ဧရာဝတီတိုင်း ဒေသကြီး၏ တိုင်းမြို့တော် ပုသိမ်မြို့နှင့် ဂျပန်နိုင်ငံမှ ရှီဇုအိုက (Shizuoka) မြို့တို့အား ညီအစ်မမြို့တော် အဖြစ် သတ်မှတ်ရန် တာဝန်ရှိသူများ ဆွေးနွေးနေကြောင်း သတင်းရရှိသည်။
ဧရာဝတီတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသိန်းအောင် ဦးဆောင်သောအဖွဲ့က ပြီးခဲ့သည့် ဧပြီလအတွင်း ဂျပန်နိုင်ငံသို့သွားရောက် ၍ ညီအစ်မမြို့တော်ဖြစ်ရေး ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ရှီဇုအိုက မြို့မှ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့ကလည်း ယခုလ ဒုတိယပတ် အတွင်း က ပုသိမ်မြို့သို့ လာရောက်ပြီး တိုင်း အစိုးရ အဖွဲ့နှင့် ဆွေးနွေး၍ ROD(ဆွေးနွေးမှု မှတ်တမ်း) တကြိမ် လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်ဝင်းနိုင် က ဧရာဝတီကို ပြောသည်။
“ရှီဇုအိုကမြို့နဲ့ ပုသိမ်မြို့ကို Sister City(ညီအစ်မ မြို့တော်) အဖြစ် လုပ်ကိုင်ဖို့အတွက် ရှီဇုအိုကမြို့က လွှတ်တော် ကိုယ်စားလှယ် တွေ ပုသိမ်မှာ ပထမဆုံးအကြိမ် လာရောက်တွေ့ဆုံဆွေးနွေးပြီး ROD ရေထိုးထားခဲ့ပါတယ်။ ဒုတိယ အကြိမ် တွေ့ဆုံဖို့ကိုတော့ ရက်သတ်မှတ် ထားတာ မရှိသေးပါဘူး။ ညီအစ်မမြို့တော်ဖြစ်ရေး အတွက်တော့ ဂျပန်ဘက်က သဘောတူမယ်ဆို ကျနော်တို့က အဆင်သင့်ပါပဲ”ဟု စည်ပင်ဝန်ကြီးက ပြောသည်။
ဧရာဝတီတိုင်း အစိုးရ ဝန်ကြီးချုပ်နှင့်အဖွဲ့ ဂျပန်နိုင်ငံသို့ရောက်ရှိနေစဉ် ပုသိမ်နှင့် ညီအစ်မမြို့တော် ဖြစ်ရေးအတွက် ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့နှင့် ရှီဇုအိုကမြို့ ၂ မြို့စလုံးမှ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြပြီးနောက် ရှီဇုအိုကမြို့မှ လွှတ်တော်ကိုယ်စားလှယ် များက ပုသိမ်မြို့သို့ လာရောက် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ရှီဇုအိုကမြို့မှာ ဂျပန်နိုင်ငံမှ ရှီဇုအိုက စီရင်စု နယ်၏ မြို့တော်ဖြစ်ပြီး ၂၀၁၂ ခုနှစ်က ကောက်ယူသည့် စာရင်းများအရ လူဦးရေ ၇ သိန်းကျော် အခြေချနေထိုင်သည့် မြို့ကြီးတမြို့ ဖြစ်သည်။
စိုက်ပျိုးရေးနှင့် ငါးဖမ်းခြင်းလုပ်ငန်းများ ထွန်းကားသည့် ရှီဇုအိုကမြို့၏ မြို့တော်ဝန်မှာ တာနာဘီ နိုဘူဟီရို(Tanabe Nobuhiro) ဖြစ် သည်။
ညီအစ်မမြို့တော်များအဖြစ် အကောင်အထည်ဖော်နိုင်ပါက နှစ်နိုင်ငံအပြန်အလှန် လည်ပတ်ခြင်း၊ ယဉ်ကျေးမှု၊ နည်းပညာ ဖလှယ်ခြင်း များ ပြုလုပ်နိုင်မည် ဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် ရှီဇုအိုကမြို့၏ မြို့ပြတည်ဆောက်ခြင်းဆိုင်ရာ နည်းပညာ လေ့လာသင်ယူခြင်းများ လုပ်ဆောင်နိုင်ရန် အတွက်လည်း ဧရာဝတီ တိုင်း အစိုးရနှင့် ရှီဇုအိုကမြို့မှ လွှတ်တော်အမတ်များ အဓိက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
“ပုသိမ်မြို့ကို တိုင်းဒေသကြီးမြို့တော် အင်္ဂါရပ်နဲ့အညီ ဖြစ်စေဖို့အတွက် စည်ပင်သာယာရဲ့လုပ်ငန်းတွေနဲ့ လုပ်ဖို့ဆိုရင် အင်မတန် ခဲယဉ်း ပါတယ်။ Sister City ဖြစ်လာခဲ့ရင် သူတို့က ဖွံ့ဖြိုးတိုးတက်ပြီးသား နိုင်ငံတွေဆိုတော့ သူတို့မြို့တွေမှာ မြို့ပြ ဖွံ့ဖြိုးမှုကို ဘယ်လိုဆောင်ရွက်နေသလဲ၊ တို့မြို့တွေကိုလည်း ဘယ်လို Plan (အစီအမံ)တွေနဲ့ ဖွံ့ဖြိုးမှု လုပ်လို့ရမလဲဆိုတာ လေ့လာစရာ အခွင့် အလမ်း တွေ ရရှိလာမှာပါ”ဟု စည်ပင်ဝန်ကြီး ဦးကျော်ဝင်းနိုင်က ပြောသည်။
ပုသိမ်မြို့သို့ လာရောက်ခဲ့ကြသည့် ဂျပန် လွှတ်တော် ကိုယ်စားလှယ်များက တဆင့် ရှီဇုအိုကမြို့တော်ဝန် တာနာဘီ နိုဘူဟီရို ကို ပုသိမ်မြို့သို့ လာရောက်ရန် ဧရာဝတီတိုင်း အစိုးရက ဖိတ်ကြားထားသည်ဟု ဆိုသည်။
မြန်မာနိုင်ငံမှ ရန်ကုန်မြို့နှင့် အမေရိကန်နိုင်ငံမှ ဆန်ဖရန်စ္စကို၊ ရန်ကုန်မြို့နှင့် ဗီယက်နမ်နိုင်ငံမြို့တော် ဟိုချီမင်း၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တို့ကို ညီအစ်မမြို့တော်များအဖြစ် သတ်မှတ်ရန် ညှိနှိုင်းဆွေးနွေးမှုများ ရှိခဲ့ကြောင်းလည်း သတင်း များတွင် ဖော်ပြထားသည်။
ကမ္ဘာပေါ်တွင် အမေရိကန်နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၃၆ နိုင်ငံရှိ မြို့ပေါင်း ၂၀၀၀ ကျော်မှာ ညီအစ်မ မြို့တော်များအဖြစ် ဖွဲ့စည်းထားကြောင်း သိရသည်။