ပြည်တွင်း ပုဂ္ဂလိက သတင်းမီဒီယာများက ထုတ်ဝေလျက်ရှိသော နေ့စဉ်ထုတ် သတင်းစာများနှင့် အပတ်စဉ်ထုတ် ဂျာနယ် များ၏ စီးပွားရေးအရ ထုတ်လုပ်မှု ကုန်ကျစရိတ် အခြေအနေ နှင့် အရှုံးအမြတ် အခြေအနေများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က စုံစမ်းမေးမြန်းလျက်ရှိကြောင်း သတင်းရရှိသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့လက်အောက်ရှိ သတင်းတပ်ဖွဲ့က ဇွန်လနှောင်းပိုင်းမှစ၍ ပြည်တွင်း သတင်း မီဒီယာ များကို တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်လာပြီး သတင်းမီဒီယာ များ၏ လက်ရှိ ဝန်ထမ်းအင်အား၊ ထုတ်ဝေသည့် စာနယ်ဇင်း စောင်ရေ အရေအတွက်၊ စီးပွားရေးအရ အရှုံးအမြတ်များကို အဓိကထား မေးမြန်း ကြောင်း၊ ယင်းသို့ မေးမြန်း ရာတွင် အထက်၏ စေခိုင်းချက်အရ မေးမြန်းသည်ဟု ပြောဆိုပြီး တိကျခိုင်မာသော အကြောင်းပြချက် တစုံတရာ မပေး ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့က လတ်တလော ဇွန်လနှောင်းပိုင်းတွင် ဆက်တိုက် တွေ့ဆုံမေးမြန်းထားသော မီဒီယာများမှာ The Voice ၊ Messenger ၊ Popular ၊ Unity ၊ Myanmar Post သတင်းဂျာနယ်တို့ဖြစ်ပြီး ယနေ့ ဇွန်လ ၂၆ ရက်နေ့တွင်မူ ရဲတပ်ဖွဲ့က ဧရာဝတီသတင်းဌာနကို ခေါ်ယူ မေးမြန်းမှုများ လုပ်ဆောင်ခဲ့သည်။
ဧရာဝတီသတင်းဌာနနှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့မှ ရဲမှူးကျော်စိုးက ဦးဆောင်၍ တွေ့ဆုံခြင်း ဖြစ်ပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့ရုံးခန်းသို့ ဖိတ်ခေါ်ရခြင်းမှာ ခေါ်ယူ စစ်ဆေးသည့် ပုံစံမျိုး မဟုတ်ဘဲ ရင်းရင်း နှီးနှီး တွေ့ဆုံလို၍ ဖြစ်ကြောင်း၊ ငွေကြေး ခဝါချမှု နှင့်ပတ်သက်၍ စုံစမ်းမေးမြန်းခြင်းမျိုးလည်းမဟုတ်ဘဲ လူကြီးများ၏ ခိုင်းစေချက်အရ တွေ့ဆုံခြင်း ဖြစ်ကြောင်း၊ ဧရာဝတီ သတင်းဌာန၏ တည်ဆောက်ပုံ၊ ဝန်ထမ်း အင်အား၊ အရှုံး၊ အမြတ် အခြေအနေများကို မေးမြန်း ခဲ့ကြောင်း သိရှိရသည်။
ရဲတပ်ဖွဲ့၏ တွေ့ဆုံမေးမြန်းမှု ခံခဲ့ရသော သတင်းမီဒီယာအများစုကလည်း စီးပွားရေးအရ အရှုံးအမြတ် ကိစ္စကိုသာ ရဲတပ်ဖွဲ့က အဓိက ဦးတည် မေးမြန်းမှုရှိသည်ကို အတည်ပြုကြပြီး တွေ့ဆုံမေးမြန်းမှုသည် ဥပဒေအရသော်လည်းကောင်း၊ လုပ်ထုံး လုပ်နည်း အရသော်လည်း လွဲချော်နေသည်ဟု ပြောဆိုကြသည်။
Messenger သတင်းစာဂျာနယ်မှ တာဝန်ခံ အယ်ဒီတာ ဦးသူရအောင် က “အဓိက ဂျာနယ်တစောင်လှည်ပတ်ပုံပေါ့။ ထုတ်ဝေမှု ဘယ်လောက်ရှိလဲ၊ ဝန်ထမ်းဘယ်လောက်ရှိလဲ။ သတင်းစာ ဘယ်နေ့ကစထုတ်လဲ၊ တနေ့ကုန်ကျ စရိတ် ဘယ်လောက်ရှိလဲ ဆိုတဲ့ မေးခွန်းတွေ မေးမြန်းပါတယ်” ဟုဆိုသည်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)ကမူ မြန်မာနိုင်ငံတွင် လက်ရှိ ထုတ်ဝေနေသော သတင်းမီဒီယာများသည် သက်ဆိုင်ရာ ၏တရားဝင်ခွင့်ပြုချက်၊ ကိုယ်ပိုင် ရပ်တည်ချက်၊ ဦးတည်ချက် များဖြင့် မီဒီယာလုပ်ငန်း ဆောင်ရွက်နေခြင်း ဖြစ်သည့်အတွက် တရားဝင်အမိန့် ၊ညွန်ကြားချက် လုပ်ထုံးလုပ်နည်း အတိုင်းမဟုတ်ဘဲ ရဲတပ်ဖွဲ့က ခေါ်ယူ မေးမြန်း မှုသည် မသင့်တော်သည့် လုပ်ရပ် ဖြစ်ကြောင်း ဇွန်လ ၂၅ ရက်နေ့တွင် ကြေညာချက် တရပ်ထုတ်ပြန်ခဲ့သည်။
