ကျနော်တို့ စာအုပ်ထဲမှာ အကျယ်တဝင့် လေ့လာတင်ပြထားတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ဆန့်ကျင်ဘက် ဥပမာကို
သီရိလင်္ကာက အသွင်ဆောင်နေပါတယ်။ အဓိကအကျဆုံး အချက်ကို အခုဒီမှာ အကျဉ်းချုပ် ပြောနိုင်ပါပြီ။ အိန္ဒိယနဲ့
သီရိလင်္ကာဆိုတဲ့ အခြေအနေချင်း နီးစပ်တဲ့အတွဲမှာ အိန္ဒိယရဲ့ တာထွက်အခြေအနေက ပိုဆိုးတယ်လို့ ပြောနိုင်ပါတယ်။
အကြောင်းကတော့ အိန္ဒိယကနေ ခွဲထွက်မယ်ဆိုတဲ့ အတွေးအခေါ်ကို ခဏတဖြုတ် လက်ခံခဲ့တဲ့ ဒြာဝိဒိယံ လှုပ်ရှားမှုမှာ
တမီလ်တွေ ပါဝင်ပတ်သက်နေခဲ့ပါတယ်။ တိုင်းပြည်ရဲ့ တောင်ဘက်စွန်းပိုင်းဒေသ (အခုတော့ တမီလ်နာဒူးလ် ပြည်နယ်
မှာ) ဗြဟ္မဏတွေနဲ့ ဗြဟ္မဏ မဟုတ်သူတွေက ပဋိပက္ခတွေ တောက်လျှောက်ဆိုသလို ဖြစ်ပွားနေခဲ့တာပါ။ ဒါကြောင့် INC
ဦးဆောင်တဲ့ တတိုင်းပြည်လုံး လွတ်လပ်ရေးလှုပ်ရှားမှုမှာ တမီလ်ပြည်နယ်သားတွေက နှစ်နှစ်ကာကာ ထောက်ခံ အားပေခဲ့ပေမယ့် တမီလ်နာဒူးပြည်နယ် နိုင်ငံရေးမှာ တိုင်းရင်းသားလူမျိုးတွေ အချင်းချင်းကြားက တောင်းဆိုချက်တွေ အတွေးအခေါ် အယူအဆတွေနဲ့ ပြင်းထန်ပြည့်နှက်နေခဲ့ဲမယ်ဆိုတာ ပြောနိုင်ပါတယ်။
သီရိလင်္ကာမှာလည်း တိုင်းရင်းသားလူနည်းစု တမီလ်တွေ ရှိတယ်ဆိုပေမယ့် အိန္ဒိယနဲ့ နှိုင်းယှဉ်လိုက်ရင် သူက တာထွက်ကောင်းတယ်လို့ ပြောနိုင်ပါတယ်။ ဗုဒ္ဓဘာသာကို အများစု ကိုးကွယ်တဲ့ ဆင်ဟာလီလူမျိုးတွေနဲ့ ဟိန္ဒူဘာသာ ကိုးကွယ်တဲ့ တမီလ်လူမျိုးတွေကြား နိုင်ငံရေး အကြောင်းရင်းခံ ပဋိပက္ခတွေဆိုတာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး မရင်ခင် နှစ်ပေါင်း ၁၀၀ လောက်အတွင်းမှာ ဖြစ်ပွားခဲ့တာ မရှိပါဘူး။ ပြောရမယ်ဆိုရင် သီဟိုဠ် ကွန်ဂရက်ပါတီ (Ceylon Congress Party) ရဲ့ ပထမဆုံး ဥက္ကဌက တမီလ်လူမျိုး တယောက်ပါပဲ။ သီဟိုဠ်မှာ ကျင်းပပြီး အင်္ဂလိပ်ဘာသာနဲ့ ဖြေဆိုရတဲ့ အစိုးရရာထူးဝန် စာမေးပွဲတွေမှာ တမီလ်လူမျိုးတွေ ထူးချွန်ကြပါတယ်။ အာာဏာကို အရင်ကထက် ပိုများတဲ့ အတိုင်းအတာနဲ့ ဝေမျှကျင့်သုံးရေးကို သူတို့တွေက လိုလားကြပေမယ့် တိုင်းပြည်လွတ်လပ်ရေး ရလာာချိန်မှာ ဖက်ဒရယ်လစ်ဇင် ဒါမှမဟုတ် ပြည်နယ်ကို အာဏာခွဲဝေပေးရေး ဆိုတာကို မတောင်းဆိုခဲ့ပါ။ လွတ်လပ်ရေး ဆိုတာကိုတော့ ပိုလို့တောင် ဝေးပါသေးတယ်။ လူတဦးချင်း ဝင်ငွေအနေနဲ့ ပြောရရင် သီဟိုဠ်က အိန္ဒိယထက် ပိုများပါတယ်။ ဗြိတိသျှ ကိုလိုနီလက်အောက်မှာ ဘေးဖယ်ထားခံခဲ့ရတဲ့ဲ ဆင်ဟာလီအုပ်စုတွေ (အထူးသဖြင့်တော့ ဗုဒ္ဓဘာသာဝင်တွေ) ကို အပိုငွေကြေး ထောက်ပံ့တာတွေ လုပ်ဆောင်နိုင်ခဲ့ပါသေးတယ်။
