ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့နယ် ရေကျော်ကျေးရွာ အနီးရှိ အုတ်လုပ်ငန်း တခု၌ ပိုက်ဆံ အကြွေး မဆပ်နိုင်သည့် အလုပ်သမားများကို အလုပ်ရှင်က ကိုယ်ပိုင် အချုပ်ခန်း တခု ပြုလုပ်ကာ ဖမ်းဆီးချုပ်နှောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အုတ်လုပ်ငန်းရှင် ဦးလှကြိုင် ဆိုသူက ကိုယ်ပိုင် အချုပ်ခန်း ပြုလုပ်ကာ ၎င်းအား အုတ်ဖိုး ပိုက်ဆံကြွေးကျန် ပေး ဆပ် ရန် ကျန်နေသည့် အလုပ်သမားများကို ဖမ်းဆီး၍ အချုပ်ခန်းထဲ၌ ရက်များစွာ ထားရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
အလုပ်သမား ခေါင်းဆောင် ကိုရှမ်းလေး ဆိုသူက တရားလိုပြုလုပ်ပြီး အလုပ်ရှင် ဦးလှကြိုင်ကို မတရားဖမ်းဆီး ချုပ်နှောင်မှုဖြင့် ဇွန်လ၂၅ ရက်က အမှုဖွင့်ထားကြောင်း မှော်ဘီမြို့နယ် ရဲစခန်းမှ တာဝန်ကျအမှုစစ် ဒု ရဲအုပ်က ဧရာဝတီကို ပြောသည်။
“အချုပ်ခန်း ပုံစံ မဟုတ်ပေမယ့် အလုပ်သမားတွေကို အခန်းထဲမှာ ထည့်ပြီး ချုပ်ထားတော့ အရပ်အခေါ် အချုပ်ခန်း ဖြစ်နေ တာပေါ့။ အခု အမှုနဲ့ ပတ်သက်တဲ့သူတွေ အကုန်လုံးကို ခေါ်စစ်နေပါတယ်။ ဦးလှကြိုင်ကိုတော့ အာမခံ ပေးထားတယ်”ဟု အဆိုပါ အမှုကို စစ်ဆေးနေသည့် ဒုရဲအုပ်က ပြောသည်။
ဦးလှကြိုင်၏ ဖမ်းဆီးချုပ်နှောင် ခံထားရသူ အနည်းဆုံး ၁၅ ဦး ရှိကြောင်း သိရသည်။
ဖမ်းဆီးခံထားရသူများတွင် အမျိုးသား အလုပ်သမားများ နှင့် အတူ အရွယ်မရောက်သေးသည့် အသက် ၁၂ အရွယ် မအေး သူဇာ ဆိုသော မိန်းကလေးငယ် တဦးနှင့် လက်ပံတန်း မြို့နယ်မှ လာရောက် လုပ်ကိုင်သည့် အသက်မပြည့်သေး သော မိန်းကလေးငယ် တဦးလည်း ပါဝင်သည်ဟု ယင်းအမှုကို ကူညီဆောင်ရွက်နေသူ တိုက်ကြီးမြို့နယ် တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး(တစည) ပါတီ ဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောသည်။
“ဦးလှကြိုင်က သူ့အုတ်လုပ်ငန်းထဲမှာ အုတ်၊ သံတိုင်တွေနဲ့ တရားမဝင် အချုပ်ခန်း ၃ ခန်း ဆောက်ထားတာ တွေ့တယ်။ ကလေးမလေး အမေက သူ့သမီး အချုပ်ခံထားရတယ် ဆိုပြီး လာပြောလို့ သွားကြည့်လို့ တွေ့တာ။ ကလေးမလေး ကိုယ် တိုင် က ၃ ရက် အချုပ်ခံထား ရတယ်လို့ ပြောတယ်”ဟု ဦးမြင့်သိန်းက ဆိုသည်။
အချုပ်ခံခဲ့ရသည့် မအေးသူဇာ၏ မိခင် ဒေါ်ဌေးက“ကလေးက ဘာမှ မစားမသောက်ရဘဲနဲ့ ၃ ရက်တောင် ဖမ်းချုပ်တာ ခံရ တယ်။ သားတွေက ပြောလို့သိတာ။ ဘာမှ မကျွေးဘူး။ ဘေးက လာဝယ်ကျွေးလို့ စားရတဲ့ မုန့်လေးဘာလေးပဲ ရှိတယ်လို့ ပြော တယ်”ဟု ပြောပြသည်။