“ကျနော်အနေနဲ့ ကတော့ ဒီမိုကရေစီ အကူးအပြောင်းအချိန်မှာ ဒီလို ခေါ်ယူစစ်ဆေးတာတွေမလုပ်သင့်ဘူး။ ပြည်ထဲရေး တို့က အရင်ခေတ်က လုပ်ထုံးလုပ်နည်းအတိုင်းလုပ်နေသေးတယ်။ မီဒီယာတွေကိုခေါ်ပြီးလုပ်ထုံးလုပ်နည်း ရှင်းပြပါ ဆိုတာကတော့ လုံးဝမလုပ်သင့်တဲ့ကိစ္စ ပါ” ဟု သတင်းစာဆရာ ဦးမြင့်ကျော်က ဧရာဝတီသို့ပြောသည်။
Myanmar Post ဂျာနယ်၏ အယ်ဒီတာချုပ် ဦးသန်းထိုက်သူက ရဲတပ်ဖွဲ့အနေဖြင့် မည်သည့်ရည်ရွယ်ချက်ကြောင့် မေးမြန်း ရခြင်း ဖြစ်ကြောင်းကို အတိအကျ ပြောမည်ဆိုပါက ကူညီဖြေကြားသွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မီဒီယာကို လိုက်လံ မေးမြန်းနေသည်ကို သဘောမကျဟု ဆိုသည်။
“သတင်းစာတွေ ဂျာနယ်တွေ ရှုံးနေတာ ဘာလို့ဆက်ထုတ်ကြလဲ။ ဘယ်ကငွေနဲ့ထုတ်လဲဆိုတာကို ကျနော်တို့ ရုံးကို လာတုန်းက မေးသွားတယ်။ ကျနော် ကို ခေါ်ထားပေမယ့် အခုထိ မသွားသေးဘူး။အသေးစိတ်ဘာမေးမယ်ဆိုတာ မသိ သေးဘူး” ဟု ဦးသန်းထိုက်သူက ဆိုသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းမီဒီယာများ၏ စီးပွားရေး အရှုံးအမြတ် မေးမြန်းချိန်သည် မဟာသနိ္တသုခကျောင်းတိုက် ဝင်ရောက် စီးနင်းမှုကြောင့် သံဃာတော်များနှင့်ပြည်သူများအကြား အစိုးရကို မကျေနပ်မှု ဖြစ်ပွားနေချိန်၊ သမ္မတ ဦးသိန်းစိန်က သာသနာရေးဝန်ကြီးဦးဆန်းဆင့်ကို ဖမ်းဆီးအရေးယူထားချိန်နှင့် တိုက်ဆိုင်နေသည်။
ရဲတပ်ဖွဲ့က သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် သတင်းဂျာနယ်များသည် သတင်းတပုဒ်ကို ရေးသားဖော်ပြကြရာတွင် မတူညီသော ရေးသားချက်များကြောင့် ဝိဝါဒ ကွဲပြားစရာ များစွာရှိနေပြီး ပြည်သူ များအပေါ်သို့ မတူညီသော သက်ရောက် မှုများစွာရှိနေကြောင်း၊ ၎င်းတို့အနေဖြင့် သတင်းမီဒီယာများ၏ သဘောသဘာ၀ ကို နားမလည်နိုင်အောင် ဖြစ်ရကြောင်း ထုတ်ဖော် ပြောဆိုသည်။
“သတင်းစာတွေရဲ့ သတင်းတပုဒ်ကို ချဉ်းကပ်ပုံ၊ တင်ပြပုံ ကွဲလွဲတာ သက်ဆိုင်ရာ သတင်းစာတိုက်ရဲ့ အယ်ဒီတိုရီယဲလ် မူဝါဒ ပေါ်မှာ မူတည်တယ်။ ဦးဆန်းဆင့်ကိစ္စကို ကျနော် နာမည်တပ်ပြီး ပြောခဲ့တယ်။ ဦးဆန်းဆင့်ကို ထောက်ခံတာ၊ ကန့်ကွက်တာ ဒီမိုကရေစီမှာ ဘာမှ မဆန်းဘူး။ သတင်းစာတွေက ရေးတာကို စာဖတ်ပရိသတ်က ရွေးချယ်ဖတ်ရှုပြီး အမှန် အမှားကို သူတို့ဘာသာ ဆုံးဖြတ်ပါလိမ့်မယ်။ ဒါကို ဒီမိုကရေစီတည်ဆောက်နေပါတယ်ဆိုတဲ့ အစိုးရဘက်က သဘော မပေါက်တာလား၊ သဘောပေါက်လျက်နဲ့ အကျင့်ဟောင်း ပြန်ပေါ်လာတာလား ဆိုတာတော့ ကျနော်တို့ မေးခွန်းထုတ်ရလိမ့်မယ်” ဟု ဧရာဝတီ သတင်းဌာန၏ မြန်မာပိုင်း တာဝန်ခံအယ်ဒီတာ ဦးရဲနည်က ပြောသည်။