မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ဒဏ်ကို အများဆုံးခံရသော တိုင်းရင်းသား ဒေသများမှ လူထုသည် ကျန်းမာရေး၊ ပညာရေး စသည့် အခြေခံ ရပိုင်ခွင့်များ ဆုံးရှုံးခဲ့ရပြီး ကာလကြာရှည်စွာ စစ်ပြေး ဒုက္ခသည်များအဖြစ် နေထိုင်ခဲ့ရသည်။
မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း ကရင်၊ ကယားနှင့် မွန် ဒေသများ၌ တိုင်းရင်းသား လက်နက်ကိုင်များနှင့် အစိုးရ စစ်တပ်တို့ ယာယီ အပစ်အခတ် ရပ်စဲထားပြီး ဖြစ်သော်လည်း ဒေသခံ လူထုအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အစိုးရ၏ တာဝန်ယူ၊ အကောင်အထည်ဖော်မှု နှင့် လက်လှမ်းမီမှု အပိုင်းမှာမူ အားနည်းနေဆဲ ဖြစ်သည်။
အဆိုပါ စစ်ဘေးဒုက္ခ၏ ပညာရေး၊ ကျန်းမာရေးနှင့်ပတ်သက်ပြီး ၁၉၉၈ ခုနှစ်ကတည်းကစ၍ ကူညီထောက်ပံ့မှုများ ပေးနေသည့်၊ နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေး လုပ်သား အဖွဲ့မှ ဦးဆောင် ကော်မတီဝင် နိုင်အေးလွင် ကို ဧရာဝတီမှ အကြီးတန်း သတင်း ထောက် မြတ်စုမွန်က တွေ့ဆုံ မေးမြန်း တင်ပြထားသည်။
မေး။ ။ ပထမဆုံးအနေနဲ့ နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေး လုပ်သားအဖွဲ့ ပေါ်ပေါက်လာပုံကို ရှင်းပြပေးပါ။
ဖြေ။ ။ ၁၉၉၂-၉၃ နောက်ပိုင်း ကရင်ပြည်နယ်ကို အစိုးရ စစ်တပ်တွေ ထိုးစစ် အရမ်းဆင်လာချိန်၊ ဒေသခံ လူထု ထွက်ပြေးတိမ်း ရှောင်၊ တောထဲမှာ ပုန်းနေကြရတာကြောင့် စနစ်တကျ ပုံစံမျိုး ဖြစ်အောင် မွန်၊ ကရင်၊ ကရင်နီ တွေနဲ့ ကျောင်းသား တပ်မတော်၊ NLD လွတ်မြောက်နယ်မြေက ဆေးမှူးတွေပေါင်းပြီး မယ်တော်ဆေးခန်းက ဆရာမကြီး ဒေါက်တာ စင်သီယာမောင် ဦးဆောင်တဲ့ နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေး လုပ်သားအဖွဲ့ကို လုပ်သား ၁၀၀၊ အဖွဲ့ငယ် ၃၂ ဖွဲ့နဲ့ ၁၉၉၈ ခုနှစ်မှာ စဖွဲ့ခဲ့တယ်၊ ပဏာမ ကျန်း မာရေး စောင့်ရှောက်မှုကို အဓိက ထားပြီး ကျန်းမာရေး ပညာပေးတယ်၊ နယ်လှည့်ဆေးကုတဲ့ အဖွဲ့ လောက်ပါပဲ။
မေး။ ။ နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေး လုပ်သားအဖွဲ့ရဲ့ လုပ်ငန်းတွေကို ဘယ်နယ်မြေ၊ ဘယ်ဒေသတွေမှာ လုပ်နေသလဲ။
ဖြေ။ ။ နယ်လှည့်ကျောပိုးအိတ်လုပ်တာက ပထမဆုံးတော့ ကရင်၊ ကယားနဲ့ မွန်ပြည်နယ်၊ နောက် ကယန်း၊ ရှမ်း၊ ပလောင်၊ ပအို့ဝ် နဲ့ လားဟူ နယ်မြေတွေကို ဝင်တယ်၊ အခု ကချင်၊ ရခိုင် ပါလာပြီ၊ ချင်းကျောပိုးအိတ်အဖွဲ့လည်း ပူးပေါင်းဆောင်ရွက်တာ ရှိတယ်။ အဓိကတော့ မိခင်နဲ့ ကလေးစောင့်ရှောက်ရေး၊ လူထုကျန်းမာရေး ပညာပေးနဲ့ ကာကွယ်ရေးကိစ္စတွေ ဆက်စပ် ဆောင်ရွက်တယ်၊ စနစ်အရတော့ ကျောပိုးအိတ်တလုံးမှာ ကျန်းမာရေး လုပ်သား အနည်းဆုံး ၃ ယောက်ရှိရမယ်၊ ကျန်တဲ့ ရိုးရာလက်သည်နဲ့ ဒေသခံ စေတနာ့ဝန်ထမ်း ကျန်းမာရေး လုပ်သားတွေက နေရာတိုင်းမှာ မရှိမဖြစ်ရှိရမယ်။
မေး။ ။ အဲဒီတုန်းက ဒီနယ်မြေတွေမှာ လှုပ်ရှားခဲ့ရတဲ့ အခြေအနေနဲ့ လုံခြုံရေး အခြေအနေကို ပြန်ပြောပြပေးပါလား။
ဖြေ။ ။ အဲဒီတုန်းက ထိုးစစ်ကာလလည်းဖြစ်တော့၊ ရွာတွေလည်း ပြောင်း၊ လူတွေလည်းပြောင်း ၊အရမ်းကို ဆိုးတယ်၊ အခုလို ပုံစံ တကျ ဆက်စပ်ဆောင်ရွက်ထားတာ မရှိတော့၊ အထွေထွေရောဂါ ကုသရေးဆိုင်ရာတခုတည်းကိုပဲ ဆောင်ရွက်နိုင်ခဲ့တယ်။ တဖြည်း ဖြည်း လုပ်ရင်းကိုင်ရင်းနဲ့ ၁၉၉၉-၂၀၀၀ လောက်မှာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့လည်း ချိတ်ဆက်မိလာပြီး၊ ဂျွန်ဟော့ပ် ကင်း တက္ကသိုလ်၊ အမေရိကန်အခြေစိုက် Global Health Access Program တို့က ကျန်းမာရေး နည်းစနစ်နဲ့ပတ်သက်ပြီး ကူညီ လာတယ်။ နယ်မြေဒေသ အခြေအနေတွေကို အင်တာဗျူးတွေ လုပ်ပြီး၊ ကျန်းမာရေး အသိပညာပေး အစီအစဉ်တို့၊ ကိုယ်ဝန် ဆောင် နဲ့ ကလေးသူငယ် စောင့်ရှောက်ရေး အစီအစဉ်တို့ကို အဲဒီကစပြီး ဆောင်ရွက် လာတယ်။
