ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော် မြို့နယ်၊ ရှားခဲ ကျေးရွာ၌ ဖြစ်ပွားခဲ့သည့် ရှားခဲအင်း အဓိကရုဏ်းတွင် ပါဝင်သည်ဟု စွဲဆိုချက်ဖြင့် အမျိုးသမီး ၃ ဦး အပါအဝင် ဒေသခံ ၆ ဦးကို ပုသိမ်ခရိုင် တရားရုံးက ဇွန် ၂၇ ရက် ညပိုင်းတွင် ထောင်ဒဏ်များ အသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။
ရှားခဲအင်းအား လုပ်ပိုင်ခွင့် ရရှိခဲ့သည့် ဝိုင်းဝိုင်းလည် သမအသင်းပိုင် တဲအိမ်တခုနှင့် တဲအတွင်းရှိ ပစ္စည်းများ ဖျက်ဆီးခဲ့မှုတွင် ပါဝင်သည်ဟု ဆိုကာ ဒေသခံ ၆ ဦးအား ၂၀၁၃ ခုနှစ် ဇွန်လတွင် အာဏာပိုင်များက ဖမ်းဆီးပြီး ပုသိမ်ခရိုင် တရားရုံး၌ ရုံးတင် စစ်ဆေးခဲ့သည်။ အချိန် ၁ နှစ်ခန့် ကြားနာစစ်ဆေး ပြီးနောက် ပုသိမ်ခရိုင် တရားသူကြီး ဒေါ်မာမာစိန်က အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ရှားခဲဒေသခံများ ဖြစ်သည့် ကိုကျော်ကြီး၊ ကိုအောင်စိုးနိုင်နှင့် ကိုရင်ထွေးတို့ ၃ ဦးအား အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၂၇၊ ၄၂၈ တို့ဖြင့် ထောင်ဒဏ် ၂ နှစ် ၆ လစီ ချမှတ်ခဲ့ပြီး၊ ဒေါ်အေးလှိုင်၊ ဒေါ်စန္ဒာကြည်၊ ဒေါ်မြတ်မွန်တို့ ၃ ဦးအား ပုဒ်မ ၄၂၇ ဖြင့် ထောင်ဒဏ် ၁ နှစ်စီ အသီးသီး ချမှတ်လိုက်ခြင်း ဖြစ်သည်။
ရှားခဲဒေသခံများ၏ အကျိုးဆောင်ရှေ့နေ ဦးအောင်ဘိုဘိုညွှန့်က “ဒီလူတွေကို အစောပိုင်းမှာ စွဲထားတဲ့ ပုဒ်မတွေက တအား ပြင်းထန်တယ်။ တဲဖျက်တာကို ဓားပြမှု ဆိုပြီး ပုဒ်မ ၃၉၅ နဲ့ စွဲထားတယ်။ အဲဒီပုဒ်မက တသက်တကျွန်း ကျနိုင်တယ်။ နောက်ဆုံးမှာ ၃၉၂ (လုယက်မှု) အဖြစ် ပုဒ်မ ပြောင်းသွားတယ်။ ဒါကလည်း နှစ် ၂၀ ထောင်ချလို့ ရတယ်။ ကျနော့် အနေနဲ့ ဒါဟာ လုယက်မှု မဟုတ်ဘူး။ အင်းလေလံ ချထားမှု အပေါ် မကျေနပ်လို့သာ ဝင်ရောက် ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ လျှောက်လဲခဲ့တယ်။ ဖျက်ဆီးမှုကလည်း တကယ်ဖြစ်ခဲ့တော့ ဒီအပေါ်မှာ တရားသူကြီးက ၄၂၇ နဲ့ အပြစ်ပေးတာကို ကန့်ကွက်စရာတော့ မရှိပါဘူး” ဧရာဝတီကို ပြောသည်။
တဲဖျက်ဆီးမှု ဖြစ်ပွားခဲ့သည့်နေ့က အခင်းဖြစ်ရာ နေရာတွင် ရှိမနေခဲ့သည့် ကိုကျော်ကြီးနှင့် ကိုအောင်စိုးနိုင်တို့ကိုပါ
ထောင်ဒဏ် အပြစ်ပေးခဲ့သည့်အတွက် ကျေနပ်မှု မရှိကြောင်းနှင့် ယခု ပြစ်ဒဏ်အပေါ် အယူခံ ဝင်ရောက်သွားမည် ဖြစ်ကြောင်း ထောင်ဒဏ် ချမှတ်ခံရသူတို့၏ ဆွေမျိုးများက ပြောသည်။
“ ဒီအမှုကို ကျနော်တို့က တိုင်းအဆင့် အယူခံ တက်သွားမှာပါ။ ဘာလို့ဆိုတော့ ဒီအမှုတွဲထဲမှာပါတဲ့ ကိုကျော်ကြီးဟာ
အဲဒီအခင်းဖြစ်တဲ့နေ့မှာ ကျုံပျော်မြို့ကို သွားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းစိန်နဲ့ သွားတွေ့နေတယ်။ မြို့နယ် သမဦးစီးနဲ့ တွေ့တယ်။ မြို့နယ် ငါးလုပ်ငန်းဦးစီးမှူးနဲ့ သွားတွေ့နေတယ် ဆိုတာ ကျနော် အခိုင်အမာ ပြောနိုင်ပါတယ်။
ကိုအောင်စိုးနိုင် ဆိုရင်လည်း ပန်းတနော်မှာ အလှူသွားနေတာပါ။ သူတို့ ပြန်ရောက်တဲ့ အချိန်မှာ တဲကိုဖျက်တဲ့ ကိစ္စတွေက ဖြစ်ပြီးနေပြီ။ ဒါကို ထောင်ဒဏ် ချမှတ်တဲ့အတွက် အယူခံတက်ဖို့ လုပ်ဆောင်တာ ဖြစ်ပါတယ်” ဟု
ရှားခဲဒေသခံ ကိုဆန်းဝင်းက ဧရာဝတီကို ပြောသည်။
