အာရှနိုင်ငံတွေမှာ ငြိမ်းချမ်းရေး၊ အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးနဲ့ လုံခြုံရေး စတဲ့ကိစ္စတွေမှာ လှုပ်ရှားဆောင်ရွက်နေတဲ့ N-peace Network ဆိုတဲ့ အဖွဲ့အစည်းက ငြိမ်းချမ်းရေး တည်ဆောက်ခြင်းနဲ့ တက်ကြွ လှုပ်ရှားခြင်း စတဲ့ လုပ်ငန်းစဉ် တွေမှာ အကောင်းဆုံး လုပ်ဆောင်နေတဲ့ သူတွေကို ပေးအပ်မယ့် ဆုတွေအတွက် ဆန်ခါတင် ရွေးချယ်ထားရာမှာ မြန်မာနိုင်ငံက အမျိုးသမီး ၁၀ ဦး ပါဝင်တယ်လို့ သိရပါတယ်။
N-peace Network ဆိုတာက ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အရှေ့တီမော၊ သီရိလင်္ကာ၊ အာဖဂ္ဂနစ္စတန်နဲ့ နီပေါ နိုင်ငံတို့မှာ ရှိတဲ့ အမျိုးသမီးတွေကို ပဋိပက္ခဖြစ်ပွားမှုကို တားဆီးနိုင်ဖို့၊ ငြိမ်းချမ်းရေး တည်ဆောက်ဖို့၊ တိုးတက်ဖို့စတဲ့ လုပ်ငန်းတွေမှာ ခေါင်းဆောင် နိုင်ဖို့နဲ့ အရည်အချင်းတွေ တိုးမြှင့်ဖို့ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။
အဲဒီအဖွဲ့အစည်းက ဆန်ခါတင်ရွေးချယ်ထားပြီး အွန်လိုင်းမဲပေးစနစ် လုပ်ဆောင်ထားတဲ့ အထဲမှာ မြန်မာနိုင်ငံက
နိုင်ငံရေး တက်ကြွွလှုပ်ရှားသူ၊ လူ့အခွင့်အရေး၊ အလုပ်သမားရေးနဲ့ တိုင်းရင်းသားရေးရာ စတဲ့ကဏ္ဍ တွေမှာ
လှုပ်ရှား ဆောင်ရွက်နေကြတဲ့ အမျိုးသမီး ၁၀ ဦး နဲ့ အဖွဲ့အစည်းတခု ပါဝင်နေတာ တွေ့ရပါတယ်။
အမျိုးသမီးဆယ်ဦး ကတော့ လူ့အခွင့်အရေး ကိစ္စတွေမှာ တက်ကြွလှုပ်ရှား ပါဝင်နေတဲ့ ဒေါ်နော်အုန်းလှ၊ လွှတ်တော်တွင်းမှာ ပါဝင်နေပြီဖြစ်တဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစေးဟွာနဲ့ ဒေါ်မိမြင့်သန်း၊ ကျားမ ရေးရာ တန်းတူညီမျှမှု ကွန်ရက်မှ မမေစံပယ်ဖြူ၊ ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ မနော်သီတာထွန်း၊ အမျိုးသမီးရေးရာ အဖွဲ့ချုပ်မှာ ပါဝင်ပြီ ကရင် အမျိုးသမီးအရေးတွေ ဆောင်ရွက်နေတဲ့ ဒေါ်နန်းဒါအဲလာ၊ မွန်အမျိုးသမီး အရေး ဆောင်ရွက်နေသူ ဒေါ်မိခင်ခင်ကြူ၊ ကချင် အမျိုးသမီးတွေရဲ့ ပညာရေးကိစ္စတွေမှာ တက်ကြွဆောင်ရွက်သူ ဒေါ်ဆိုင်းဂူနဲ့ နိုင်ငံရေး လှုပ်ရှားသူ မဝေဝေနု တို့ဖြစ်ပါတယ်။ အဖွဲ့အစည်းကတော့ ဒီမိုကရေစီနှင့် အမျိုးသမီး ငြိမ်းချမ်းရေး ကွန်ရက် ဖြစ်တယ်လို့ သိရပါတယ်။