မေး။ ။ နယ်မြေကလည်း မအေးချမ်းတဲ့ နေရာတွေဖြစ်နေတော့၊ သွားလာလှုပ်ရှားရတဲ့ ဆေးလုပ်သားတွေ၊ ဒေသခံ စေတနာ့ ဝန် ထမ်းတွေရဲ့ လုံခြုံရေး အခြေအနေအတွက် ဘယ်လိုစီစဉ်ခဲ့ရလဲ။
ဖြေ။ ။ အဓိကတော့ နယ်မြေခံလူထုနဲ့ နယ်မြေခံ ဒေသ အဖွဲ့အစည်းပါ၊ လူထုက ဒီနေရာမှာတော့ စစ်တပ်ရှိနေပြီ၊ ဘယ်နေရာ ကို တော့ ရောက်နေပြီဆိုတာ အမြဲတမ်း သတင်းရှိတယ်၊ ဒီနားလေးမှာပဲ ဆေးကုရင်ကောင်းတယ် ဆိုတာမျိုး၊ လူထုရှိတဲ့ နေရာကို လိုက် ပြတာမျိုးပေါ့၊ ကျနော်တို့ လုံခြုံရေးဟာ လက်နက်ကိုင် အဖွဲ့တွေရဲ့ အကူအညီနဲ့ မလုံလောက်ဘူး၊ လက်နက်ကိုင် အဖွဲ့တွေချည်းပဲ လုံခြုံရေးယူပေးတာ မဟုတ်ပါဘူး၊ လက်နက်ကိုင် အဖွဲ့တွေ ကိုယ်တိုင်က လူထုရဲ့သတင်း အချက်အလက်တွေပေါ် မူတည်ပြီး လှုပ်ရှားသွားလာရတယ်၊ အဲဒီတော့ လူထုကသာ သတင်းရင်းမြစ်နဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းလို့ ဆိုရမှာပါ။ သူတို့က ဒီနေရာ အဆင်ပြေတယ်၊ ဆေးကုလို့ ရတယ်ဆိုရင် ကျနော်တို့က ငှက်ပျောဖက်၊ အင်ဖက်တွေ ခင်းပြီး ဆေးတွေ ချတယ်၊ လူနာအတွက် ဖက်တွေခင်း၊ မိုးကာတွေခင်းပြီးတော့ အိပ်မယ့်နေရာ၊ ထိုင်မယ့် နေရာလေးလုပ်ပြီး ဆေးကုတယ်။ အဲဒီတုန်းက ပြည်တွင်း ပြောင်း ရွှေ့သွားလာသူတွေကို လိုက်ကုရတာ၊ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ထိန်းချုပ်နယ်မြေထဲက ရွာတချို့ကိုတော့ ဝင်ကုလို့ ရတယ်။
မေး။ ။ အဲဒီတုန်းက အစိုးရက ကျောပိုးအိတ်အဖွဲ့ကို သူပုန်အဖွဲ့လို အမြင်သဘောထား ရှိခဲ့တယ်လို့ သိရတယ်၊ အဲဒါလည်း ရှင်းပြ ပေးပါဦး။
ဖြေ။ ။ အဖွဲ့အစည်းအပေါ်ကို အမြင်ဆိုတာထက် နယ်မြေဒေသပေါ်မှာ ထားတဲ့ အမြင်ကအစိုးရရဲ့ သတ်မှတ်ချက်ပါပဲ၊ ကျနော်တို့ လှုပ်ရှားနေတဲ့ ဒေသတွေကို သူတို့က အမည်းရောင် နယ်မြေလို့ သတ်မှတ်ထားတဲ့အတွက်၊ သူတို့ရဲ့ အမိန့်ထဲမှာက တွေ့တဲ့လူ အကုန် ရှင်းပဲ။ အဲဒီအချိန်တုန်းကလည်း ဖြတ်လေးဖြတ်ကိုလည်း ကျင့်သုံးတော့၊ ဒီလူဟာ ကျန်းမာရေး လုပ်သားလား၊ ပညာရေး လုပ်သားလား သူတို့ အမြင်မှာ မရှိဘူး၊ ရွာတွေ့ရင်လည်း ပစ်သလို၊ ကျနော်တို့ကို တွေ့ရင်လည်း ပစ်တာပဲ၊ ထိုးစစ်ကာလမှာတော့ အကုန်လုံးကို တွေ့ရင်ပစ်၊ မိရင်ဖမ်းတယ်။
မေး။ ။ အပစ်အခတ်ရပ်စဲသွားတဲ့ အခုအချိန်မှာ ကျောပိုးအိတ် အဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့ လူတွေထဲမှာ ပြည် တွင်း စစ်ကြောင့် ရွှေ့ပြောင်းသွားလာ နေထိုင်ကြသူ(IDP)တွေ ရှိနေသေးသလား၊ ဘယ်နှစ်ရာခိုင်နှုန်း လောက် ရှိနေသေးလဲ။
ဖြေ။ ။ လောလောဆယ် တောထဲမှာ ရွှေ့ပြောင်းသွားလာတဲ့ ပုံစံမဟုတ်တော့ဘူး၊ တချို့က ရွာမှာ အိမ်ပဲရှိတယ်၊ ကိုယ်တိုင်ကျတော့ တောင်ယာမှာ နေရတာ၊ လယ်မှာနေရတာတို့ ရှိတော့၊ ရာခိုင်နှုန်းအရ IDP လို့တော့ ပြောရခက်ပေမယ့်၊ နယ်မြေ အရတော့ IDP လို့ပဲ သတ်မှတ်ထားသေးတဲ့ အနေအထားမှာ ရှိတယ်။ စစ်ပွဲကြောင့်၊ ပဋိပက္ခ တွေကြောင့် ထွက်ပြေးနေရတဲ့ ပုံစံမျိုး၊ ပြည်တွင်း မှာ (အဓိက တိုင်းရင်းသား ဒေသတွေမှာ) ရွှေ့ပြောင်း သွားလာနေရတဲ့ လူတွေကိုလည်း IDPထဲမှာ ကျနော်တို့ ထည့်ထားတယ်။
မေး။ ။ လက်ရှိအချိန်မှာ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေး လုပ်သားအဖွဲ့အနေနဲ့ တိုင်းရင်းသား ဒေသတွေမှာ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေရတဲ့ အခြေအနေကရော ဘယ်လို ရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့အဖွဲ့မှာ အဖွဲ့ငယ်ပေါင်း ၁၀၀ ကျော်ရှိတဲ့အတွက် တဖွဲ့ကို လူဦးရေပေါင်း ၂ ထောင်ကို လွှမ်းခြုံနိုင်အောင် ကြိုးစား သတ်မှတ် ဆောင်ရွက်တယ်၊ အဖွဲ့တဖွဲ့မှာ ကျန်းမာရေး လုပ်သားအင်အား အနည်းဆုံး ၃ ယောက် ရှိရမယ်၊ အဲဒီ ၃ ယေက်နဲ့အတူ ရွာတွေထဲမှာ ရိုးရာလက်သည် ၅ ယောက်(သို့) ၁၀ ယောက်လောက်နဲ့ ကျေးရွာ ကျန်းမာရေးလုပ်သား ၅ ယောက်(သို့) ၁၀ ယောက် လောက် မွေးထားပြီး လုပ်တော့ အဖွဲတဖွဲ့မှာ လူ အနည်းဆုံး ၁၃ ယောက်လောက် ရှိတယ်။ အဖွဲ့တခုက လူ ၂ ထောင်စာကို ရည်ရွယ်တော့ အခု အဖွဲ့ ၁၀၀ ရှိတယ်ဆိုတော့ လူဦးရေ ၂ သိန်းကျော်လောက်ကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်မယ်။ အခု ကျနော်တို့ အဖွဲ့မှာ မဖြစ်မနေရှိရမယ့် ကျန်းမာရေး လုပ်သားပေါင်းက ၃၇၀ ကျော်လောက်ရှိနေပြီ၊ တခြား ရိုးရာလက်သည်ရော၊ ရွာခံစေတနာ့ဝန်ထမ်း ကျန်းမာရေး လုပ်သားပေါင်းလိုက်ရင် အနည်းဆုံး ၂ ထောင် နီးပါးလောက် ရှိတယ်။ ရိုးရာလက်သည်ဆိုတာက ကျောပိုးအိတ်အဖွဲ့ မရှိခင်ကတည်းက ရွာတိုင်းမှာ ရှိတယ်၊ ရွာမှာ မွေးလာတဲ့လူ တော်တော် များများက ဒီရိုးရာ လက်သည်နဲ့ မလွတ်ဘူး၊ ဆေးရုံ၊ ဆေးခန်းသွားမွေးတဲ့လူက ၁ ရာခိုင်နှုန်းတောင် မရှိဘူး၊ ဒီတော့ ရိုးရာလက်သည်က ပညာ မတတ်ပေမယ့်၊ လူထုရဲ့ အားကိုးမှု၊ ယုံကြည်မှုက အပြည့်အဝရှိပြီးသားဖြစ်လို့ ၊ ကျောပိုးအိတ် အဖွဲ့က လိုအပ်တဲ့ နည်းပညာ အကူအညီတွေ ထောက်ပံ့ပြီး ပိုကောင်းတဲ့ စနစ်ဖြစ်လာအောင် လုပ်ပေးလိုက်တဲ့သဘော။ သူတို့ကို စာရင်းဇယားတွေ ဖြည့်တတ်အောင် သင်ပေးတယ်၊ မွေးလူ နာနဲ့ မွေးမယ့် လက်သည်အတွက် လိုအပ်တဲ့ပစ္စည်းအပြင် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု ကာလမှာ လိုအပ်တဲ့ အားဆေးတွေ၊ ဆေးဝါးတွေကို ထောက်ပံ့တယ်၊ ရိုးရာလက်သည် တယောက်ကို မွေးလူနာ ၁၀ ယောက် လွှမ်းခြုံမိအောင် ၁ နှစ် တခါ ထောက်ပံ့ ထားပေးသလို၊ ၆ လတခါ အလုပ်ရုံ ဆွေးနွေးပွဲတွေ လုပ်ပေးတယ်။
မေး။ ။ နယ်လှည့်ဝန်ထမ်းအပြင် အထိုင်ဆေးခန်းဖွင့်ထားတာမျိုးရော ရှိသလား၊ ဆေးခန်း ဘယ်နှစ်ခုလောက် ရှိလဲ၊ ဘယ်နေရာ တွေမှာလုပ်ထားတယ်၊ ဘယ်လောက်များများရှိတယ် ဆိုတာလေး ပြောပြပေးပါ။
ဖြေ။ ။ နယ်လှည့်ကျောပိုးအိတ် လုပ်နေတဲ့ ဒေသအားလုံးမှာ အထိုင်ဆေးခန်းပေါင်း ၃၀ လောက် ရှိတယ်၊ ဒေသ အလိုက် ပုံစံ လေး တွေတော့ မတူကြဘူး၊ မွန်ပြည်နယ်ဘက်မှာ ရွာကြီးတော့၊ ရွာတိုင်းမှာ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေး လုပ်သားတွေ ရှိတယ်၊ ကယားဘက်မှာတော့ ကျန်းမာရေး လုပ်သားတွေက ရွာတွေကို လှည့်တယ်၊ ရိုးရာလက်သည်နဲ့ ဒေသခံ စေတနာ့ဝန်ထမ်း ၂ ယောက်ကို မဖြစ်မနေ ထားတယ်။ ကျောပိုးအိတ်ရဲ့ အထိုင်ဆေးခန်းတွေ ထပ်တိုးလာဖို့ ရှိတယ်၊ ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု ပုံစံနဲ့ သွားတာ ဆိုတော့ Primary Care Centre (အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု ယူနစ်) ဆိုပြီး လုပ်ဖို့တော့ စဉ်းစား ထားတယ်။
မေး။ ။ ကျောပိုးအိတ်အဖွဲ့ရဲ့ လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ ဘယ်လို စိန်ခေါ်မှုမျိုးတွေ ကြုံတွေ့နေရသလဲ။
ဖြေ။ ။ အဓိကကျတဲ့ စိန်ခေါ်မှုက သယ်ယူပို့ဆောင်ရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ဒေသတွင်း လုံခြုံရေးပဲ၊ နောက်တခုက ဒီနေ့ အခြေအနေနဲ့ ပြောမယ်ဆိုရင် ငွေကြေး အရင်းအမြစ်ပေါ့။ နိုင်ငံမှာ ပုံစံပြောင်းလာတာနဲ့အမျှ စိတ်ဝင်စားမှုလည်း ပြောင်းလာတဲ့ အတွက်၊ နယ်စပ်ဒေသကို အခြေပြုနေတဲ့ အဖွဲ့တွေမှာ ငွေကြေးဆိုင်ရာ လိုအပ်ချက်ကလည်း စိန်ခေါ်မှု ဖြစ်လာတယ်၊ ကျောပိုး အိတ် အဖွဲ့ဆိုရင် အလှူရှင်တွေရဲ့ ထောက်ပံ့မှုက ခန့်မှန်းထားချက်ရဲ့ ၆၀ ရာခိုင်နှုန်းလောက်ပဲ ရတော့တယ်၊ အရင်တုန်းက ကလေး တွေရဲ့ ကျန်းမာရေး၊ တကိုယ်ရေ သန့်ရှင်းရေး ကိစ္စတွေ လုပ်ပေးနိုင်ပေမယ့်၊ အခုဆိုရင် အဲဒါတွေက ဦးစားပေးဖို့ အတော်ခက်လာ တယ်၊ ငွေကြေးမလုံလောက်မှုက စိန်ခေါ်မှုတခုပဲ။