တမီလ်ခွဲထွက်ရေးဆိုတာ တိုင်းပြည်လွတ်လပ်ရေး ရချိန်မှာ အလားအလာအဖြစ် ရှိခဲ့ပေမယ့် လွတ်လပ်ရေးရပြီး နောက်ပိုင်း ၃၅ နှစ်အကြာမှာတော့ အိန္ဒိယမှာ ပြဿနာတခု အနေနဲ့ ရှိမနေတော့ပါ။ ဒါပေမယ့် ခွဲထွက်ရေး အကြောင်းအရာ တခုအနေနဲ့ ရှိမနေခဲ့တဲ့ သီရိလင်္ကာ တမီလ်လူမျိုးကိစ္စက နောက်ပိုင်းမှာ ခွဲထွက်ရေး ပြည်တွင်းစစ်မီး အဖြစ်ကို ဦးတည်သွားခ့ြဲပီး နှစ်ပေါင်း ၂၅ နှစ်လောက် တောက်လောင်နေခဲ့ပါတယ်။ လူမျိုးချင်း တူပါလျက်နဲ့ တိုင်းပြည ်၂ ခုကြားမှာ အဖြစ်အပျက်တွေက ဘာကြောင့် အဲဒီလိုကွားခြားချက် ကြီးမားသွားရတာပါလိမ့်။
အပေါ်မှာ ဆွေးနွေးခဲ့တဲ့ တိုင်းပြည်တည်ဆောက်ရေး ပေါ်လစီတွေကို ကျင့်သုံးပုံကျင့်သုံးနည်းချင်း အကြီးအကျယ် ကွာခြားသွားတာကြောင့် တိုင်းပြည် ၂ ခုကြား အခြေအနေတွေလည်း ကွာခြားသွားရတာ ဖြစ်တယ်လို့ အဓိက ရှင်းပြနိုင်ပါတယ်။ အိန္ဒိယ ဖော်ဆောင်ခဲ့တဲ့ လူမျိုးစုံ ချစ်ကြည်ရင်းနှီး ပေါင်းစည်းရေး State Nation ပေါ်လစီတွေနဲ့
သီရိလင်္ကာ ဖော်ဆောင်ပြီး နိုင်ငံတော်ကို ပြိုကွဲသွားစေမယ့် Nation State ပေါ်လစီတွေကြား ဘယ်လို ကွာခြားသွားတယ် ဆိုတာကို ဇယား ၂ မှာ မီးမောင်းထိုးပြထားပါတယ်။
ဖြည့်စွက်ငြင်းခုံပြောဆိုခြင်း
အခုထိ မပြောဆို မဆွေးနွေးရသေးတဲ့ မေးခွန်း ၃ ခုကို နည်းနည်းပါးပါး ဆွေးနွေးပြီး ဆောင်းပါးကို နိဂုံချုပ်ပါတော့မယ်။ ပထမတခု၊ တချို့ State Nation ပေါ်လစီတွေကို Nation State မဟုတ်တဲ့ Unitary နိုင်ငံတွေမှာ အသုံးချလို့ ရနိုင်မလား ဆိုတာပဲ ဖြစ်ပါတယ်။ အသုံးချဖို့ တော်တော်လေး ဖြစ်နိုင်တယ်လို့တော့ ကျနော်တို့ ထင်ပါတယ်။ အကြောင်းကတော့ State Nation ပေါ်လစီ စစ်စစ်တွေကိုရော၊ Nation State ပေါ်လစီ စစ်စစ်တွေကိုရော အပြည့်အဝသုံးပြီး တိုင်းရင်းသား လူမျိုးစုံ နိုင်ငံတခုကို စီမံအုပ်ချုပ်လို့ မဖြစ်နိုင်တဲ့ ပထဝီနိုင်ငံရေး အနေအထားတွေ ပြည်တွင်းရေး အနေအထားတွေကို ရှိနိုင်နေတာကြောင့်ပါ။ ဘာကြောင့် အဲဒီလို ဖြစ်ကြရတာလဲ။
Irredentist (ဆုံးရှုံးနယ်မြေ ပြန်လည်ရယူရေး) အကြံအစည်တွေ၊ ညဉ်တွေရှိနေတဲ့ အင်အားကြီး နိုင်ငံတခုနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ပထဝီနိုင်ငံရေး အနေအထားမျိုး ဆိုပါတော့။ အဲဒီလို အနေအထားမျိုးမှာ ဂန္တဝင် State Nation ပေါ်လစီဖြစ်တဲ့ အချိုးမညီ ဖက်ဒရယ်စနစ် (တခြား ဖက်ဒရယ်စနစ်တွေ ကျင့်သုံးလည်း အလားတူ ဖြစ်နိုင်ပါတယ်) ကို ကျင့်သုံးလိုက်ရင် ဒီမိုကရေစီ နိုင်ငံသစ်တခု ပေါ်ထွက်လာစေဖို့ လမ်းဖွင့်သလို ဖြစ်သွားစေမယ့် အန္တရာယ် ရှိလာနိုင်ပါတယ်။ Unitary နိုင်ငံ တည်ထောင်ခြင်းက ဘေးအန္တရာယ် အကင်းဆုံးအဖြေ ဖြစ်နိုင်ပါတယ်။ ယဉ်ကျေးမှုရေးရာ ပေါ်လစီတွေနဲ့ ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်း စိတ်ဝမ်းကွဲပြားနေတဲ့ လူဦးရေပမာဏက နိုင်ငံရေးအရ အထိအခိုက် မခံနိုင်လောက်တဲ့ အရေအတွက် ဖြစ်နေတယ်ဆိုရင် (ထင်ရှားတဲ့ ဘာသာစကားတခုခုနဲ့ ယဉ်ကျေးမှုကို လိုက်နာကျင့်သုံးနေတဲ့ လူအများစုက စုစုဝေးဝေး နေထိုင်တဲ့ ပြည်တွင်းရေး အနေအထား) တခုတည်းသော ဘာသားစကားကို သုံးစွဲစေခြင်းမျိုး Nation State ပေါ်လစီတွေ ချမှတ်ခြင်းက ဒီမိုကရေစီကို အန္တရယ်ပြုနိုင်သလို နိုင်ငံရေးအရ လက်တွေ့ကျင့်သုံးဖို့ ဆိုတာလည်း မဖြစ်နိုင်ပါ။ ဒုက္ခသုက္ခတွေ ဒါမှမဟုတ် အကြမ်းဖက်မှုတွေတောင်
