ရခိုင်ပြည်နယ်၏ ဝန်ကြီးချုပ်အဖြစ် အဆိုပြုခြင်း ခံထားရသည့် ဗိုလ်ချုပ် မောင်မောင်အုန်းက ၎င်းအနေဖြင့် ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်ချိန်တွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများ လုံး၀ တည်ငြိမ် ချုပ်ငြိမ်းရေးနှင့် ရခိုင်ဒေသကြီး ဖွံ့ဖြိုးရေးကို အစွမ်းကုန် ဆောင်ရွက်သွားမည်ဟု ဇွန်လ ၂၆ ရက်နေ့က ပြောဆိုခဲ့သည်။
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာ (MPC) ၌ ရခိုင်နိုင်ငံရေး ခေါင်းဆောင်များ၊ ရခိုင် လူမှုအဖွဲ့အစည်းများ၊ ရခိုင် ရပ်မိရပ်ဖများ အပါအဝင် ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်များ၊ မစ္စတာ နမ်ဘီးယား စသည်တို့နှင့် တွေ့ဆုံအပြီးတွင် သတင်း ထောက်များက မေးမြန်းရာ ထိုသို့ ဖြေဆိုခဲ့ခြင်း ဖြစ်သည်။
ဆွေးနွေးပွဲ၌ ရခိုင်ဒေသ တည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေး အစီအမံများ ဆောင်ရွက်မည့်ကိစ္စ၊ ၁၉၈၂ နိုင်ငံသား ဖြစ်မှု ဥပဒေ အကောင်အထည်ဖော်ရေး၊ နိမ့်ကျနေသည့် ရခိုင်လူမှုဘ၀ မြှင့်တင်နိုင်ရန် စီးပွားရေး စီမံကိန်းများ အကောင် အထည်ဖော်ရေး၊ ဒုက္ခသည် စခန်းများ အခြေအနေ စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
လက်ရှိ အချိန်၌ ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အရေးကြီးဆုံး အစိတ်အပိုင်း တခုဟု သမ္မတ ဦးသိန်းစိန်က အကြိမ်ကြိမ် ပြောဆိုထားကြောင်း၊ ထို့ကြောင့် ကျန်ရှိနေသေးသည့် အစိုးရ သက်တမ်း တနှစ်ကျော်တွင် ရခိုင်ပြည်တွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခကြီးကို လျှော့ချ၍ လုံး၀ တည်ငြိမ် ချုပ်ငြိမ်းသွားရေးနှင့် ရခိုင်ဒေသ ဖွံဖြိုးရေး လုပ်ငန်းများကို အစွမ်းကုန် ဆောင်ရွက်သွားမည်ဟုလည်း ဗိုလ်ချုပ် မောင်မောင်အုန်းက ပြောသည်။
၎င်းအား ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခြင်းသည် ရခိုင်ဒေသတွင်း ပြဿနာများအား နိုင်ငံတော်အဆင့် အနေဖြင့် ဆောင်ရွက်နိုင်ရန်ဖြစ်ပြီး၊ ပဋိပက္ခ ကိစ္စအ၀၀ကို ဆောင်ရွက်နိုင်ရန် အသင့်တော်ဆုံးသူကိုသာ နိုင်ငံတော်က ရွေးချယ်ခြင်းဖြစ်ကြောင်းလည်း ဗိုလ်ချုပ် မောင်မောင်အုန်းက ဆိုသည်။
၎င်းက “ရခိုင်တိုင်းရင်းသားတွေရဲ့ အမျိုးသား အကျိုးစီးပွားကို အဓိကထား လုပ်ပေးမယ်၊ သမ္မတကြီးက တိုက်ရိုက်ခိုင်းတာ ဖြစ်တဲ့အတွက် ကျနော်က ၅၀ ရာခိုင်နှုန်း မဟုတ်ဘူး၊ ၇၅ ရာခိုင်နှုန်းနဲ့အထက် လုပ်နိုင်တယ်၊ ဒါတွေက စကားနဲ့ပြောရင်တော့ လေထဲပျောက်သွားတာပေါ့၊ လုပ်စရာတွေက တကယ်လုပ်ကြဖို့ပဲ လိုပါတယ်” ဟုလည်း ပြောသည်။
ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သူ ရခိုင်အမျိုးသား ပါတီ (ANP ) ၏ ဒု ခေါင်းဆောင်နှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က “သူလုပ်မယ့်ဟာတွေကို ပြောပေမယ့် မြေပြင်ရဲ့ ပကတိ အခြေအနေမှာ တကယ် လုပ်နိုင်မလုပ်နိုင် ဆိုတာကပဲ အရေးကြီးပါတယ်။ ဗိုလ်ချုပ် မောင်မောင်အုန်းကို အပြုသဘောနဲ့ ကြိုဆိုပါတယ်၊ ရခိုင်ပြည်တွင်းက ခက်ခဲတဲ့ ပဋိပက္ခတွေကိုလည်းပဲ အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု ဆိုသည်။
ဗိုလ်ချုပ် မောင်မောင်အုန်းက ၎င်း လုပ်ဆောင်သွားမည့် အရာများကို ရခိုင်အဖွဲ့အစည်းများထံ တင်ပြ ဆွေးနွေးခဲ့သည့်တိုင် ၎င်း၏ သက်တမ်း တနှစ်ကျော်တွင် အောင်မြင်အောင် လုပ်ဆောင်နိုင်ရန် မလွယ်ကူနိုင်သေးပါ။ သမ္မတ ဦးသိန်းစိန် အစိုးရသည်လည်း ရခိုင်ပဋိပက္ခ ဖြစ်ပွားချိန်မှ စ၍ လုပ်ဆောင်သွားမည့် အကြောင်းအရာ အများအပြားကို ရခိုင်ပြည်သူများထံ မကြာခဏ တင်ပြပေးခဲ့သော်လည်း လက်တွေ့တွင် မည်သည့် ကိစ္စကိုမှ ထိရောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။
ဒေါက်တာ အေးမောင်က “ရခိုင်အရေး ကိစ္စတွေကို ဒီတနှစ်ခွဲကျော် သက်တမ်းမှာ ဘယ်လိုလုပ် ဆောင်ရွက် ပြီးစီးနိုင်မှာလဲ။ အဲဒီတော့ နောင်တက်လာမယ့် အစိုးရနဲ့ ချိတ်ဆက်ပြီး လုပ်နိုင်အောင် ဆောင်ရွက်ပေးသွားဖို့တော့ အရေးကြီးပါတယ်” ဟု ဆိုသည်။
ရခိုင်ဒေသ၌ ဗိုလ်ချုပ် မောင်မောင်အုန်း တာဝန်ယူ ဖြေရှင်းရမည့် အကြောင်းအရာသည် ရခိုင်-ဘင်္ဂါလီ အရေး ကိစ္စနှင့် နယ်စပ်လုံခြုံရေး၊ ဒေသတွင်း လုံခြုံရေးတို့သာ မကပါ။ ဝန်ကြီးချုပ် ရာထူးမှ နှုတ်ထွက်သွားသည့် ဦးလှမောင်တင် လက်ထက်တွင် ဖြေရှင်းပေးနိုင်မှု မရှိခဲ့သည်များကိုပါ ကိုင်တွယ် ဖြေရှင်းရမည် ဖြစ်ပြီး စိန်ခေါ်မှု အများအပြားနှင့်လည်း ကြုံတွေ့ရနိုင်ဖွယ် ရှိသည်။
ကျောက်ဖြူ ရွှေသဘာ၀ ဓာတ်ငွေ့ စီမံကိန်း၊ ရေနံပိုက်လိုင်း၊ ဆောင်ရွက်ရန် လျာထားသည့် ကျောက်ဖြူ-ကူမင်း မီးရထားလမ်း၊ ကျောက်ဖြူ အထူး စီးပွားရေးဇုန်၊ နေပူတောင် ကျောက်ထုတ်လုပ်ရေး စီမံကိန်း၊ တိုက်တေနီယမ် သတ္တုတူးဖော်ရေး စီမံကိန်းများနှင့် လယ်ယာမြေ သိမ်းဆည်းထားမှု ပြဿနာကို ဖြေရှင်းရာတွင်လည်း ရခိုင်ပြည်သူများနှင့် ထိပ်တိုက် ရင်ဆိုင် ဖြေရှင်းရမည့် ကိစ္စအများ အပြားရှိနေသည်။