အုတ်လုပ်ငန်းရှင် ဦးလှကြိုင်က ၎င်းအနေဖြင့် အလုပ်သမားများကို ဖမ်းချုပ်ခြင်း လုံး၀ မရှိဘဲ အလုပ်သမားများကို သိပင် မသိ ကြောင်း၊ အလုပ်သမား ခေါင်းဆောင်နှင့်သာ အဆက်အသွယ် ရှိပြီး ယင်းသို့ ဖမ်းချုပ်မှုများကို ပြုလုပ်သူမှာ အလုပ် သမား ခေါင်းဆောင် ကိုရှမ်းလေးပင် ဖြစ်ကြောင်း ပြောဆိုသည်။
“အလုပ်သမားတွေက ဘာလို့ ကျနော်ကို တိုင်တာလဲ မသိဘူး။ အခုကျနော်က တရားခံ ဖြစ်ပြီး ရဲစခန်းမှာ အမှုဖွင့် ခံထားရ တယ်။ ရှမ်းလေးက ကျနော့်ကို ပိုက်ဆံ မပေးနိုင်ဘဲ ထွက်ပြေးတာ။ ဒီအလုပ်သမားတွေကို ကျနော်လည်း မသိဘူး။ ငွေပေး ငွေယူက အလုပ်သမားခေါင်းနဲ့ပဲ လုပ်တာ။ သူ့ဆီမှာ ကျနော် ပိုက်ဆံ ၁၂ သိန်းကျော် ရစရာ ရှိတယ်။ အလုပ်သမားတွေက လည်း အလုပ်သမားခေါင်းကို ပိုက်ဆံ လေးငါးခြောက်သောင်းဆီ ပေးစရာ ရှိတယ်။ အဲဒီလိုတော့ ချုပ်မထားနဲ့။ ပြန်လွှတ် လိုက်။ ငွေရှာရလည်း ရှာ။ ရှာမရလည်း ပြန်လွှတ်လိုက်ဆိုပြီး ပြောလိုက်တာ။သူက ပြန်လွှတ်တဲ့သူကို လွှတ်တယ် ။ မလွှတ် တဲ့သူကို မလွှတ်ဘူး။ အဲဒါကြောင့် ဒီလို ပြဿနာတွေ ပေါ်လာတာ”ဟု ဦးလှကြိုင်က ဆိုသည်။
အမှုမှာ ရှုပ်ထွေးနေသည့် အပြင် မှော်ဘီမြို့နယ် ရဲစခန်းမှ စခန်းမှူးကလည်း ယင်းပြဿနာကို ဖုံးကွယ်ရန် ကြိုးစားခဲ့သည်ဟု ယုံကြည်ရသဖြင့် သမ္မတရုံး ၊ ပြည်ထဲရေး ဝန်ကြီးရုံး ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အပါအဝင် ဌာနဆိုင်ရာ အသီးသီးသို့ တိုင်ကြားစာ ပို့ရန် စီစဉ်နေသည်ဟု တိုက်ကြီးမြို့နယ် တစည ပါတီ ဥက္ကဌ ဦးမြင့်သိန်းက ပြောသည်။
ဦးမြင့်သိန်းက ဆက်လက်၍“ပထမ ရဲစခန်းကို သွားတော့ ဘာအချုပ်အခန်းမှ မရှိဘူးလို့ ပြောတယ်။ နောက်ပြီးတော့ အုတ် လုပ်ငန်းထဲကို သွားရင် အလုပ်သမားတွေက ဝိုင်းရိုက်လိမ့်မယ်လို့ ခြောက်ပြီး ကျနော်တို့ကို ပြန်လွှတ်တယ်။ နောက်ဆုံး ရဲစခန်းမှာ ခေါ်စစ်မှ အချုပ်ခန်း ရှိတယ်လို့ အလုပ်သမားတွေက ဖော်တဲ့အခါ စသုံးလုံး ၊ SB နဲ့ အုပ်ချုပ်ရေးပိုင်းက လူတွေ သွားစစ်ခွင့် ရတာ။ အဲဒီရောက်မှ အချုပ်ခန်းလို့ ပြောနိုင်တဲ့ အခန်း ၃ ခု အခိုင်အမာ ဆောက်ထားတာကို တွေ့ခဲ့တယ်။ အဲဒါကြောင့် အမှုကို ဖုံးကွယ်ဖို့ ကြိုးစားတဲ့ စခန်းမှူးကို တိုင်မယ်”ဟု ပြောဆိုသည်။