ရလဒ်အဖြစ် ထွက်ပေါ်လာနိုင်ပါတယ်။
အဲဒီလိုမျိုး ပြည်တွင်းရေး အနေအထားတွေနဲ့ ပထဝီနိုင်ငံရေး အနေအထားတွေ ပေါင်းစုံတည်ရှိနေရင်လည်း ဂန္တဝင်ပုံစံ
ဖက်ဒရယ် State Nation ပေါ်လစီတွေက အလုပ်ဖြစ်လိမ့်မယ် မဟုတ်ပါ။ ဒါပေမယ့် State nation ပေါ်လစီတွေထဲက
တချို့ အစိတ်အပိုင်းတွေကိုတော့ ကျင့်ကိုကျင့်သုံးရပါလိမ့်မယ်။ ဒါပေမယ့် Unitary နိုင်ငံတွေမှာလည်း State Nation ပေါ်လစီတွေကို လိုက်နာကျင့်သုံးလို့ ဖြစ်နိုင်မလား ဆိုတာကိုတော့ မေးရပါမယ်။ တချို့ ပေါ်လစီတွေကိုတော့ အကောင်အထည် ဖော်လို့ ဖြစ်နိုင်ဦးမယ်ဆိုတာ ယုံကြည်ပါတယ်။ နမူနာပေး ဥပမာထားခဲ့တဲ့ အပေါ်က အနေအထား တွေမှာတော့ အရေးလည်းကြီးပြီး သင့်လည်းသင့်တော်တဲ့ စတိတ်နေးရှင်းပေါ်လစီဆိုတာ မတူကွဲပြားတဲ့ ယဉ်ကျေးမှုနဲ့ ဘာသာစကားတည်ရှိရာ အရပ်ဒေသတွေမှာ ကိုယ်ပိုင်ဘာသာစကား အသုံးပြုခွင့်ကို ဒီမိုကရေစီ ဖော်ဆောင်ရေး ဖြစ်စဉ်ရဲ့အစောပိုင်းအဆင့်မှာ ပေးအပ်လိုက်တာပါပဲ။
ကျနော်တို့ စာအုပ်ထဲမှာ ယူကရိန်းနိုင်ငံ အကြောင်းကို လေ့လာထားပါတယ်။ ဆိုဗီယက်ပြည်ထောင်စုကနေ
လွတ်လပ်ရေးရချိန် ၁၉၉၁ ခုနှစ်မှာ လူ့အဖွဲ့အစည်းက တိုင်းရင်းသားလူမျိုးစုံ လူ့အဖွဲ့အစည်းဖြစ်ပေမယ့် နိုင်ငံရေးအရ
ပြောရမယ်ဆိုရင်တော့ တိုင်းရင်းသားလူမျိုးတွေ အားလုံး မပါဝင်တာကို တွေ့ရပါတယ်။ ယူကရိန်း ဘာသာစကားကိုပဲ
ကျောင်းတွေမှာ သင်ကြားရမယ်၊ ဒါမှမဟုတ် အစိုးရရုံးတွေနဲ့ ဆက်ဆံဆောင်ရွက်တဲ့နေရာမှာ ယူကရိန်း ဘာသာစကားကိုပဲ တရားဝင် သုံးစွဲရမယ်ဆိုတဲ့ Nation State ပေါ်လစီတွေကိုသာ ပြင်းပြင်းထန်ထန် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မယ်ဆိုရင် နိုင်ငံအရှေ့ဘက်ပိုင်းက ရုရှားစကားပြောပြီး ကိုယ့်ကိုယ်ကို ရုရှားတွေပါလို့
ကြေညာသူတွေက (သီရိလင်္ကာက တမီလ်တွေလိုမျိုး) ခွဲထွက်ရေးသမားတွေ ဖြစ်ကုန်မှာပါပဲ။ သူတို့ရဲ့ခွဲထွက်ရေး
လှုပ်ရှားမှုကို ထောက်ခံ အားဖြည့်ပေးဖို့အတွက် ရုရှားစစ်တပ်ကို အကူအညီတောင်းခံခဲ့မှာပါပဲ။ ရုရှကလည်း ပေးမှာပါပဲ။
ဒုတိယမေးခွန်းကတော့ နယ်မြေဒေသအလိုက် စုစုဝေးဝေး နေထိုင်ကြတဲ့ လူနည်းစုလေးရှိပြီး သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာစကားတွေက လူများစုတွေနဲ့ အခြေခံကျကျ ကွာခြားနေတယ်ဆိုပါတော့။ သူတို့ရဲ့ တောင်းဆိုမှုတွေကို တုံ့ပြန်ပေးဖို့အတွက် ဖက်ဒရယ်ဆန်ဆန် အာမခံချက်တွေကို ဒီမိုကရက်တစ် Unitary Nation State က ပေးနိုင်မလား ဆိုတာပဲဖြစ်ပါတယ်။ ဒီလိုအနေအထားမျိုး ဆိုရင်တော့ ဖက်ဒရေစီ (Federacy) ဆိုတဲ့ ပြန်လည်မွမ်းမံထားတဲ့ သီအိုရီကိုပဲ ပြန်ကိုင်ချင်ပါတယ်။ ဖက်ဒရေစီကို ကျနော်တို့ စံသတ်မှတ်ချက်နဲ့ အကိုက်ညီဆုံး အဓိပ္ပါယ်ဖွင့်ဆိုချက် အသစ်ကတော့ ဒီလိုပါ။ ဖက်ဒရေစီဆိုတာ လွတ်လပ်တဲ့ Unitary နိုင်ငံတော်အတွင်းမှာ ရှိနေတဲ့ နိုင်ငံရေး-အုပ်ချုပ်ရေး ယူနစ် (ပြည်နယ်) တခုပါ။ တချို့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အဲဒီပြည်နယ်မှာ သီးသန့်လုပ်ပိုင်ခွင့် အာဏာ (တချို့ ဥပဒေပြု အာဏာတွေလည်း အပါအဝင်) ရှိပြီး အဲဒီအာဏာတွေကို အခြေခံဥပဒေထဲမှာ ထည့်သွင်းပေးထားတာ ဒါမှမဟုတ် အခြေခံဥပဒေထဲမှာ ထည့်သွင်းပေးထားတဲ့ သဘောမျိုး သက်ရောက်နေရမှာ ဖြစ်ပါတယ်။ တဘက်ဘက်က စတင်ပြီး ပြုပြင်ပြောင်းလဲတာမျိုး လုပ်လို့မရပါ။ ပြည်နယ် (ယူနစ်) အတွင်းမှာ နေထိုင်သူတွေကလည်း နိုင်ငံသားအခွင့်အရေး အပြည့်အဝရပါတယ်။ အဲဒီလိုအချက်အလက်တွေကို ချန်လှပ်ပြီး စဉ်စားလိုက်မယ် ဆိုရင်တော့ (အဲဒီလို အချက်အလက်တွေသာ မရှိဘူးဆိုရင်တော့) အဲဒီနိုင်ငံတော်က Unitary ဖြစ်နေမှာပါ။
ကျနော်တို့စာအုပ်ရဲ့ နောက်ဆုံးအခန်း မရောက်ခင် ရှေ့အခန်းမှာ အခုပြောတဲ့ ဖက်ဒရေစီ ဖော်မြူလာကို ဘယ်လို အသုံးချတယ်ဆိုတာ စစ်ဆေးထားပါတယ်။ ဖင်လန် (အောလန်းအိုက်လန်း) နဲ့ ဒိန်းမတ်နိုင်ငံ (ဖဲရိုးအိုက်လန်း) တို့က အခုပြောလိုက်တဲ့ ဖက်ဒရေစီပုံစံသာ မရှိဘူးဆိုရင် Unitary Nation State တွေဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ သူတို့ ၂ နိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးစုံ ပြဿာနာကို အခုပြောတဲ့ ဖော်မြူလာသုံးပြီး ကိုင်တွယ်ဖြေရှင်းထားပါတယ်။ စစ်ပြီးကာလ အီတလီနိုင်ငံမှာ တောင်တီရိုးလ်ပြည်နယ် (နေထိုင်သူ ၈၆ ရာခိုင်နှုန်းက ဂျာမန်စကားကို ပြောဆိုသုံးစွဲပါတယ်) ဆိုတာရှိခဲ့ပြီး ခွဲထွက်ရေးအတွက် လှုပ်ရှားနေခဲ့တာပါ။
ပေါ်တူဂီနိုင်ငံကတော့ ၁၉၇၅ ခုနှစ်မှာ တော်လှန်ရေး ဆင်နွှဲနေခဲ့တာဖြစ်ပြီး အသိုးရစ်ဒေသမှာ ခွဲထွက်ရေးလှုပ်ရှားမှု
ဖြစ်ပေါ်နေခဲ့ပါတယ်။ အီတလီနဲ့ ပေါ်တူဂီမှာ အဲဒီလိုပြဿနာတွေကို ဖြေရှင်းဖို့ ဖက်ဒရေစီကိုကျင့် သုံးလိုက်နိုင်တာကြောင့်
ဖက်ဒရေစီရဲ့ အသုံးဝင်နယ်ပယ်တန်ဖိုး (Scope value) တက်သွားတယ် ဆိုတာကိုလည်း ပြသထားပါတယ်။ ၂၀၀၅ ခုနှစ်
သြဂုတ်လ ဟယ်လ်ဆင်ကီ သဘောတူညီချက်ရအောင် စေ့စပ်ညှိနှိုင်းတဲ့ နေရာမှာလည်း ဖက်ဒရေစီ ဖော်မြူလာက အသုံးဝင်ခဲ့ပါတယ်။ အဲဒီသဘောတူညီချက်ကြောင့် အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသ ပြည်တွင်းစစ်ကို အများ သဘောတူညီချက်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ခဲ့ပါတယ်။ နိုင်ငံရေးအုပ်စုတွေ အားလုံးလည်း ပါဝင်ဆောင်ရွက်ခွင့် ရခဲ့ပါတယ်။ တကယ်လို့ တရုတ်ပြည်အနေနဲ့ ဒီမိုကရေစီကို ကျင့်သုံးမယ်ဆိုရင် နိုင်ငံအတွင်းမှာရှိတဲ့ တိဗက်၊ ဟောင်ကောင် (ထိုင်ဝမ်လည်း ဖြစ်နိုင်ပါတယ်။) ဒေသတွေနဲ့ ပတ်သက်ပြီး ဖက်ဒရေစီ ဖော်မြူလာကို ကျင့်သုံးနိုင်ပါတယ်။
