သတင်း

မဟာသန္တိသုခကျောင်း အမှု သံဃာတော် ၅ ပါးကို ရုံးချိန်း ထပ်ချိန်း

This article has been converted from Zawgyi One to Unicode

မဟာသန္တိသုခကျောင်း နှင့် ပတ်သက်၍ တရားစွဲဆို ခံထားရသော သံဃာတော် ၅ ပါး၏ ယမန်နေ့က ရုံးချိန်းတွင် တရားလိုဘက်မှ လျှောက်လဲချက်များကို ကြားနာပြီး ဇူလိုင် ၄ ရက်သို့ ထပ်မံ ရက်ချိန်း လိုက်ကြောင်း သိရသည်။

ယင်းသံဃာ ၅ ပါးသည် မဟာသန္တိသုခ ကျောင်းတိုက် ဆရာတော်ကြီး ပီနန် ဆရာတော် ဦးပညာဝံသ၏ တပည့်ရင်း ဆရာတော် ဦးဥတ္တရ (လန်ဒန်) ၊ ဦးနန္ဒိယ ၊ ဦးပညာသာရ ၊ ဦးသုန္ဒရာသီရိ နှင့် ဦးတေဇိဒ္ဓ တို့ ဖြစ်သည်။

ရန်ကုန်တိုင်း တာမွေမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်ရာ၌ တရားစွဲဆို ခံထားရသော သံဃာတော်များအား နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့မှ သင်္ကန်းဝတ်ဖြင့် တရား ရင်မဆိုင်ရန် ညွှန်ကြားထားသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း တရားစွဲဆိုခံ သံဃာတော်များက သင်္ကန်းဝတ်ဖြင့်သာ တရားရင်ဆိုင်သည်ကို တွေ့ရသည်။

တရားစွဲဆို ခံထားရသည့် ဆရာတော် ဦးဥတ္တရက ယခုအမှုသည် သာသနာတော်ကြီး တခုလုံး၊ မြန်မာနိုင်ငံ အတွင်းရှိ သံဃာ ၅ သိန်းတို့နှင့် သက်ဆိုင်သော အမှုဖြစ်ကြောင်း၊ အမှုမှန် ပေါ်ပေါက်ရေး အတွက် စစ်ဆေးရန် အရေးကြီးကြောင်း၊ ယခုကဲ့သို့ သက်သေ၊ တရားလို၊ တရားခံများ အားလုံးမှ ဘက်မလိုက်ဘဲ အမှန်တရား ပေါ်ပေါက်ရေး အတွက် စစ်နိုင်ရန်မှာ အခွင့် အရေး ရခဲလှကြောင်း တာမွေတရားရုံးရှေ့တွင် အမှုစစ်ဆေးခံယူအပြီး သတင်းမီဒီယာများကို မိန့်ကြားသည်။

ဆရာတော် ဦးဥတ္တရက“ရုံးချိန်းပါတယ်။ ဒီနေ့ စစ်တာကတော့ တရားလိုပဲ စစ်နေသေးတာ ဖြစ်တဲ့အတွက် တရားလိုရဲ့ သက် သေကိုလည်း စစ်ဦးမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အားလုံး သည်းခံပြီးတော့ ဒီအမှုမှန်ကြီး ပေါ်ဖို့ စောင့်ဆိုင်းကြပါလို့၊ တမျိုးသား လုံးက ညီညီညွတ်ညွတ်နဲ့ အမှန်တရား ပေါ်ပေါက်လာအောင် ဝိုင်းဝန်း ကူညီဆောင်ရွက် ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်” ဟုလည်း မိန့်သည်။