“ဧပြီလ လောက်က အီးမေးလ်က တဆင့် အကြောင်းကြားလာတာပါ၊ ကျမက ဒီလိုလှုပ်ရှားမှုတွေ၊ လုပ်ငန်းတွေကို အန်တီ စူဇန်နာတို့နဲ့ အတူ လုပ်ဆောင်နေတာ သိပ်မကြာသေးတော့ သူတို့တောင်းတဲ့ အချက်အလက်တွေကို ပြန်ပြီး မပို့ဖြစ်ဘူး၊ ကျမ လုပ်ဆောင်နေတာတွေ ကလည်း အဲဒီလောက်ကြီး မဟုတ်သေးဘူးလေ” လို့ ကရင်အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့မှာ ပါဝင်တဲ့ မနော်သီတာထွွန်းက ဧရာဝတီကို ပြောပါတယ်။
ဆန်ခါတင် မဲပေးစာရင်းထဲမှာ ပါဝင်တဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေကို ဧပြီလက စတင်ပြီး အီးမေးလ်တွေက တဆင့် ဆက်သွယ်လာတာပါ၊ အဲဒီအမျိုးသမီးတွေရဲ့ ကိုယ်ရေး အချက်အလက်၊ လုပ်ဆောင်မှု စတဲ့ ကိစ္စတွေကို ပြန်လည်ပို့ပေးဖို့
တောင်းဆိုတယ်လို့ သိရပါတယ်။
“အဲဒီကိစ္စတော့ ကျမ မသိသေးဘူး၊ အီးမေးလ်လည်း မစစ်ဖြစ်တော့ မသိဘူး၊ ဖုန်းနဲ့ အဆက်အသွယ် လုပ်တာမျိုးတော့ မရှိပါဘူး” လို့ လူ့အခွင့်အရေး ကိစ္စတွေမှာ တက်ကြွလှုပ်ရှား ပါဝင်နေသူ ဒေါ်နော်အုန်းလှက ရှင်းပြပါတယ်။
N-peace network ဝက်ဘ်ဆိုက်ရဲ့ အွန်လိုင်းမဲပေးစနစ် ဖွင့်လှစ်ထားရာမှာတော့ မြန်မာနိုင်ငံက အမျိုးသမီး ၁၀ ဦး အပါအဝင် အာဖဂန်နစ္စတန်၊ နီပေါ၊ သီရိလင်္ကာ၊ ဖိလစ်ပိုင်စတဲ့နိုင်ငံတွေက တက်ကြွလှုပ်ရှားသူ အမျိုးသမီးတွေနဲ့ အမျိုးသား တွေလည်း ပါဝင်တာတွေ့ရပါတယ်။
အဲဒီ အဖွဲ့အစည်း က ပေးမယ့်ဆုတွေကတော့ အမျိုးသမီးနှင့် မီဒီယာကဏ္ဍ၊ ငြိမ်းချမ်းရေးအတွက် တောင်းဆို လှုပ်ရှားသူ အမျိုးသားနှင့် အမျိုးသမီးများအတွက် ဆု၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လှုပ်ရှားသူ လူငယ်အမျိုးသားနှင့် အမျိုးသမီးဆုနှင့် ကာလရှည်ကြာစွာ တည်ရှိနေသည့် ပြဿနာများကို ပြေလည်အောင် ဖြေရှင်းပေးနိုင်စွမ်း ရှိသော အဖွဲ့အစည်းဆုတို့ ဖြစ်ပါတယ်။ လာမယ့် ဇူလိုင်လအတွင်းမှာ ဆုရရှိသူများကို အတည်ပြု ရွေးချယ်မှာဖြစ်ပြီး အောက်တိုဘာလမှာ ဆုပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ဆုတွေ ပေးအပ်တဲ့ အစီအစဉ်ကိုတော့ ၂၀၁၁ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး ဒီနှစ်ပါ ဆိုရင်တော့
လေးကြိမ်မြောက် လုပ်တဲ့ အစီအစဉ်ဖြစ်တယ်လို့ N-peace Network ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။