ရှားခဲအင်း ကိစ္စနှင့် ပတ်သတ်ပြီး ယခုပြစ်ဒဏ် ချမှတ်မှုမှာ ဒုတိယအကြိမ် ဖြစ်သည်။ ရှားခဲအင်း အဓိကရုဏ်းတွင် လုံခြုံရေး တာဝန်ယူသည့် ရဲတပ်ဖွဲ့ဝင်များကို နာကျင်ဒဏ်ရာ ရစေခဲ့သည်ဟုဆိုကာ ယခုလ ၁၉ ရက်တွင် ပုသိမ်ခရိုင် တရားရုံးက ကိုကျော်ကြီးကို ပုဒ်မ ၃၃၂ (ဝတ္တရား နှောင့်ယှက်မှု)၊ ပုဒ်မ ၁၉ (င) လက်နက် ကိုင်ဆောင်မှုတို့ဖြင့် ထောင်ဒဏ် ၂ နှစ် ဒေါ်အေးလှိုင်နှင့် ဒေါ်မြတ်မွန်တို့ကိုလည်း အဆိုပါ ပုဒ်မများဖြင့် ထောင်ဒဏ် ၆ လစီ ချမှတ်ခဲ့ပြီး ဖြစ်သည်။
ရှားခဲကြီး ရှားခဲလေးအင်းကို ငွေကျပ် ၄၅ သိန်းဖြင့် ဒေသခံ ရေလုပ်သားများ အဖွဲ့ကို လုပ်ကိုင်ခွင့်ပေးမည်ဟု မွေးမြူရေးနှင့် ရေလုပ်ငန်းဌာန ဝန်ကြီးးဦးအုန်းမြင့်က ကတိပြုခဲ့ပြီးချိန်တွင် ဧရာဝတီတိုင်း အစိုးရအဖွဲ့က ဦးမြင့်ဟန် ဦးဆောင်သည့် ဝိုင်းဝိုင်းလည် သမအသင်းအားငွေကျပ် ၆၅ သိန်းဖြင့် လုပ်ခွင့်ပေးခဲ့ရာမှ စတင်ကာ ဝိုင်းဝိုင်းလည် သမအသင်းနှင့် ရွာသားများအကြား တင်းမာမှုများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
ရှားခဲအင်းအား လုပ်ကိုင်ခွင့် ရရှိခဲ့သည့် ဝိုင်းဝိုင်းလည် သမအသင်းမှ တာဝန်ရှိသူများက ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၉ ရက်က ၎င်းတို့အင်းလေလံ အောင်မြင်ခဲ့သည်ဟု ရှားခဲကျေးရွာ အတွင်း လိုက်လံအော်ဟစ် ကြေညာခဲ့ရာတွင် ရွာသားများနှင့် တင်းမာမှု ဖြစ်ခဲ့ပြီး ဒေသခံ ၂၀၀ ခန့်က ဝိုင်းဝိုင်းလည် သမအသင်းပိုင် တဲအိမ်နှင့် အတွင်းရှိ ပစ္စည်းများကို ဝိုင်းဝန်းဖျက်ဆီးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဖျက်ဆီးမှု ဖြစ်ပွားပြီးနောက်ပိုင်း ဒေသခံ ရေလုပ်သား အဖွဲ့နှင့် ဝိုင်းဝိုင်းလည် သမအသင်းတို့ တင်းမာမှုများ ပြင်းထန်လာခဲ့ရာ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၇ ရက်တွင် ရေလုပ်သားအဖွဲ့ ခေါင်းဆောင် ကိုဝင်းနိုင် (ခေါ်)
တလုပ်ကြီးကို ဝိုင်းဝိုင်းလည် သမအသင်းမှ ဖိုးလူ၀ (ခေါ်) ကျော်သိန်း ဦးဆောင်သည့် အဖွဲ့များက ဝိုင်းဝန်း သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်။ ကိုတလုပ်ကြီး အသတ်ခံရမှုကို အကြောင်းပြုပြီး ရှားခဲကျေးရွာ၌ ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ ရဲက ပစ်ခတ်ဖြိုခွင်းသဖြင့် ဒေသခံရွာသား ၄ ဦး သေနတ်မှန်ခဲ့ပြီး ၎င်းတို့အနက်မှ ၂ ဦး သေဆုံးခဲ့သည်။
ကိုဝင်းနိုင် (ခေါ်) တလုပ်ကြီးကို သတ်ဖြတ်ခဲ့သည့် ဖိုးလူ၀ (ခေါ်) ကျော်သိန်းနှင့် အပေါင်းပါ ၇ ဦး ကိုလည်း ပုသိမ်ခရိုင် တရားရုံးက လူသတ်မှုဖြင့် ယခုနှစ် ဖေဖော်ဝါရီလ အတွင်းက ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။
ရှားခဲအင်း ပဋိပက္ခ နောက်ပိုင်း ဝိုင်းဝိုင်းလည် သမအသင်းက ဒေသခံ ၃၇ ဦးကို တရားစွဲဆိုခဲ့ရာ ကျုံပျော်မြို့နယ် တရားရုံးတွင် ၈ လကျော် တရား ရင်ဆိုင်ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။ ကျုံပျော်၌ တရားရင်ဆိုင် နေစဉ်မှာပင် အာဏာပိုင်များက ဒေသခံ ၆ ဦးကို ဖမ်းဆီးပြီး ပုသိမ်ခရိုင် တရားရုံး၌ ရုံးတင် စစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံရွာသားများက ပြောသည်။