တရားစွဲဆို ခံထားရသော သံဃာတော်များဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးဇော်သိန်းထွန်း ကလည်း ယခု အချိန်တွင် တရားလိုဘက်မှ အပြစ်ရှိကြောင်း ပြောဆိုနေသော အချိန်ဖြစ်ပြီး ချေပရန် အလှည့် မရောက်သေးသောကြောင့် စွဲဆိုမှု မှားသည်၊ မှန်သည်ကို ပေါ်လွင်ရန် အပြန်အလှန် မေးမြန်းနေသေးကြောင်း၊ စွဲဆိုသော အမှုသည် သံဃာ ဥပဒေ ပုဒ်မ ၂၀/ ၉၉ ဖြင့် အရေးယူနေခြင်း ဖြစ်ကြောင်း၊ အမှု အသွားအလာအရ နောက်ထပ် ၃ လ ကျော် ဆက်လက် ရင်ဆိုင်ရဖွယ် ရှိကြောင်း မီဒီယာများကို ပြောသည်။

မဟာသန္တိသုခကျောင်း အဖြစ်အပျက်နှင့် ပတ်သက်ပြီး ကျောင်းပိုင်ဆိုင်မှု ပြဿနာများကို ပြေလည်စေရန် ယခင် စစ်အစိုးရ လက်ထက်က အရေးပါခဲ့သော တပ်မတော် ထောက်လှမ်းရေးအဖွဲ့ ဦးဆောင်သူ ဦးခင်ညွှန့်က သတင်းမီဒီယာများကို ဖြေရှင်း ပေးမည်ဟု သတင်းများ ထွက်ပေါ်လာသော်လည်း ဦးခင်ညွှန့်က ၎င်း ဖြေရှင်းရမည့်ကိစ္စ မဟုတ်ကြောင်း ယနေ့ နံနက်တွင် တရားဝင် ပြောဆိုသည်။

ဦးခင်ညွှန့်က အဆိုပါ ကိစ္စသည် သက်ဆိုင်သူများကသာ တရားရုံးများတွင် ဖြေရှင်း ဆောင်ရွက်ရမည် ဖြစ်ပြီး မိမိနှင့်သက် ဆိုင် သည့် ကိစ္စရပ် မဟုတ်ကြောင်း၊ တစံုံတဦးမှ ယခုကိစ္စကို လုပ်ကြံသော သတင်းများသာ ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ်၊ နဝဒေး လမ်းရှိ ၎င်းနေထိုင်ရာ နေအိမ်ခြံထဲတွင် သတင်းမီဒီယာများကို ရှင်းလင်း ပြောဆိုသည်။

“ဒီကိစ္စက ကျနော် ဖြေရှင်းရမှာမှ မဟုတ်တဲ့ဟာ။ သူတို့ဘာသာ တရားရုံးမှာ ရှင်းရမယ့် ကိစ္စပါ။ ကျနော်နဲ့လည်း ဘာမှ သက် ဆိုင်တဲ့ ကိစ္စမဟုတ်ဘူး။ ကျနော်က အခု ကိုယ့်ဘာသာ ကိုယ့်ခြံထဲမှာ အေးအေးဆေးဆေး ဘဝကို ဖြတ်သန်းနေတာ အား လုံး က သိနေတာပဲ”ဟု ဦးခင်ညွှန့်က ပြောသည်။

မဟာသန္တိသုခကျောင်း တည်ထောင်သူ ပီနန်ဆရာတော်သည် နိုင်ငံခြားသို့ သာသနာပြု ထွက်သွားပြီးသည့် နောက်ပိုင်း စစ် အစိုးရ လက်ထက်တွင် ကျောင်းတော်ကို နိုင်ငံတော် သံဃာ မဟာနာယက အဖွဲ့သို့ ထိန်းသိမ်း စောင့်ရှောက်ရန် လွှဲအပ်ထားခြင်း ဖြစ်ကြောင်း ဦးခင်ညွှန့် ကိုယ်တိုင် ဆုံးဖြတ်ထားသည့် ကိစ္စရပ် ဖြစ်ကြောင်း ပီနန် ဆရာတော်က ဧရာဝတီကို မိန့်ကြား ထား သည်။