အမေရိကန် ဖက်ဒရယ်ပုံစံက သြဖာလွှမ်းမိုးနေဆဲ ဖြစ်ပေမယ့် သူနဲ့ပတ်သက်ပြီး ကျနော်တို့က ဘာကြောင့် နည်းနည်းပဲ ပြောဆိုဆွေးနွေးထားတာပါလဲ။ တိုင်းပြည်တည်ထောင်သူ ဖခင်တွေက အမေရိကန်ကို တိုင်းရင်းသားလူမျိုးစုံ တိုင်းပြည်အဖြစ် မမြင်ခဲ့ဘဲ ထွန်းပေါ်စ Nation State တခုလို့သာ ယူဆခဲ့ပါတယ်။ Nation State နဲ့ ကိုက်ညီတဲ့ အခြေခံဥပဒေကိုပဲ ရေးဆဲြွပဌာန်းခဲ့ပါတယ်။ ဒါ့အပြင် အခြေခံဥပဒေထဲမှာ သူတို့ ထည့်သွင်းရေးဆွဲ ပြဌာန်းခဲ့တဲ့ ကြန်အင် လက္ခဏာတွေကြောင့် အမေရိကန်ပြည်ထောင်စုပုံစံက တိုင်းရင်းသားလူမျိုးစုံ လူ့အဖွဲ့အစည်းကို မူဝါဒကျကျ
စီမံခန့်ခွဲဖို့အတွက် ထူးထူးခြားခြားမကိုက်ညီတာ ဖြစ်သွားပါတယ်။ ဒါကြောင့်မို့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာတွေ့ရတဲ့
နယ်မြေအလိုက် စုဝေးနေထိုင်တဲ့ ဘာသာစကားမတူ၊ ဒါမှမဟုတ် ကိုးကွယ်ရာ ဘာသာမတူ လူနည်းစုအုပ်စုတွေကို
စီမံခန့်ခွဲဖို့ဆိုရင် အမေရိကန်ပုံစံက ဘယ်လိုမှ အကျိုးမပြုတာကို တေ့ွရပါတယ်။ အမေရိကန်ပုံစံ သမ္မတစနစ်က
ဝန်ကြီးချုပ်စနစ်လိုမျိုး ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး အားပေးတဲ့ အရည်အသွေးတွေ ချို့တဲ့တာကို တွေ့ရပါတယ်။ ပြည်နယ်အခြေပြု ခွဲထွက်ရေးပါတီတွေ အားကောင်းလာတာကို ပြည်နယ်အခြေပြု ဗဟိုလိုလားတဲ့ ပါတီတွေဖြစ်အောင်
မြေတောင်မြှောက်ပေး နိုင်ပါလိမ့်မယ်။ ဥပမာ အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ်ပါ။ အဲဒီလိုပါတီတွေကလည်း
နောက်ပိုင်းမှာ နိုင်ငံအဆင့် ညွန့်ပေါင်းအစိုးရ အဖွဲ့တွေမှာ ပါဝင်နိုင်ပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စု ဒီမိုကရေစီကို ထိန်းထားတဲ့နေရာမှာ အချိုးညီဖက်ဒရယ်စနစ်နဲ့ သမ္မတစနစ်က အကြီးအကျယ် အောင်မြင်ထားပါတယ်။ အမေရိကန်ပြည်ထောင်စုဆိုတာ တိုင်းပြည်အသီးသီးကနေလာတဲ့ ပြောင်းရွွှေ့ ဝင်ရောက်လာသူတွေနဲ့ ဖွ့ဲစည်းထားပေမယ့် တိုင်းရင်းသားလူမျိုးစုံတဲ့ သဘောကို အားကောင်းမောင်းသန် မတွေ့ရပါ။ တိုင်းပြည်မှာ ပဒေသာစုံလင်မှုတွေရှိပေမယ့် လွတ်လပ်ရေးကို တောင်းဆိုလှုပ်ရှားနေတဲ့ နယ်မြေဒေသ ကိုယ်စားပြုပြီး နိုင်ငံရေးအရ ထင်ရှားတဲ့ အမျိုးသားရေးအုပ်စုတွေ အမေရိကန်ပြည်ထောင်စုမှာ မရှိပါ။ ဒါပေမယ့် ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံအများစုမှာတော့ တိုင်းရင်းသားလူမျိုးစုံ အုပ်စုတွေကို စီမံအုပ်ချုပ်ဖို့ ဆိုတာကို မလွဲမသွေ လုပ်ဆောင်နေရပါတယ်။ အဲဒီနိုင်ငံတွေအနေနဲ့ အမေရိကန် ပြည်ထောင်စုထက်စာရင် အိန္ဒိယနိုင်ငံကနေ သင်ခန်းယူစရာတွေ ပိုပြီးရှိနိုင်ပါတယ်။
တမီလ်လူနည်းစုများအပေါ် မဟာဗျူဟာ ချမှတ်ဆက်ဆံရာတွင် အိန္ဒိယနဲ့ သီရိလင်္ကာတို့ကြား ကွာခြားပုံ