သို့သော် ဗိုလ်ချုပ် မောင်မောင်အုန်း ကမူ ရခိုင်ပြည်သူများ၏ တောင်းဆိုချက်၊ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြေရှင်းပေးသွားမည်ဟု ယမန်နေ့က တွေ့ဆုံပွဲ၌ ပြောဆိုသွားခဲ့သည်။
ဇွန်လ ၂၇ ရက်နေ့က တွေ့ဆုံဆွေးနွေးမှုသည် ဗိုလ်ချုပ် မောင်မောင်အုန်းက ရခိုင်ဝန်ကြီးချုပ် တဦးအနေဖြင့် တွေ့ဆုံ ဆွေးနွေးခြင်း မဟုတ်ဘဲ ရခိုင်ပြည်နယ်အတွက် ဖွဲ့စည်းထားသည့် ပြည်ထောင်စုအဆင့် အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (ECC) ဒု ဥက္ကဋ္ဌ တဦး အနေဖြင့် ဆွေးနွေးကြခြင်း ဖြစ်ကြောင်း၊ ထို့အတူ ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ပါကလည်း ၎င်း လုပ်ဆောင်သွားမည့် အရာများကိုပါ ရခိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးခြင်း ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးကြသည့် အကြောင်းအရာများ၌ ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်တွင်းရေး ပဋိပက္ခများအပြီး ဖွဲ့စည်းထားသည့် ရခိုင် ပဋိပက္ခ စုံစမ်းရေး ကော်မရှင် အစီရင်ခံစာပါ အချက်အလက်များကို အခြေခံ၍ လုပ်ဆောင်သွားမည့် ကိစ္စများ၊ ဒေသတွင်း လုံခြုံရေးနှင့်နယ်စပ် ပင်လယ်ပြင် လုံခြုံရေးအတွက် ဒေသတွင်း ရဲတပ်ဖွဲ့များကို ပြည်နယ် အစိုးရ၏ ကြီးကြပ်ကွပ်ကဲမှု အောက်တွင် ထားရှိရေး စသည်တို့ကိုပါ ဆွေးနွေးခဲ့ကြကြောင်း ဒေါက်တာ အေးမောင်က ပြောသည်။
ထိုအစီရင်ခံစာ၌ ရခိုင်ဒေတည်တွင်း တည်ငြိမ်ရေးအတွက် ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှု ဥပဒေကို အမြန်ဆုံး အကောင်အထည် ဖော်ရန်နှင့် စီးပွားရေး လုပ်ငန်းများ ဖန်တီးပေးရန် တိုက်တွန်းထားပြီး ရခိုင်-ဘင်္ဂလား နယ်စပ်ဒေသ၌ လုံခြုံရေး တပ်ဖွဲ့တခု ဖွဲ့စည်းရေးတို့ကိုပါ အကြံပြုထားသည်။
ယင်းအစီရင်ခံစာပါ အချက်အလက်များအား အမြန်ဆုံး အကောင်အထည်ဖော်ရန် ရခိုင်ပြည်သူများနှင့် ကော်မရှင်အဖွဲ့က နိုင်ငံတော် အစိုးရကို တိုက်တွန်းခဲ့သည်မှာ ကြာပြီ ဖြစ်သော်လည်း လက်တွေ့ အကောင်အထည်ဖော်မှု မရှိခဲ့ပေ။ ၁၉၈၂ နိုင်ငံသား ဖြစ်မှု ဥပဒေကို မြေပုံမြို့နယ်၌ ပြီးခဲ့သည့် သီတင်းပတ် အနည်းငယ်က စတင် လုပ်ဆောင်နေသကဲ့သို့ လူဝင်မှု ကြီးကြပ်ရေး အဖွဲ့အပေါ်လည်း ဝေဖန်မှုများလည်း ထွက်ပေါ်လျက်ရှိသည်။
ရခိုင်ဒေသ၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခတချို့ကို အချိန်မီ ထိန်းသိမ်းနိုင်ခြင်း မရှိမှုသည် ဝန်ကြီးချုပ် ဦးလှမောင်တင် အစိုးရ အဖွဲ့၏ ကိုင်တွယ်မှု ညံ့ဖျင်းခြင်းကြောင့်ဟု သမ္မတ ပြောခွင့်ရသူ ဦးရဲထွဋ်က မီဒီယာများကို ပြောဆိုခဲ့ပြီး ပြည်နယ် အာဏာပိုင်များကမူ ၎င်းတို့ အား လုပ်ပိုင်ခွင့်အပြည့် ပေးမထားသောကြောင့်ဟု ဆိုသည်။