နောက်တခုက နည်းပညာပိုင်းနဲ့ အတတ်ပညာပိုင်း ဆိုင်ရာတွေအပေါ်မှာ အသိအမှတ်ပြုမှု ရဖို့လည်း ကြိုးစားနေတယ်၊ မြန်မာပြည် ရဲ့ အနာဂတ် ကျန်းမာရေး စနစ်ကို ဘယ်လိုပုံစံမျိုး တည်ဆောက်မလဲ၊ ရှိနေပြီးသား အရင်းအမြစ်တွေ ဖြစ်တဲ့ ကျန်းမာရေး လုပ် သား တွေ၊ မိခင်နဲ့ ကလေး ကျန်းမာရေး စောင့်ရှောက်ပေးမယ့် လူတွေကို အသိအမှတ် ပြုမှုကလည်း လိုတယ်၊ အဲဒါကလည်း ဒီနေ့ အချိန်မှာ စိန်ခေါ်မှုပဲ။
မေး။ ။ ပြည်တွင်းစစ်ဖြစ်တဲ့ ဒေသတွေက ကျောပိုးအိတ် ကျန်းမာရေး လုပ်သားတွေဟာ မြေမြှုပ်မိုင်းဒဏ်နဲ့ အသက် အန္တရာယ် ဆုံးရှုံးစေတာမျိုးတွေ ကြုံခဲ့ရတယ်လို့ ကြားဖူးတယ်။ အဲဒီလို အခက်အခဲတွေလည်း ပြောပြပေးပါလား။
ဖြေ။ ။ ကျောပိုးအိတ်အဖွဲ့ ဆောင်ရွက်နေတဲ့ ၁၅ နှစ်တာကာလမှာ ကျန်းမာရေး လုပ်သားတွေနဲ့ ရိုးရာ လက်သည်တွေဟာ မိုင်းထိ၊ ရေနစ် သေတာတို့ ရှိခဲ့ဖူးတယ်၊ မိုးရာသီတွေ၊ နွေရာသီတွေ မရှိ၊ လူထုဆီ ရောက်အောင်သွားတဲ့ အခါ အဲဒီလို အသက်ဆုံးရှုံးရ တယ်။ စောစောက ပြောသလို နယ်မြေဒေသအပေါ် သတ်မှတ်ချက်တွေက အမည်းရောင်တို့၊ အညိုရောင်တို့ လုပ်လာတဲ့ အခါကျတော့ ဖမ်းဆီး ခံရတာတွေလည်း ရှိခဲ့ဖူးတယ်။
မေး။ ။ ကျောပိုးအိတ်အဖွဲ့ လုပ်ဆောင်ချက်တွေမှာ အားသာချက်တွေ၊ အောင်မြင်မှုတွေမှာ ဘာတွေက ထင်သာမြင်သာ ရှိခဲ့ သလဲ။
ဖြေ။ ။ အားလုံးကို လွှမ်းခြုံပြီး ပြောရမယ်ဆိုရင် ကျန်းမာရေး အသိပညာပေး အစီအစဉ်အောက်မှာဆိုရင် အိမ်သာ စနစ်တွေ ကောင်း လာတယ်၊ ကယားပြည်နယ် ဒေသတွေမှာ ဆိုရင် အရင်က ဝမ်းပျက်၊ ဝမ်းလျှောတာ၊ ဝမ်းကိုက်တာ အဖြစ်များတာကနေ ကျဆင်းလာတယ်၊ ဒေသခံလူထု အဖွဲ့အစည်းတွေ ကြားထဲမှာ ယုံကြည်မှု ပိုမြင့်လာတယ်၊ ကျောပိုးအိတ် အဖွဲ့ ရဲ့ လူထုအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေဟာ ပိုလက်လှမ်းမီ လာတယ်ဆိုတာကို နိုင်ငံတကာက ပိုသိလာတာတွေက အားသာချက်တွေပဲ။
ဒေသခံ ရိုးရာလက်သည်တွေကို အလုပ်တွေ ဆက်လုပ်လို့ရအောင်၊ နည်းပညာတွေ၊ ပစ္စည်းပစ္စယတွေ အထောက်အကူပြုပေးတဲ့ အတွက် မိခင်တွေ၊ ကလေးတွေ သေတဲ့နှုန်းက အရင်ကထက် အများကြီး ကျလာတယ်၊ ကျနော်တို့ ၄ နှစ်တကြိမ် စစ်တမ်းကောက် တယ်။ နောက်ဆုံးတခုက ကျောပိုးအိတ် လွယ်ပြီး နယ်လှည့်ဆေးကုတဲ့ စနစ်က မြန်မာပြည်မှာ မရှိသလောက်ရှားတယ်၊ လူထုက ကိုယ့်ဆီလာတာ မဟုတ်ဘဲ၊ ကိုယ်က လူထုဆီ သွားတဲ့ စနစ်ကို အကောင်အထည်ဖော်တဲ့ အတွက် အများကြီး အကျိုးရှိပါတယ်။
မေး။ ။ ကျောပိုးအိတ် အဖွဲ့မလုပ်နိုင်တဲ့ အားနည်းချက်တွေကရော ဘာတွေရှိမလဲ။
ဖြေ။ ။ အားနည်းချက်ကို ပြောမယ်ဆိုရင် လုပ်သာလုပ်နေရတယ်၊ ပစ္စည်းကိရိယာ လိုအပ်မှုမှာရော၊ တခါတလေကျရင် အခြေ အနေ ဆိုးတဲ့ ရောဂါမျိုးတွေ ကြုံရတဲ့အခါမျိုး၊ ဒါတွေက အဟန့်အတားတွေပဲ၊ ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု လောက်ပဲ တကယ် လုပ်နိုင်တယ်၊ အဆင့်မြင့် လာပြီဆိုရင် ဒေသခံ ဆေးမှုးတွေမှာ အခက်အခဲ ဖြစ်တယ်။ နောက်တခုက ကျန်းမာရေး ပညာ ပေးတဲ့ နေရာမှာ နည်းလမ်းပေါင်းစုံသုံးပြီး လူထုရဲ့ ကျန်းမာရေး အသိပညာ မြင့်လာအောင် လုပ်ပေမယ့်၊ လူထုရဲ့ ရိုးရာဓလေ့နဲ့ ဒေသအခြေအနေ အရ ပညာရေး အခြေခံနည်းတဲ့ အပေါ်မှာ လိုက်ပါ ဆောင်ရွက်ရတော့ အားနည်းတာရှိတယ်။ နှစ်ပေါင်းများစွာ အာဏာရှင် စနစ်အောက်မှာ နေရတဲ့ အခါ လူထုနဲ့ အဖွဲ့အစည်းတွေ ကြား၊ ပူးပေါင်း ဆောင်ရွက်မှုပိုင်းမှာ ကြောက်ရွံ့နေရတဲ့ အနေ အထားမျိုး တချို့နေရာတွေမှာ ရှိနေသေးတော့၊ ဒေသထဲကိုဝင်လာတဲ့ ကျောင်းဆရာ၊ ဆရာမတွေ၊ ဆေးရုံဆေးခန်း ဝန်ထမ်းတွေက ကျနော်တို့ ဘယ်လောက်ပဲ ကောင်းကောင်း လုပ်နေလုပ်နေ၊ သူတို့ဘက်ကတော့ ကြောက်နေသေးတဲ့ အခါ၊ ပူးပေါင်း ဆောင်ရွက် တဲ့ပိုင်းမှာ နည်းနည်း အခက်အခဲတွေ ရှိနေသေးတယ်။ နောက်ဆုံးတခုကတော့ ကျနော်တို့မှာ ကျန်းမာရေး လုပ်သား ဆုံးရှုံးမှုတွေရှိတယ်၊ အခြေအနေ အမျိုးမျိုးကြောင့် လုပ်ငန်းထဲမှာ ရေရှည်ပါဝင်ဖို့ ခက်ခဲသွားတာတွေလည်းရှိတော့၊ ထပ်ထပ်ပြီး မွေးထုတ် ပေး နေရတယ်။