ပေါ်လစီ – ၁။ အချိုးမညီတဲ့ ဖက်ဒရယ်စနစ်ဖြစ်ပါတယ်။ Unitary နိုင်ငံလည်း မဟုတ်သလို အချိုးညီဖက်ဒရယ်လည်း မဟုတ်ပါ။
အိန္ဒိယ – အခြေခံဥပဒေရေးဆွဲရေး တိုင်းပြုပြည်ပြုလွှတ်တော်က အချိုးမညီ ဖက်ဒရယ်စနစ်ကို ဖန်တီးပေးပါတယ်။ အဲဒီလို ဖန်တီးလိုက်တာကြောင့် ပြည်နယ် နယ်နိမိတ်တွေကို ပြန်လည်ရေးဆွဲလိုက်လို့ ရသွားပြီး ယဉ်ကျေးမှုအရ လူများစုဖြစ်နေတဲ့ ဒေသခံအုပ်စုတွေက ကိုယ်ပိုင်ဘာသာစကားနဲ့ အုပ်ချုပ်လို့ ရသွားပါတယ်။ တမီလ်စကားပြောသူတွေ အများစုနေတဲ့ တမီလ်နာဒူး ပြည်နယ်ကို မဒရပ်စ် ပြည်နယ်ကနေ ထုတ်ယူဖွ့ဲစည်းပေးထားတာ ဖြစ်ပါတယ်။
သီရိလင်္ကာ – အခြေခံဥပဒေ ရေးဆွဲရေး တိုင်းပြုပြည်ပြု လွှတ်တော်ကို မကျင်းပ၊ ဒါပေမယ့် ရိုးရိုး ဥပဒေပြု လွှတ်တော်ကသာ အခြေခံဥပဒေကို အတည်ပြုပေးပြီး သီရိလင်္ကာကို Unitary နိုင်ငံဖြစ်ကြောင်း ကြေညာ။ ဗုဒ္ဓဘာသာ ဆင်ဟာလီ လူများစုတွေက လူများစုဦးစားပေး နိုင်ငံတော်မူဝါဒတွေကို ၁၉၅၆ နောက်ပိုင်းမှာ တိုးချဲ့လုပ်ဆောင်လာ။ အာဏာကို သိသိသာသာ ခွဲဝေပေးမယ့် လုပ်ဆောင်မှုတွေကို ဘယ်တော့မှ အကောင်အထည် မဖော်ခဲ့။
ပေါ်လစီ – ၂။ တသီးပုဂ္ဂလ ရပိုင်ခွင့်တွေရှိပြီး အားလုံးက လက်ခံ အသိအမှတ်ပြုထားပါတယ်။
အိန္ဒိယ – ဘာသာစကား ။ ။ ပြင်းထန်တဲ့ စည်းရုံးလှုပ်ရှားမှုတွေနဲ့ နိုင်ငံရေးစေ့စပ်ညှိနိုှုင်းမှုတွေ လုပ်ဆောင်ပြီး နောက်မှာတော့ ဟင်ဒီဘာသာစကားကို အိန္ဒိယပြည်ထောင်စုရဲ့ တခုတည်းသော တရားဝင်ဘာသာစကား အဖြစ် အကောင်အထည်ဖော်ရေး အစီအစဉ်တွေကို ၁၉၆၅ ခုနှစ်မှာ စွန့်လွှတ်လိုက်ပါတယ်။ ပညာရေးက ဘာသာစကား ၃ ခု ဖော်မြူလာရဲ့ နယ်ပယ်ဖြစ်လာပါတယ်။ တမီလ်ဘာသာစကားက တမီလ်နာဒူးပြည်နယ်ရဲ့ တရားဝင် ဘာသာစကားဖြစ်လာပြီး ပြည်နယ်နဲ့ ပြည်ထောင်စုကြား ဆက်ဆံရာမှာ ပြည်နယ်တွေအနေနဲ့ ဟင်ဒီဘာသာစကားကို မဖြစ်မနေ သုံးစွဲစရာ မလိုပါ။
အိန္ဒိယ – ကိုးကွယ်ရာဘာသာ ။ ။ အဓိကကျတဲ့ ဘာသာကြီးတွေ အားလုံးကို အခြေခံဥပဒေအရ အသိအမှတ် ပြုထားပါတယ်။ လူနည်းစု အင်စတီကျူးရှင်းတွေ အနေနဲ့ နိုင်ငံတော် ငွေကြေးထောက်ပံ့မှုကို ရယူနိုင်ခွင့်ရှိပါတယ်။
သီရိလင်္ကာ – ဘာသာစကား ။ ။ ဆင်ဟာလီကို တခုတည်းသော တရားဝင် ဘာသာစကားအဖြစ် ၁၉၅၆ ခုနှစ်တွင် ကြေငြာပြီး တမီလ်ဘာသာစကားကို နောက်ထပ်ဆက်ပြီး အသိအမှတ် မပြုတော့။
သီရိလင်္ကာ – ကိုးကွယ်ရာဘာသာ ။ ။ ဗုဒ္ဓဘာသာကို ဘာသာတွေအားလုံး ကြားထဲမှာ ၁၉၇၈ အခြေခံဥပဒေ ပုဒ်မ ၉ အရ အရေးအကြီးဆုံးနေရာမှာ ပေးထားပါတယ်။ နိုင်ငံတော်ထောက်ပံ့ငွေက ဗုဒ္ဓဘာသာဝင်တွေကို ဦးစားပေးပါတယ်
ပေါ်လစီ – ၃။ သမ္မတစနစ် ဒါမှမဟုတ် ရောစပ်စနစ်တွေမဟုတ်ဘဲ ပါလီမန်စနစ်ဖြစ်ပါတယ်။
အိန္ဒိယ – ပါလီမန်စနစ်ကြောင့် အုပ်ချုပ်ရေးအာဏာက “ခွဲဝေယူလို့ရတဲ့ အကျိုးကျေးဇူး” ဖြစ်သွားပါတယ်။ ခွဲထွက်ရေး အလားအလာရှိတဲ့ ဒေသဆိုင်ရာ ပါတီတွေလည်း ဗဟိုညွန်ပေါင်းတွေဖွ့ဲရာမှာ ပါဝင်ကူညီလာကြပါတယ်။ အာဏာရ ဗဟိုညွန့်ပေါင်းအစိုးရတွေက တမီလ်နာဒူးပြည်နယ် ဒြာဝိဒိယံပါတီတွေထဲက တခုကို ပါဝင်ဖို့ ၁၉၇၀ ပြည့်နှစ်တွေ နှောင်းပိုင်းကစပြီး ဖိတ်ခေါ်လာခဲ့ပါတယ်။