ထို့ကြောင့်ပင် ဦးလှမောင်တင်အား နှုတ်ထွက်ရန် ဖိအားပေးမှုများ ရှိခဲ့နိုင်ကြောင်း ANP ပါတီ ခေါင်းဆောင်များနှင့် ရခိုင် နိုင်ငံရေး အသိုင်းအဝိုင်းများက သုံးသပ်ကြသည်။
ဇွန်လ ၃၀ ရက်နေ့တွင် ရခိုင် ဝန်ကြီးချုပ်အဖြစ် အတည်ပြုနိုင်ဖွယ်ရှိသည့် ဗိုလ်ချုပ် မောင်မောင်ကမူ ၎င်းအား ဗဟို အဆင့်မှ တိုက်ရိုက် ခိုင်းစေခြင်းဖြစ်၍ ရခိုင်အရေး ကိစ္စများကို အပြည့်အ၀ လုပ်ပိုင်ခွင့် ရမည်ဖြစ်ကြောင်း၊ ရခိုင်ဒေသ ဖွံဖြိုးရေး လုပ်ဆောင်ရန်လည်း နိုင်ငံတော်က ဘတ်ဂျက်ငွေ ကျပ် ၁၅ ဘီလီယံ ချပေးထားကြောင်း၊ လိုအပ်ပါက ထပ်မံ တောင်းခံနိုင်ကြောင်း ပြောဆိုထားသည်။
ရခိုင်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရမည့် ဗိုလ်ချုပ် မောင်မောင်အုန်းသည် ရခိုင်ပြည်သူများ၏ ကန့်ကွက်မှုများနှင့် ကြုံတွေ့နေရသည်။ ထို့အတူ ANP ပါတီကလည်း ဝန်ကြီးချုပ် ရာထူးအား ပြည်သူများက ရွေးကောက် တင်မြှောက်ထားသည့် လွှတ်တော် ကိုယ်စားလှယ်များထဲကသာ ရွေးချယ် တင်မြှောက်သင့်ကြောင်း၊ ရခိုင်လွှတ်တော်၌ အမတ်နေရာ အများဆုံး ရထားသည့် (ANP) ကသာ ရွေးချယ်သင့်ကြောင်း ဇွန်လ ၂၃ ရက်နေ့က ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သေးသည်။
ကန့်ကွက်မှုများ ရှိသည်ကို ၎င်းအနေဖြင့် နားလည်ကြောင်း၊ ကန့်ကွက် ပြောဆိုမှုများကို အပြုသဘောဆောင်၍ တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဟု ဗိုလ်ချုပ် မောင်မောင်အုန်းက ဆိုသည်။ ရခိုင်ပြည်နယ် လွှတ်တော်၌ ANP ပါတီ ကိုယ်စားလှယ် ၁၈ ဦး၊ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် ၁၄ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၁၂ ဦး ရှိသည်။
ဝန်ကြီးချုပ် ခန့်အပ်ရေးကို ကန့်ကွက်နိုင်သည်ဟု ဆိုသော်လည်း နိုင်ငံတော် သမ္မတက ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အဆိုပြုထားသူ ဖြစ်၍ ကန့်ကွက်ရန် လွယ်ကူမည် မဟုတ်ပေ။ ဖွဲ့စည်းပုံပါ အချက်အလက် တခုခုနှင့် ငြိစွန်းမှသာ ကန့်ကွက်ပိုင်ခွင့် ရှိပြီး၊ သမ္မတ ကိုယ်တိုင်ကလည်း ဖွဲ့စည်းပုံနှင့် ကိုက်ညီသူဟု ယူဆ၍ ရွေးချယ်ထားခြင်း ဖြစ်သည်။
ကန့်ကွက်မှုများ ရှိနေသော်လည်း ရခိုင်အရေးကို ကိုင်တွယ် ဖြေရှင်းပေးနိုင်လိမ့်ဟု ယုံကြည်ကြောင်း၊ နယ်စပ်ရေးရာ ဒု ဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့ပြီး ရခိုင်အရေးကိစ္စများ၌လည်း ပါဝင်နေခြင်းကြောင့် ခက်ခဲသည့် ရခိုင်အရေးကို ဖြေရှင်းနိုင်မည်ဟု မျှောင့်လင့်၍ မူအားဖြင့် လက်ခံကြောင်း ဒေါက်တာ အေးမောင်က ပြောသည်။