မေး။ ။ အပစ်အခတ်ရပ်စဲထားတဲ့ ကာလနောက်ပိုင်းတွေမှာ နယ်လှည့် ကျောပိုးအိတ်အဖွဲ့ လှုပ်ရှားမှုတွေက ပိုတိုးတက်လာတာမျိုး ရှိလား၊ နယ်မြေတွင်း သွားလာရတာရော ဘယ်လို အခြေအနေ ပြောင်းလဲလာတာ ရှိသလဲ။
ဖြေ။ ။ မြန်မာနိုင်ငံမှာ အခုအချိန်အထိ အပစ်ခတ် ရပ်တယ်လို့ ပြောရခက်တယ်၊ တချို့နယ်မြေမှာ ရပ်ပေမယ့်၊ တချို့ နယ်မြေမှာ ဆက် ဖြစ်နေတယ်၊ ရပ်တဲ့ဒေသမှာလည်း စစ်ပွဲသာမရှိပေမယ့်၊ အခြားအခက်အခဲတွေ တချို့ရှိနေသေး သလို၊ ကယား ပြည်နယ်မှာတောင် အစိတ်အပိုင်းတခုလေးကိုပဲ အပစ်အခတ် ရပ်စဲထားတာဆိုတော့၊ အပစ်ရပ်စဲတာ မလုပ်တဲ့အပိုင်းက လူထုကလည်း အခက် အခဲတွေ ရှိနေတာပဲ။ ကျန်းမာရေး စောင့်ရှောက်မှုကတော့ နယ်မြေ တည်ငြိမ်မှုရှိလေ ပိုပြီးရလေပဲ။ အရင်တုန်းကဆိုရင် ကျနော်တို့မှာ လူအင်အား အရင်းအမြစ် မွေးထုတ်ဖို့ အခက်အခဲ ရှိကောင်းရှိမယ်။ အခုကတော့ အရင်ကထက် အများကြီး ပိုလွယ်လာ တယ်။ ပိုပြီးကောင်းလာတယ်။ အရင်တုန်းကဆိုရင် ကျနော်တို့ကိုယ်တိုင် ဒေသထဲ သွားကြည့်ဖို့၊ စောင့်ကြည့်ဖို့ ခက်တယ်။ အခု ဆို ရင် အခွင့်အရေးတွေ ရလာတယ်။ ဘယ်လိုလုပ်ရင် ပိုကောင်းနိုင်မလဲဆိုတဲ့ ဆွေးနွေးချက်တွေကို ဒေသခံတွေနဲ့ တိုက်ရိုက်ညှိနိုင်းခွင့် ရလာတယ် ဆိုတာကလည်း တိုးတက်မှုပဲ။
မေး။ ။ လုပ်ငန်း ဆောင်ရွက်နေတဲ့ နယ်မြေဒေသတချို့မှာ ပဋိပက္ခတွေ ရပ်ဆိုင်းသွားပေမယ့်၊ ရခိုင်နဲ့ ကချင်ဆိုရင် ပဋိပက္ခတွေ ဖြစ်နေတယ်၊ အဲဒီလိုပုံစံမတူတဲ့ အခြေအနေတွေကြောင့် ဘယ်လို အခက်အခဲတွေ ကြုံရတာမျိုးရှိလဲ။
ဖြေ။ ။ ရခိုင်နယ်လှည့် ကျောပိုးအိတ် ဒေသရဲ့ အခြေအနေက သူတို့ဘက်မှာ ဖြစ်နေတဲ့ ပဋိပက္ခကို အများကြီး ကြုံတွေ့နေရတာ မရှိ ဘူး၊ နည်းနည်း အလှမ်းဝေးသေးတယ်ဆိုပေမယ့် ရေရှည်မှာ သူတို့ဆီကို တဖြည်းဖြည်းနဲ့ ကူးစက်လာတာရှိတယ်။ ကချင် ဒေ သ မှာတော့ ကျောပိုးအိတ် ဧရိယာမှာကို တိုက်ပွဲတွေဖြစ်တော့ လူထုသာမက ကျောပိုးအိတ် လုပ်သားကိုယ်တိုင်လည်း ဒုက္ခသည် ဖြစ်သွားတယ်။ လူထုနဲ့ တသားတည်းဖြစ်သွားပြီး အဲဒီဒေသက ဒုက္ခသည် စခန်းမှာပဲ ဝင်ပြီးတော့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ဆက်လုပ်ပေးနေတယ်။
မေး။ ။ နယ်လှည့် ကျောပိုးအိတ်အဖွဲ့ဟာ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးခဲ့တာ ၁၀ နှစ်ကျော်ရှိပြီဆိုတော့ အစိုးရရဲ့ အသိ အမှတ်ပြုဖို့ကိစ္စ၊ တရားဝင် ထောက်ပံ့မှု ဖြစ်ဖြစ်၊ ပြည်နယ်အစိုးရတွေရဲ့ ထောက်ပံ့မှုတွေပဲဖြစ်ဖြစ် ရရှိနိုင်ဖို့ ဘယ်လိုတွေ ကြိုးစားနေသလဲ။ အစိုးရဘက်က အသိအမှတ် ပြုမှုပိုင်း အခြေအနေတွေရော ဘယ်လိုတွေ ရှိလဲ။
ဖြေ။ ။ နိုင်ငံရေးအရ တိုင်းရင်းသားပေါင်းစုံနဲ့လည်း လိုက်လျောညီထွေမှုရှိတဲ့ ဖက်ဒရယ်စနစ်ကို တည်ဆောက်မယ်လို့ စဉ်းစား ရင်၊ ဖက်ဒရယ်နဲ့ လိုက်လျောညီထွေတဲ့ ကျန်းမာရေး စနစ်လည်း ဖြစ်ဖို့လိုသလို၊ ကျန်းမာရေး အရင်းအမြစ်တွေပေါ်မှာ အသိအမှတ်ပြုမှုကလည်း အရေးကြီးပါတယ်၊ ဒေသထဲမှာရှိနေတဲ့ လူထုနဲ့ကျန်းမာရေး အဖွဲ့အစည်းတွေက ကျောပိုးအိတ် လုပ်သားတွေကို အသိ အမှတ် ပြုထားပါတယ်။ လူထုရဲ့ အသိအမှတ်ပြုမှုနဲ့ ဆက်သွားမယ်။
တနိုင်ငံလုံးဆိုင်ရာ ကျန်းမာရေး စနစ်ကို တည်ဆောက်တော့မယ် ဆိုရင်တော့ ရေရှည်မှာ ရှိနေပြီးသား၊ သင်တန်း အောင်ပြီးသား ကျန်းမာရေး လုပ်သားတွေအပေါ် အသိအမှတ်ပြုမှုက အရေးကြီးသလို၊ လူတွေကို အသစ် မွေးထုတ်တာထက်စာရင် ရှိပြီးသား အရင်း အမြစ်တွေကို အသိအမှတ်ပြုမှု ဆောင်ရွက်တာက တိုင်းပြည်တည်ဆောက်မှု လုပ်ငန်းမှာ အရမ်းကောင်းမွန်မှာပါ၊ ဒါက ကိုယ့် မှာ ရှိပြီးသား အရင်းအမြစ်ကို ချွေတာရာ ရောက်သလို၊ အရင်းအမြစ်ကို အပိုအလျှံဖြစ်ရင် အခြားနေရာမှာ ပိုပြီးအသုံးပြု နိုင် အောင် ဆောင်ရွက်လို့ ရပါတယ်၊ အဲဒီကိစ္စတွေကို ကျန်းမာရေး ဒုဝန်ကြီးတို့နဲ့တွေ့တဲ့ အခါ ရှင်းပြတယ်။