သီရိလင်္ကာ – ၁၉၇၈ မှာ ရောစပ်သမ္မတစနစ်ကို သီရိလင်္ကာ ကျင့်သုံးပါတယ်။ အဲဒီစနစ်အရ သီရိလင်္ကာ သမ္မတက ပြင်သစ်သမ္မတထက် သြဇာအာဏာ ပိုကြီးမားပါတယ်။ အဲဒီအချိန်ကစပြီး နောက်ပိုင်း ဗဟိုအစိုးရမှာ ညွန့်ပေါင်းအဖြစ် ပါဝင်တဲ့ တောင်ပိုင်းတမီလ်ပါတီဆိုတာ မရှိတော့ပါ။
ပေါ်လစီ – ၄။ နိုင်ငံအနှံ့ ဖြန့်ကျက်လှုပ်ရှားတဲ့ ပါတီတွေ ဗဟိုလိုလားတဲ့ ဒေသခံပါတီတွေ (အလုပ်အကိုင်ရာထူးတွေ) ရှိပါတယ်။
အိန္ဒိယ – နိုင်ငံအနံှ့ ဖြန့်ကျက်လှုပ်ရှားနေတဲ့ နိုင်ငံရေးပါတီတွေနဲ့တွြဲပီး ညွန့်ပေါင်းတွေ ဖွ့ဲစည်းနိုင်တာကြောင့် တမီလ်လူမျိုး ကိုယ်စားပြု ဒေသခံပါတီတွေက အိန္ဒိယပါလီမန်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် နေရာရလာပါတယ်။ လုပ်ပိုင်ခွင့်အာဏာ ကြီးမားတဲ့ ဝန်ကြီးဌာနတွေကိုလည်း ပါတီအင်အားနဲ့ မမျှအောင်ရလာပါတယ်။ ဒေသခံ ခွဲထွက်ရေးပါတီဆိုတာ ၁၉၇၀
ပြည့်နှစ်တွေ အလယ်လောက်ကစပြီး ထင်ထင်ရှားရှား ရှိမနေတော့ပါ။ တမီလ်ပါတီတွေအားလုံးက ဗဟိုလိုလားတဲ့ ဒေသခံပါတီတွေ ဖြစ်ကုန်ပါတယ်။
သီရိလင်္ကာ – နိုင်ငံအနှံ့မှာ ဖြန့်ကျက်လှုပ်ရှားနေတဲ့ ပါတီတွေနဲ့ ပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရတွေ ဖဲ့ွစည်းနိုင်တဲ့ အခွင့်အလမ်းတွေ အားလုံးနီးပါးလောက်ကို တမီလ်တွေက ၁၉၅၆ ခုနှစ် နောက်ပိုင်းလောက်မှာ ဆုံးရှုံးသွားပါပြီ။ တမီလ် လူမျိုးတယောက်က မြောက်ပိုင်းကနေ ရွေးကောက်တင်မြောက်ခံရပြီး ပြည်ထောင်စုဝန်ကြီး ဖြစ်လာတယ်ဆိုတာ ၁၉၅၇ ခုနှစ်နောက်ပိုင်းမှာ မရှိတော့ပါ။ ဗဟိုလိုလားတဲ့ ဒေသခံ တမီလ်ပါတီကြီးဆိုတာ ၁၉၇၀ ပြည့်နှစ်တွေ အလယ်လောက်ကစပြီး မရှိတော့ပါ။ နောက်ပိုင်းပေါ်လာတဲ့ တမီလ်ပါတီတွေဆိုတာ ဒေသခံ ခွဲထွက်ရေး ပါတီတွေပဲ ဖြစ်ပါတော့တယ်။
ပေါ်လစီ – ၅။ နိုင်ငံရေးအရ ပူးပေါင်းသွားပေမယ့် ယဉ်ကျေးမှုတွေ ပေါင်းစည်းမသွားတဲ့ လူနည်းစုတွေရှိပါတယ်။
အိန္ဒိယ – တမီလ်တွေက အိန္ဒိယနိုင်ငံရေးစနစ်နဲ့ ပေါင်းစည်းသွားပေမယ့် တမီလ်ယဉ်ကျေးမှုကိုတော့ ဂုဏ်ယူဝင့်ကြွားပြီး ဖက်တွယ်ထားပါတယ်။ တမီလ်နာဒူး ပြည်နယ်အစိုးရတွေက တမီလ် ယဉ်ကျေးမှုနဲ့ ဘာသာစကား တိုးတက် မြင့်မားရေးအတွက် အားတက်သရော လုပ်ဆောင်ပေးကြပါတယ်။ နိုင်ငံတော် အထောက်အပံ့ပေးတဲ့ ကျောင်းတွေ အပါအဝင် ပညာရေးသင်ရိုးညွှန်းတမ်းတွေ ရေးဆွဲပေးတာလည်း အပါအဝင်ပါ။
သီရိလင်္ကာ – အိန္ဒိယသား တမီလ်တွေက ၁၉၄၈ ခုနှစ်မှာ မဲပေးခွင့် ရုပ်သိမ်းခံလိုက်ရပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ရေးကို လိုလားတဲ့ တမီလ်ပါတီလ်ဝင်တွေအားလုံး လွှတ်တော်ကနေ ၁၉၈၃ ခုနှစ်မှာ ထွက်သွားရပါတယ်။ ၁၉၈၀ ပြည့်နှစ်တွေ အလယ်ပိုင်းလောက်မှာတော့ တမီလ်ပျောက်ကျား ခေါင်းဆောင်တွေက ပြန်လည်ပေါင်စည်းရေးကို မမျှော်မှန်းနိုင်တော့ပဲ “နိုင်ငံရေးအရ တိုင်းရင်းသားလူမျိုးစုံ” ဖြစ်သွားပါတယ်။
