊ ဖွဲ့စည်းပုံပါ အချက်တခုခုနဲ့ မ ကိုက်ညီ မှသာ ကန့်ကွက်နိုင်မှာဆိုတော့ မကိုက်ညီတဲ့ အချက်အလက်က ချက်ချင်း ရှာဖွေဖို့ မလွယ်ကူနိုင်ပါဘူး”ဟု ၎င်း က ဆို သည်။
ဦးမောင်မောင်အုန်းကို အတည်ပြု ခန့်အပ်မည်ဆိုပါကလည်း ၎င်း၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်၍သာ ကန့်ကွက်မှု ပြု လုပ်နိုင်တော့မည်ဟု ယူဆကြောင်းလည်း ဦးအောင်မြကျော်က ဆက် ပြောသည်။
ဝန်ကြီးချုပ်သစ်သည် ရခိုင်ပြည်နယ်၏ အခြေအနေ အရပ်ရပ်ကို နားလည် သဘောပေါက်သည့် ရခိုင်တိုင်းရင်းသား တဦးဦး ကိုသာ ရွေးချယ်ခန့်အပ်သင့်ကြောင်းလည်း ANP ပါတီက ၎င်းတို့၏ သဘောထားကို ထုတ်ပြန်ခဲ့သည်။
ထို့အတူ ရခိုင်ပြည်သူ အများစုကလည်း မိမိတို့ ဒေသအား ဦးဆောင်မည့် ပုဂ္ဂိုလ်သည် ရခိုင်လူမျိုးသာ ဖြစ်စေလိုကြောင်း ပြော ဆိုသည်ဟု ကိုယ်စားလှယ်များ က ပြောသည်။
ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တဦးလည်း ဖြစ်သူ ဦးသာညွန့် ကလည်း“ကိုယ့်ဒေသကို ဦးဆောင်တဲ့သူကိုတော့ ကိုယ့်လူမျိုးပဲ ဖြစ်စေချင်တာပေါ့၊ ဒါပေမယ့် ဗိုလ်ချုပ် မောင်မောင်အုန်း ဟာလည်းပဲ ရခိုင်ပြည်ကို ဦးဆောင်နိုင်ဖို့ အရည်အချင်းရှိတဲ့သူ ဖြစ်မယ်လို့ ထင်ပါတယ်၊ သူ့ရဲ့ လုပ်ဆောင်ခဲ့တဲ့ မှတ်တမ်းတွေကို ကြည့်ရခြင်းအားဖြင့် ပြောတာပါ”ဟု ဆိုသည်။
နုတ်ထွက်သွားသည့် ရခိုင် ဝန်ကြီးချုပ် ဦးလှမောင်တင် သည် အငြိမ်းစား ဗိုလ်မှူးကြီး ဖြစ်ပြီး နိုင်ငံတော် သမ္မတ က ခန့်အပ် ထားသူ ဖြစ်သည်။ ၎င်း နုတ်ထွက်သွားခြင်းနှင့် ပတ်သက်၍ ရခိုင်နိုင်ငံရေး အသိုင်းအဝိုင်းကြားတွင် ဝေဖန်မှု အမျိုးမျိုးထွက် ပေါ်ခဲ့သေးသည်။
ANP ပါတီ ခေါင်းဆောင်များ က ဦးလှမောင်တင်အား နုတ်ထွက်ရန် ဗဟိုမှ ဖိအားပေးမှုများ ရှိနိုင်ကြောင်း၊ ထို့အ တူ ရခိုင်ပြည်တွင်း၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်၍ နိုင်ငံတကာ၌ နှာမည်ပျက်နေသည့် အစိုးရ ၏ ဂုဏ်သိက္ခာကို ပြန်ဆယ်ရန် သို့မဟုတ် ဘင်္ဂါလီ ပြဿနာ ဖြေရှင်းရေးများနှင့်လည်း ဆက်စပ်နိုင်ကြောင်း ပြောဆိုကြသည်။
ဗိုလ်ချုပ် မောင်မောင်အုန်း သည် နယ်စပ်ရေးရာ ဒု ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွား ခဲ့ သည့် ပဋိပက္ခများနှင့်ပတ်သက်၍ ဖွဲ့စည်းထားသော အဖွဲ့တချို့တွင် တာဝန်ယူ ဆောင်ရွက်ခဲ့သေးသည်။ ၎င်းအား ရခိုင်ပြည် နယ် လွှတ်တော်၏ တပ်မတော်သား ကိုယ်စားလှယ်အဖြစ် ခန့်အပ်လိုက်ကြောင်း ဇွန်လ ၂၁ ရက်ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြခဲ့သည်။
ဗိုလ်ချုပ်မောင်မောင်အုန်းကို ကန့်ကွက်မှုများ ရှိနေခြင်းကြောင့် ယနေ့တွင် စစ်တွေမြို့၌ လုံခြုံရေး တချို့ချထားပြီး လွှတ် တော် အဆောက်အအုံ ပတ်ဝန်းကျင်တွင်လည်း လုံခြုံရေးများ ထူထပ်စွာ ချထားခဲ့ကြောင်း စစ်တွေ ဒေသခံများက ပြောသည်။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်သစ် ခန့်အပ်ရေးနှင့်ပတ်သက်၍ ဗိုလ်ချုပ်မောင်မောင်အုန်း ထံ ဧရာဝတီ က ဆက်သွယ် သော် လည်း ပြန်လည် ဖြေဆိုမှု မရှိခဲ့ပေ။