သံဃာတော်များ တရားရင်ဆိုင်မှုကို လာရောက် နားထောင်သည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က “ဒီနေ့လိုမျိုးက သတင်းသမားတွေ အင်မတန် နားထောင်စေချင်တဲ့စိတ် ဖြစ်လာတယ်။ ဒီလောက် ကြီးကျယ် တဲ့ အမှုကို ဒီလောက် ကျဉ်းတဲ့ရုံးမှာ စစ်လဲဆိုတာ စဉ်းစားမိတယ်။ ကိစ္စတခု ပေါ်ပေါက်လာလို့ ရှိရင် အုပ်ချုပ်ရေး ယန္တရားနဲ့ အာဏာကို ကိုင်တွယ်သူတို့ရဲ့ ဖြေရှင်းပံုံက အကြမ်းဖက်တဲ့ ပုံစံပေါ့၊ သံဃာတွေကို သဘောမပါဘဲနဲ့ အဓမ္မ သင်္ကန်းချွတ်ပြီး အတင်း လူဝတ်လဲခိုင်းတာ၊ ဒါဟာ ကျန်ရှိနေတဲ့ သံဃာထုနဲ့ ပြည်သူတွေ အပေါ်မှာ ပိုပြီး မကျေနပ်မှုတွေ ဖြစ်ပေါ်စေလိမ့် မယ်။ ကိုင်တွယ် ဖြေရှင်းတာဟာ တရားနည်းလမ်း ကျကျပဲ ကိုင်တွယ် ဖြေရှင်းသင့်တယ်”ဟု ဆိုသည်။

ရုံးခန်းကျဉ်းကျဉ်းလေး ဖြစ်သည့် မြို့နယ်အဆင့် တရားရုံးတွင် ယခု အမှုကို စစ်ဆေးစီရင်ခြင်းသည် လူအများက စိတ်ဝင် စားသော အမှုဖြစ်သည့် အတွက် မသင့်လျော်ကြောင်း၊ လုံခြုံရေး တာဝန်ယူထားရသော ရဲတပ်ဖွဲ့ဝင်များလည်း များပြားသည့် လူထုအပြင် တာဝန်ဝတ္တရားများ အရ အလွန်စိတ်ပင်ပန်း သတိထားနေရကြောင်း လုံခြုံရေး တာဝန် ယူထားသည့် ဒုရဲအုပ် တဦးက ပြောဆိုသည်။

ယင်းအမှုကို လာရောက်ကြားနာသည့် သရုပ်ဆောင်၊ ဒါရိုက်တာ ဦးဇင်ဝိုင်းကလည်း“တကယ်လို့ အဲဒီမှာ မပြေလည်လို့ အရပ် ဘက် တရားရုံး ရောက်လာတယ် ဆိုရင်လည်း ၂ ဖက်သော တရားပြိုင်များကနေ တရားရုံးမှာ လက်ရှိ တည်ဆဲ ဥပဒေများနဲ့ အညီ ပိုင်ဆိုင်မှု အထောက်အထားများ တင်ပြပြီးတော့ ဒါကို ရှင်းလင်း ညှိနှိုင်းကြရမယ့် ကိစ္စလို့ မြင်ပါတယ်။ အခုလိုမျိုး ဖမ်းဆီး ထိန်းသိမ်း၊ လူဝတ်လဲ၊ အခုမှ သင်္ကန်းပြန်စည်းခွင့် ပေးတယ် ဆိုတာမျိုးက အဘက်ဘက်က ဆုံးရှုံးသွားတယ်လို့ ကျနော်မြင် တယ်”ဟု ပြောဆိုသွားသည်။

ယခု တရားစွဲဆိုခံထားရသော သံဃာတော် ၅ ပါးသည် မဟာသန္တိသုခ ကျောင်းတိုက်တွင် သီတင်းသုံး နေထိုင် နေစဉ် ဇွန်လ ၁၀ ရက် ညပိုင်းက သာသာနာရေး ဝန်ကြီးဌာန တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့၏ ပူးပေါင်း ဝင်ရောက် ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

ယင်းသံဃာတော်များကို ဇွန်လ ၁၃ ရက်က တာမွေမြို့နယ် တရားရုံးတွင် ပထမအကြိမ် ရုံးထုတ် စစ်ဆေးပြီး လူဝတ်လဲကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ပြီးနောက် ဇွန် ၂၀ ရက်တွင် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။

Loading