Military

ထိုင်းတွင် Cobra Gold စစ်ရေး လေ့ကျင့်မှု ပြောင်းရွှေ့ရန် အမေရိကန် စဉ်းစား

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံတွင် နှစ်စဉ် ကျင်းပလေ့ရှိသော အမေရိကန်-ထိုင်း ဦးဆောင်သည့် ရွှေမြွေဟောက်(Cobra Gold) နိုင်ငံစုံ ပူးတွဲစစ်ရေး လေ့ကျင့်မှုကို လာမည့်နှစ်တွင် အခြား တနိုင်ငံ၌ ကျင်းပရန် အမေရိကန်ဘက်က စဉ်းစားနေကြောင်း သိရသည်။

အမေရိကန်အနေဖြင့် လာမည့်နှစ် ရွှေမြွေဟောက် ပူးတွဲ စစ်ရေး လေ့ကျင့်မှုကို အခြား နောက်တနိုင်ငံတွင် ကျင်းပရန် စဉ်းစား နေ သည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတဦးဖြစ်သူ Scot Marciel က ကွန်ဂရက် လွှတ်တော်သို့ အင်္ဂါနေ့က ပြော ဆိုခဲ့ခြင်း ဖြစ်သည်။

အကယ်၍ Cobra Gold စစ်ဆင်ရေးကို ထိုင်းနိုင်ငံ၌ ကျင်းပမည်ဆိုပါက ထိုင်းနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို အမေရိကန်က ထောက်ခံ သကဲ့သို့ ဖြစ်သွားနိုင်ကြောင်း၊ ယခုကိစ္စသည် စစ်အာဏာရှင်များ၏ သဘာဝကို ကမ္ဘာသို့ မီးမောင်း ထိုးပြခြင်းဖြစ်ကြောင်း အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ အာရှဒေသဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ စတိဗ် ရှာဗော့ ကလည်း ပြောဆို သည်။

မစ္စတာ ရှာဗော့က သမ္မတ အိုဘားမား အစိုးရအား လာမည့်နှစ် Cobra Gold ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို သြစတြေးလျ နိုင်ငံ ဒါဝင် မြို့တွင် ပြောင်းရွှေ့ကျင်းပရန် တိုက်တွန်းထားပြီး ထိုနေရာသည် အမေရိကန်၏ မဟာဗျူဟာ အာရှ ဆုံမှတ် အစိတ်အပိုင်းလည်း ဖြစ်၍ အမေရိကန် မရိမ်းတပ်သား ၂၅ဝဝ ကျော်လည်း ရှိထားပြီးသား နေရာဖြစ်သည်ဟုလည်း ဆိုသည်။

ထိုသို့ Cobra Gold ပူးတွဲ စစ်ရေး လေ့ကျင့်မှုကို လာမည့်နှစ်တွင် ထိုင်းနိုင်ငံအစား အခြား နိုင်ငံတခုခုတွင် ကျင်းပမည်ဟု ဆုံးဖြတ် ခဲ့မည်ဆိုပါက ပြဿနာတခုအဖြစ် ထိုင်းနိုင်ငံက ရှုမြင်မည်မဟုတ်ကြောင်း၊ သို့ရာတွင် ဆုံးရှုံးမှုများစွာ ရှိနိုင်ကြောင်း ထိုင်းနိုင်ငံ ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး စစ်ကောင်စီ(NPCO) ဒုတိယ အကြီးအကဲ Prajin Juntong က ပြောဆိုသည်ဟု ဘန်ကောက်ပို့စ် သတင်း တပုဒ်တွင် ဖော်ပြထားသည်။

ထိုင်း စစ်အစိုးရ ဒုတိယ အကြီးအကဲ Prajin Juntong က Cobra Gold ပူးတွဲ စစ်ရေး လေ့ကျင့်မှုသည် ထိုင်းနှင့် အမေရိကန် ၂ နိုင်ငံ အကျိုး တခုတည်းအတွက် မဟုတ်ကြောင်း၊ ၂ နိုင်ငံ နှစ်ပေါင်းများစွာ လက်တွဲဆောင်ရွက်ခဲ့မှုကို အရှည်သဖြင့်ကြည့်၍ ပြောင်းရွှေ့ကျင်းပမည်ဟု မဆုံးဖြတ်ခင် အမေရိကန် အနေဖြင့် အသေအချာ စဉ်းစားသင့်ကြောင်းလည်း ပြောဆိုသည်။

ထိုင်း လေတပ်အနေဖြင့် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားတို့နှင့်လည်း Cobra Gold မဟုတ်သည့် ပုံမှန်ပူးတွဲ လေ့ကျင့်မှု ကို ပြုလုပ်လေ့ ရှိကြောင်းလည်း သူက ထပ်ပြောသည်။

ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့က ထိုင်းနိုင်ငံတွင် စစ်တပ် က အာဏာသိမ်းလိုက်ရာ အမေရိကန် က စစ်အာဏာသိမ်းမှုကို ကန့်ကွက် ၍ အမြန်ဆုံး ဒီမိုကရေစီ ပြန်လည် ဖော်ဆောင်ရန် တိုက်တွန်းထားပြီး စစ်ရေး ဆိုင်ရာ အထောက်အပံ့များကိုလည်း ဆိုင်းငံ့ ကြောင်း အင်္ဂါနေ့က ကြေညာလိုက်သည်။

ထို့အပြင် အမေရိကန်က ထိုင်းနိုင်ငံ၏ လုံခြုံရေးဆိုင်ရာ အထောက်အပံ့ပေးမှု နှစ်စဉ် အမေရိကန် ဒေါ်လာ ၁ဝ သန်း ကျော် ပုံမှန်ရှိခဲ့သော်လည်း စစ်အာဏာသိမ်းမှုကြောင့် ယခုနှစ်အတွက် လက်ကျန် ဒေါ်လာ ၅ သန်းနီးပါးကိုလည်း ရပ်ဆိုင်း ခဲ့သည်။

ထိုင်းနှင့် အမေရိကန် ၂ နိုင်ငံ စစ်ရေး အနီးကပ်ဆက်ဆံရေး ရှိသည့်အားလျော်စွာ Cobra Gold ပူးတွဲ စစ်ရေး လေ့ကျင့်မှုကို  ၁၉၈၂ နှစ်ကတည်းက ထိုင်းနိုင်ငံတွင် စတင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ယခုအခါ နိုင်ငံစုံ ပူးတွဲ စစ်ရေးလေ့ကျင့်မှု Cobra Gold တွင် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ တောင် ကိုရီးယား၊ ဂျပန်နိုင်ငံ တို့လည်း ပါဝင်လာပြီး မြန်မာ အပါအဝင် နိုင်ငံပေါင်း ၂၀ က လေ့လာသူအဖြစ် တက်ရောက်လျက် ရှိသည်။

Cobra Gold စစ်ရေးလေ့ကျင့်မှုကို နှစ်စဉ် ထိုင်းနိုင်ငံတွင် ဧပြီနှင့် မေလများအတွင်း ရက်သတ္တ ၆ ပတ်ကြာပြုလုပ်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် Cobra Gold စစ်ဆင်ရေးတွင် လေ့လာသူအဖြစ် ၂၀၁၃ ခုနှစ်မှ စတင် ပါဝင်ခွင့် ရရှိခဲ့သည်။

Loading