၎င်းက “အခြေအနေ လိုအပ်ချက်အရ ဗိုလ်ချုပ်တဦးကို ခန့်အပ်တာကို မူအားဖြင့် လက်ခံပါတယ်၊ ဒါပေမယ့် ဖွဲ့စည်းပုံရဲ့ အားနည်းချက်ကလည်း ရှိတော့ တခြားပြည်နယ်တွေမှာလည်း စစ်သားတွေကို ခန့်အပ်တဲ့ အစဉ်အလာ ဖြစ်လာမှာကိုတော့ မလိုလားပါဘူး”ဟု ဆိုသည်။
ရခိုင်လူမှုအဖွဲ့များ၊ ရပ်မိရပ်ဖများကလည်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အား ရခိုင်လူမျိုးကိုသာ လိုလားကြောင်း၊ သို့သော် အခြေအနေအရ မည်သည့် ပုဂ္ဂိုလ်ကို ခန့်အပ်သည် ဖြစ်စေ ရခိုင်ပြည်သူများနှင့် ရခိုင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်နိုင်ဖို့သာ အရေးကြီးကြောင်း ပြောဆိုကြသည်။
စစ်တွေ မြို့မိမြို့ဖ တဦးဖြစ်သူ ဦးသန်းထွန်းက “ကျနော်တို့တွေ သူနဲ့အတူတူ အလုပ်တွဲလုပ်ဖူးတာတွေ ရှိတယ်။ ဥပမာ – ဘင်္ဂါလီကိစ္စ၊ NGO တွေနဲ့အတူ တွဲလုပ်တဲ့အခါ သူက လုပ်နိုင်တယ်၊ အဆင်ပြေတာ တွေ့ရတယ်၊ စစ်သားတယောက် ဖြစ်နေတဲ့အတွက်လည်း တချို့ကိစ္စတွေမှာ ပြတ်ပြတ်သားသား လုပ်နိုင်လိမ့်မယ်လို့ ယူဆပါတယ်” ဟု ဆိုသည်။
ထို့အတူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ကိုယ်စားလှယ်နှင့် ပြည်နယ် လွှတ်တော် ဒု ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးသာညွန့် ကလည်း မိမိတို့ဒေသ အကြီးအကဲအဖြစ် ကိုယ့်လူမျိုးသာ ဖြစ်စေလိုကြောင်း၊ သို့သော် ဗိုလ်ချုပ် မောင်မောင်အုန်း၏ လုပ်ဆောင်ခဲ့မှုများကို ကြည့်ခြင်းအားဖြင့် ရခိုင်ပြည်ကို ဦးဆောင်နိုင်ရန် အရည်အချင်းရှိသောသူ ဖြစ်မည်ဟု ယူဆကြောင်း ပြောဆိုသည်။
ဗိုလ်ချုပ် မောင်မောင်အုန်းသည် နယ်စပ်ရေးရာ ဒု ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍ ဖွဲ့စည်းထားသော အဖွဲ့တချို့တွင် တာဝန်ယူ ဆောင်ရွက်ခဲ့သေးသည်။ ၎င်းအား ရခိုင်ပြည်နယ် လွှတ်တော်၏ တပ်မတော်သား ကိုယ်စားလှယ်အဖြစ် ဇွန်လ ၂၅ ရက်က အတည်ပြုခဲ့သည်။
မည်သို့ပင် ဆိုစေကာမူ ကန့်ကွက်သည် ဖြစ်စေ၊ ထောက်ခံသည် ဖြစ်စေ ဗိုလ်ချုပ် မောင်မောင်အုန်းသည် ရခိုင် ဝန်ကြီးချုပ် ဖြစ်ရန် သေချာနေပြီ ဖြစ်၍ ၎င်းကြွေးကြော် ပြောဆိုထားသကဲ့သို့ ရခိုင် ပြည်တွင်းရေး ပဋိပက္ခများ၊ ရခိုင်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို တနှစ်ကျော် သက်တမ်း၌ မည်မျှ လုပ်ဆောင်ပေးနိုင်မည် ဆိုသည်ကို စောင့်ကြည့်ရန်သာ ရှိတော့သည်။