ပေါ်လစီ – ၆။ ယဉ်ကျေးမှုအလေးထားတဲ့ အမျိုးသားရေးဝါဒီတွေနဲ့ နယ်မြေအခြေပြု အမျိုးသားရေးဝါဒီတွေ။
အိန္ဒိယ – ယဉ်ကျေးမှု အမျိုးသားရေးဝါဒီတွေရဲ့ ရည်မှန်းချက်တွေလည်း တော်တော်များများ ပြည့်ဝကြပါတယ်။ ခွဲထွက်ရေး ရည်မှန်းချက်အတွက် ကြိုးပမ်းဆောင်ရွက်နေကြတဲ့ ဒေသဆိုင်ရာ နိုင်ငံရေးပါတီတွေကတော့ ပျောက်ကွယ်သလောက် နီးပါး ဖြစ်ကုန်ပါတယ်။
သီရိလင်္ကာ – ခွဲထွက်ရေး ရည်မှန်းချက်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုတဲ့ လက်နက်ကိုင် အမျိုးသားရေး ပျောက်ကျားတွေက အရှေ့မြောက် တမီလ်လူ့အဖွ့ဲအစည်းရဲ့ ခေါင်းဆောင်တွေ ၁၉၇၀ ပြည့်နှစ်တွေ နှောင်းပိုင်းမှာ ဖြစ်သွားပါတယ်။
ပေါ်လစီ – ၇။ ကွြဲပားပေမယ့် အပြန်အလှန်ဖြည့်စွက်နေတဲ့ အမှတ်လက္ခဏာ ပုံသဏ္ဍန်တွေ။ ကြိုးစားရယူထားရတာ ဖြစ်ပါတယ်။
အိန္ဒိယ – တမီလ်လူမျိုး အမှတ်လက္ခဏာတွေလည်း ထင်ထင်ရှားရှား ကျန်နေပါသေးတယ်။ ဒါပေမယ့် အိန္ဒိယ အမှတ်လက္ခဏာတွေကတော့ တနိုင်ငံလုံးမှာ ထင်ကျန်နေပါတယ်။ ဗဟိုအစိုးရအပေါ်ကို တမီလ်နာဒူး ပြည်နယ်သားတွေရဲ့ ယုံကြည်မှုက ကျန်တဲ့ပြည်နယ်တွေထက် ပိုပြီးမြင့်မားပါတယ်။
သီရိလင်္ကာ – ရွေးကောက်ပွဲနိုင်ငံရေးမှာ ဝိုင်းကျဉ်ခံထားရပြီး နိုင်ငံတော်ရဲ့ ခွဲခြားဆက်ဆံမှုနဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ပိုပြီး တိုးသည်ထက်တိုး ခံစားလာရတာကြောင့် အရှေ့မြောက်ပိုင်း တမီလ်တွေက ပဋိပက္ခကို ရွေးချယ်လာကြပါတယ်။ နောက်ဆက်တွဲ ဖြစ်လာတဲ့ ပြည်တွင်းစစ်ကြောင့် လူပေါင်း ၁ သိန်း (အများစုက တမီလ်တွေ) သေကြေပျက်စီးခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ တမီလ်တွေ စစ်ရှုံးသွားတော့မှ ပြည်တွင်းစစ် ပြီးဆုံးခဲ့ပါတယ်။
အဲလ်ဖရက်စတီဖင် (Alfred Stepan) သည် ကိုလံဘီယာ တက္ကသိုလ်မှ Wallace Sayre Professor of Government ဖြစ်သည်။ ဟွမ်လင့်ဇ် (Juan J. Linz) သည် ယေးလ် တက္ကသိုလ်မှ Sterling Professor Emeritus of Political and Social Science ဖြစ်သည်။ ယိုဂင်ဒရာ ယာဒက်ဗ် (Yogendra Yadav) သည် ဒေလီမြို့ရှိ Centre for the Study of Developing Societies တွင် အကြီးတန်း အရာရှိ ဖြစ်သည်။ ၎င်းတို့စာအုပ် Crafting State-Nations: India and Other Multinational Democracies အပေါ် အခြေခံပြီး ယခု စာတမ်းကို ရေးသားခြင်း ဖြစ်သည်။ ယင်းစာတမ်းကို Educational Initiatives (ပညာရှေ့ဆောင်) Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ရယူပြီး မြန်မာဘာသာပြန်ဆိုသည်။ Educational Initiatives အဖွဲ့ (www.eduinitiatives.org) သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)