မေး။ ။ ပြည်တွင်းမှာ အပြောင်းအလဲကြောင့် ထောက်ပံ့ပေးနေတဲ့ အလှူရှင်တွေက ပြည်တွင်းထဲကို ပြောင်းသွားကြတယ် ဆိုတော့ ရပ်တည်ရတဲ့ ဘတ်ဂျက်အခြေအနေလည်း သိချင်ပါတယ်။
ဖြေ။ ။ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုအပေါ်မှာပဲ သုံးသပ်ပြီးတော့ လုပ်ဆောင်သွားတဲ့ အပိုင်းတွေရှိတော့၊ ဘတ်ဂျက် လျော့သွားတာတို့၊ နောက်ကျနေတာတို့ ကြုံတွေ့နေရပါတယ်။ ကျနော်တို့မှာ လိုအပ်တာ ငွေ ၁၀၀ ပေမယ့် ၆၀ ပဲရတဲ့ အခါ ၆ လ တကြိမ် အစည်းအဝေးတွေမှာ နယ်မြေဦးဆောင်သူတွေရော အပါအဝင် အတူတူ စုပေါင်းဆုံးဖြတ်ပြီးတော့ လုပ်ခဲ့ရတဲ့အပိုင်းတွေ အများကြီး ရှိတယ်။ ဆေးဝါးမှာလည်း ငှက်ဖျားဆေးဘက်က နည်းနည်း အခက်အခဲရှိသလို၊ ထိုင်းနိုင်ငံမှာ ဆေးတွေ ဝယ်ယူတဲ့ အချိန်မှာ အခက် အခဲတွေရှိတယ်၊ ငွေကြေးနောက်ကျတာက တပိုင်း၊ ဆေးဝါးတွေက အရန်သင့် မရှိလို့ စောင့်ရတာက တပိုင်းပေါ့၊ သတ်မှတ် အချိန်ကာလတွေထက် နည်းနည်းစီ နောက်ကျပြီးရတော့ အခက်အခဲဖြစ်တယ်၊ ငှက်ဖျားဆေးဆိုရင် ကုမ္ပဏီတွေ၊ ဆေးဆိုင် တွေမှာရောင်းခွင့်မရှိဘူး၊ အစိုးရရဲ့ ငှက်ဖျားစီမံကိန်းအောက်မှာပဲ ထားတဲ့ အခါ ဝယ်ယူရတဲ့အပိုင်းတွေ အခက်အခဲရှိတယ်။
မေး။ ။ အစိုးရအသစ် တက်လာပြီးတဲ့နောက်ပိုင်းမှာ လုပ်ရကိုင်ရတဲ့ အခြေအနေရော ဘယ်လိုအပြောင်းအလဲ ရှိလာလဲ။
ဖြေ။ ။ အရင်ကထက် ပိုလွတ်လပ်လာတယ်၊ နယ်လှည့်ကျောပိုးအိတ်သွားနေတဲ့ လူတွေလည်း အကြောက်တရား လျော့ပြီး ဆောင်ရွက်လာနိုင်တဲ့ အနေအထား ရှိလာတယ်။ အရင်ကတော့ ရွာထဲဝင်တော့မယ် ဆိုရင် ခွေးက ဘယ်နားက ဟောင်မလဲ၊ လူထုကရော ရွာမှာ ရှိရဲ့လား၊ ရွာက တိတ်ဆိတ်နေလား ဆိုပြီးတော့ ကြောက်ကြောက် ရွံ့ရွံ့နဲ့ ဆောင်ရွက်နေရတဲ့ အပိုင်းတွေရှိတယ်။ အခုဆိုရင် သွားလာရ လွယ်ကူလာသလို၊ လူထုနဲ့ ထိတွေ့ဆက်ဆံ ရတာလည်း ပိုပြီးတော့ ကောင်းလာတယ်၊ ကိုယ့်လူထုကို ပိုပြီးတော့ လက်လှမ်းမီမီ စောင့်ရှောက်လာ နိုင်တယ်။
မေး။ ။ အစိုးရသစ် တက်လာပြီး ဝေးလံခေါင်ဖျားဒေသတွေမှာ အခြေခံ အဆောက်အအုံတွေ၊ ဘတ်ဂျက်တွေ တိုးလာတာတွေရှိတယ်။ အဲဒါတွေကရော ဘယ်လောက် အထောက်အပံ့ဖြစ်နိုင်သလဲ၊ ပြီးတော့ လှုပ်ရှားနေတဲ့ နယ်မြေမှာ သူတို့လုပ်ငန်းတွေထပ် ဝင် လာတဲ့အတွက် နယ်မြေတွေ ထပ်နေတာမျိုးတွေ မဖြစ်အောင် ဘယ်လို ညှိနိုင်းဆောင်ရွက်တာမျိုးတွေ ရှိသလဲ။
ဖြေ။ ။ အစိုးရက ကျန်းမာရေး စနစ်တခုမှာ အဆောက်အအုံတွေချည်းပဲ လိုက်ချနေလို့ သိပ်ပြီးတော့ အရာ မရောက်ပါဘူး၊ အဆောက် အအုံ တွေကို သိန်း ၃၀၊ ၄၀ အကုန်ခံနေတာထက် အဲဒီ အဆောက်အအုံထက် လူထုအတွက် အရေးပေါ်လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်တာက ပိုပြီး သင့်တော်တယ်။ အဲဒီဒေသတွေမှာ အဆောက်အအုံတွေက မရှိမဖြစ် လိုအပ်တာတော့ မဟုတ်ဘူ၊ လူထု ကျန်းမာရေး စောင့်ရှောက်မှုက မရှိမဖြစ် လိုအပ်တာ၊ အဆောက်အအုံရှိမှ လူထုကျန်းမာရေး စောင့်ရှောက်မှု ရှိမယ်ဆိုရင်တော့ အဲဒါနည်းနည်း အခက်အခဲရှိတယ်။ အစိုးရမှာရှိနေတဲ့ ဘတ်ဂျက်ပေါ် ကြည့်ပြီးမှ ဦးစားပေးမှုတွေ ဆောင်ရွက်ဖို့လိုတယ်၊ ရုပ်ပြကောင်းဖို့ တခုတည်းအနေနဲ့ အဆောက်အအုံ တွေလိုက်ဆောက်နေလို့ကတော့ လူထုအတွက် ဘာမှ အကျိုး မဖြစ်နိုင်ဘူး။ ကျန်းမာရေး စနစ်တခု တည်ဆောက်မယ်ဆိုရင် အဲဒီကျန်းမာရေး စနစ်နဲ့ လိုက်လျောညီထွေတဲ့ ကျန်းမာရေးလုပ်သား၊ ဆရာဝန်၊ သူနာပြု၊ ကျေးလက် စေတနာ့ဝန်ထမ်း၊ ဆေးဝါးကုသမှု ဘယ်လောက်ရှိနိုင်မလဲ၊ အရေးပေါ်အတွက် လွှဲပြောင်းဆောင်ရွက်ဖို့ ဘယ်နေရာတွေနဲ့ ချိတ်ဆက် ဆောင်ရွက်မလဲဆိုတဲ့ စနစ်တခုကို ဖန်တီးမှပဲ လူထုအတွက်ဖြစ်မယ်။ အခုက ဟိုအဆောက် အအုံ ဒီ အဆောက်အအုံ ဆောက်တာက ရုပ်ပြပဲရှိမယ်၊ နိုင်ငံတော်မှာတော့ ပြောလို့ကောင်းတာပေါ့၊ တကယ်ကြည့်တဲ့ အခါကျတော့ လူထု အတွက် ဘာမှ အချိန်မီ မပေးနိုင်ဘူးဆိုရင် ဒါက ကောင်းတဲ့ စနစ်တော့ မဟုတ်ဘူးဗျ။
တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းတွေဆိုတာက ပဋိပက္ခ ဖြစ်နေစဉ် ကာလမှာကတည်းက၊ သူတို့ရဲ့ ကျန်းမာရေးစနစ်ကို သူ တို့ကိုယ်တိုင် တည်ဆောက်တာလေ၊ တကယ်တမ်း နယ်မြေအခြေအနေ တည်ငြိမ်လာတဲ့ အခါမှာ အစိုးရကလည်း စိတ်ကောင်း စေတနာနဲ့ ဒီဒေသမှာ ရှိနေတဲ့ လူထုတွေ အတွက် ကျန်းမာရေးကိစ္စတွေ ဆောင်ရွက်ချင်တယ်ဆိုရင်တော့ ဒေသခံလူထုနဲ့ ညှိနိုင်း တိုင်ပင် ဆွေးနွေးပြီးတော့မှ၊ ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်မှုတွေကို ဆောင်ရွက်တာ အကောင်းဆုံးဖြစ်မယ် ထင်တယ်၊ အဲဒါကြောင့် စနစ်တခုကို ဘယ်သူပဲ လုပ်လုပ်၊ ဒေသမှာရှိနေတဲ့ လုပ်နေပြီးသား အဖွဲ့အစည်းတွေကို အသိအမှတ်ပြု၊ ဆွေးနွေး အကောင် အထည် ဖော်တာ အကောင်းဆုံးဖြစ်မယ်။
မေး။ ။ မြန်မာနိုင်ငံ အရှေ့ပိုင်း ဒေသတွေဟာ နှစ်ပေါင်းများစွာ ပြည်တွင်းစစ် ဖြစ်လာခဲ့တဲ့ ဒေသတွေ ဖြစ်တဲ့အတွက် စစ်လက်ကျန် မြေမြှုပ်မိုင်းတွေနဲ့ ပတ်သက်တဲ့ လူနာတွေရော ကုပေးရတာတွေ ရှိလား၊ ပြည်တွင်းစစ်ကြောင့် ဖြစ်နေတဲ့ ရောဂါမျိုးတွေ၊ စိတ် ပိုင်းဆိုင်ရာ ထိခိုက် ဒဏ်ရာတွေကို အခုချိန်ထိ ကုသပေးနေရတာတွေ ရှိသေးလား။
ဖြေ။ ။ စစ်ဖြစ်နေတဲ့ ကာလထက် စာရင်တော့ မြေမြှုပ်မိုင်းနဲ့ ပတ်သက်လို့ရတဲ့ ဒဏ်ရာတွေတော့ နည်းသွားတယ် ဆိုပေမယ့် ရံဖန်ရံခါ ရှိနေတတ်သေးတယ်၊ လူထုတွေ ဖားရှာ၊ ငါးရှာ၊ ဟင်းသီး ဟင်းရွက်ရှာ၊ ဒါမှမဟုတ် အခြေအနေ ကောင်းလာပြီ ဆိုပြီး သူ့ရွာသူ ပြန်ပြီး အိမ်ဆောက်ချင်တဲ့ သူတွေဆိုရင်တော့ တချို့အန္တရာယ်တွေ တွေ့နေရ သေးတယ်။ နောက်တခုကတော့ စစ်ဖြစ်နေတဲ့ တိုင်းပြည်တွေမှာ အဓိကကျတဲ့ အချက်ကတော့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ ရှိတယ်၊ အဲဒါ တွေကို နယ်လှည့်ကျောပိုးအိတ် အဖွဲ့က စီမံကိန်းကျကျနဲ့ ဆောင်ရွက်နေတာ မရှိသေးပေမယ့်၊ တချို့နေရာတွေမှာ လူထု ကျန်းမာရေး ပညာပေးလုပ်ရင်းနဲ့ လိုအပ်ချက် ရှိရင် ဆေးဝါးကုသတဲ့ နေရာမှာပဲဖြစ်ဖြစ် ကိုယ့်ဆီလာတဲ့ လူနာကို စိတ်ပိုင်းဆိုင်ရာရော ထိခိုက်နေလား၊ ချို့တဲ့နေလား ဆိုတာကို ကြည့်ပြီးတော့ ကုသပေးနိုင်အောင် ကျန်းမာရေး လုပ်သားတွေကို နှစ်သိမ့် ဆွေးနွေး ပညာပေးနည်း သင်တန်းတွေ၊ နည်းပညာတွေ၊ အတတ်ပညာတွေ ပေးတာရှိတယ်၊ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး ဆောင်ရွက်ဖို့ လိုသေးတယ်။
ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရမှုကို ဆောင်ရွက်ရတာဟာ နည်းနည်း လွယ်ပေမယ့်၊ စိတ်ပိုင်းဆိုင်ရာက တခါတလေကျရင် မှန်းဆ လို့မရတဲ့၊ ထိခိုက်ဒဏ်ရာ နာကျင်မှုမျိုးတွေ သူတို့ရင်ထဲမှာ ရှိနေတော့ မေးဖို့ခက်တယ်၊ ပဋိပက္ခကာလ နှစ်ပေါင်း ၆၀ လောက် နေခဲ့ ရ တဲ့ လူတွေထဲမှာ ကြောက်ရွံ့မှုဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာက အကြီးဆုံး အစိတ်အပိုင်း ဖြစ်တယ်၊ မိသားစုတွေ ဆုံးရှုံးပြီး၊ တကွဲတပြား တယောက်တည်းကျန်ခဲ့တဲ့ လူတွေမှာလည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ အများကြီးရှိတယ်။ ဒီလူတွေအတွက် တော့ ပြန်လည် ထူထောင်ရေး မလုပ်လို့မရဘူး၊ မဖြစ်မနေ အရေးကြီးတယ်၊ လူ့စွမ်းအား အရင်းအမြစ်ရှိလာမယ် ဆိုရင်တော့ ဆောင်ရွက်ဖို့ အတွက်တော့ စဉ်းစားထားတာ ရှိတယ်။
မေး။ ။ ကျောပိုးအိတ် အဖွဲ့မှာ လုပ်နေတဲ့ ဒေသခံ ကျန်းမာရေး လုပ်သားတွေကို နည်းပညာ၊ အတတ်ပညာနဲ့ ပတ်သက်ပြီး အကူ အညီတွေကို အဓိက ဘယ်ကယူသလဲ။
ဖြေ။ ။ ကျန်းမာရေး လုပ်သားတွေကို အဖွဲ့မှာရှိတဲ့ ဆရာဝန်တွေ၊ ဆေးမှူးကြီးတွေက သင်ပေးတယ်၊ နယ်လှည့် ကျောပိုးအိတ်ကျန်းမာရေး လုပ်သားအဖွဲ့တွေ ဆိုရင် အခြေခံအဆင့်တွေကို ဒေသခံဆေးမှူးတွေက သင်ပေးတယ်၊ အဆင့်မြင့်လာရင်တော့ ကျောပိုး အိတ် ရုံးချုပ်နဲ့ မယ်တော်ဆေးခန်း(ထိုင်းနယ်စပ်)တို့နဲ့ ဆက်စပ်ပူးပေါင်း ဆောင်ရွက်ရတာ ရှိတယ်။ အခြေခံအဆင့်မှာ အနည်းဆုံး ၉ လ သင်ရတယ်၊ လိုအပ်နေတဲ့ ရိုးရာ လက်သည် သင်တန်းတို့၊ ကျန်းမာရေး လုပ်သား သင်တန်း တို့ကို ဒေသအလိုက် ကျောပိုး အိတ် အဖွဲ့တွေက လုပ်တယ်၊ ဆေးပညာတွေချည်းပဲ မဟုတ်ဘူး၊ ဆေးပညာကို အထောက်အကူ ပြုမယ့် အခြားသော ကျန်းမာရေး သတင်းအချက်အလက် ကောက်ယူရေး၊ စီမံခန့်ခွဲမှု၊ လူထုစည်းရုံးရေး ပညာတွေကိုလည်း မြှင့်တင် ဆောင်ရွက်ပေးတာ ရှိတယ်။
မေး။ ။ ဝေးလံခေါင်သီပြီး တကယ်အကူညီပေးဖို့ လိုအပ်နေတဲ့ ဒေသတွေမှာ လုပ်နေတဲ့ အခြားသော အဖွဲ့အစည်း တွေကိုဖြစ်စေ၊ အစိုးရကိုဖြစ်စေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကိုဖြစ်စေ အကြံပြုချင်တာမျိုး ရှိသလား။
ဖြေ။ ။ ပထမဆုံးကတော့ ကျန်းမာရေး စနစ်ကို အကောင်အထည်ဖော်မယ် ဆိုရင် ဗဟို ဦးစီးချုပ်ကိုင်မှုကို လျှော့မှ ဖြစ်မယ်၊ နေပြည်တော်က တိုက်ရိုက် ထိန်းချုပ်မှု စနစ်နဲ့ သွားမယ်ဆိုရင်တော့ သိပ်ပြီး အဆင်ပြေလှမှာ မဟုတ်ဘူး၊ နောက်တခုက နှစ်ပေါင်း ၆၀ လောက် ပဋိပက္ခ ကြားထဲမှာ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းတွေက သူတို့ ဒေသမှာ သူတို့ လူထုအတွက် သူတို့ကိုယ်တိုင် ကျန်းမာရေး စနစ်ကို တည်ဆောက်ပြီးသား ဖြစ်တယ်။ ဒါကြောင့် နိုင်ငံတကာ အဖွဲ့အစည်းသော်လည်းကောင်း၊ တိုင်းပြည်မှာ တာ ဝန် ရှိတဲ့ ကျန်းမာရေး ဝန်ကြီးဌာန သော်လည်းကောင်း ကျန်းမာရေး ကိစ္စတွေကို ဆောင်ရွက်တော့မယ်ဆိုရင် ရှိပြီးသား အဖွဲ့အစည်း တွေ၊ အစုအဖွဲ့တွေနဲ့ ညှိနှိုင်းပူးပေါင်း ဆောင်ရွက် သင့်တယ်လို့ မြင်တယ်။
နောက်တခုကတော့ လူထုရဲ့ ကျန်းမာရေး ကိစ္စဆိုတော့ လူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုက အရမ်း အရေးကြီးတယ်၊ အဲဒါကြောင့် လူထုထဲမှာ ရှိနေပြီးသား အဖွဲ့အစည်းတွေရဲ့ ဆုံးဖြတ်ချက်တွေ ပါဖို့လိုတယ်၊ သူတို့မပါဘဲနဲ့ ကိုယ့်ဒေသမှာ ရှိနေပြီးသား ကိစ္စတွေ၊ လုပ်ဖို့လိုနေတဲ့ ကိစ္စတွေကို အပြင်ကလူ ဆုံးဖြတ်မယ်ဆိုရင် ဒီမိုကရေစီစနစ်နဲ့လည်း လိုက်လျောညီထွေမှု မရှိဘူး။
ကျောပိုးအိတ်လို အဖွဲ့အစည်းမျိုးကြတော့ ကျန်းမာရေးလုပ်ငန်းတွေကို စနစ်တကျ ဆောင်ရွက်နေတဲ့အပိုင်းမှာ လူထုကို ဒီမိုကရေ စီ စနစ်ပုံစံကို အစိတ်အပိုင်းတခုအရ သင်ကြားပေးတဲ့ အနေအထားမျိုးရှိတယ်၊ ဒေသတခုကို သွားပြီး ကျန်းမာရေး ဆွေးနွေးတော့ မယ်ဆိုရင် ကျန်းမာရေး လုပ်သားတွေက ဒေသခံတွေရဲ့ လိုအပ်ချက်ကို မေးပြီးတော့ သူတို့ဆုံးဖြတ်ချက်အပေါ်မှာ ဆောင်ရွက် တာ တွေ များများလုပ်တယ်၊ အဲဒါမျိုးကို နိုင်ငံတကာ အဖွဲ့အစည်းတွေကပဲဖြစ်ဖြစ်၊ ဒေသကပဲ ဖြစ်ဖြစ် ဆောင်ရွက်မယ်ဆိုရင် ဒေသ ဖွံ့ဖြိုးရေးကို ပိုကောင်း စေမယ်လို့ ထင်တယ်။
နောက်ဆုံးတခုကတော့ ရှိနေပြီးသား အရင်းအမြစ်တွေကို အသိအမှတ် ပြုမှုကလည်း အရမ်းကို အရေးကြီးတယ်၊ အဲဒါကို အသိ အမှတ် မပြုဘူး ဆိုရင်တော့ အလဟသ ဖြစ်မယ်၊ နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ အစိုးရခွင့်ပြုချက် တခုတည်း မဟုတ်ဘဲနဲ့ ဒေ သ ဆိုင်ရာမှာ ရှိနေတဲ့ အဖွဲ့အစည်းတွေ၊ တာဝန်ရှိတဲ့ သူတွေက အသိအမှတ်ပြုမှုလည်း ရရမယ်။
အစိုးရခွင့်ပြုချက် တခုတည်းယူပြီး၊ ကိုယ့်ဘာသာကိုယ် ဒေသထဲလာပြီး၊ ကိုယ့်ဘာသာလုပ်၊ ကိုယ့်ဘာသာ ဆောင်ရွက် ဆိုရင် ဒေသထဲမှာ သူတို့ မရှိတော့တဲ့ အချိန်ကျရင် ဖွံ့ဖြိုးမှုတွေ မရှိနိုင်ဘူး၊ ရေရှည် မတည်တံ့နိုင်ဘူး။ ဒါကြောင့်မို့လို့ ဒေသထဲမှာ ရှိနေတဲ့ အဖွဲ့အစည်းတွေရဲ့ အသိအမှတ် ပြုမှုက အရမ်းကို အရေးကြီးတဲ့အတွက် အဲဒါကို မဖြစ်မနေလုပ်ဖို့ ပြောချင်တယ်။ ။