Ethnic Issues

SSPP/SSA နှင့် တိုက်ပွဲဖြစ်ပွားမှု အစိုးရစစ်တပ်မှ ၈ ဦးကျဆုံး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) ထိန်းချုပ် နယ်မြေအတွင်းမှာရှိတဲ့ တာ့ဖာဆောင် တံတား အနီးမှာ အစိုးရ စစ်တပ်နဲ့ ရှမ်းတပ်ဖွဲ့တွေ  ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရ စစ်တပ်ဘက်က ၈ ဦးကျဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရရှိ သွားတယ်လို့ SSPP/SSA က ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်နဲ့ SSPP/SSA ဌာနချုပ်ဟောင်း ဆင်းကျော့ဒေသကို ဆက် သွယ် ထား တဲ့ တာ့ဖာဆောင် တံတားအနီး  တပ်စွဲထားတဲ့ ရှမ်းတပ်ဖွဲ့တွေကို အစိုးရ စစ်တပ် တပ်ရင်း (ခလရ) ၃၄၇ က နေရာ ဖယ် ပေးဖို့ ဖိအားပေးရာကနေ ဇွန်လ ၂၇နဲ့ ၂၈ ရက်နေ့တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ SSPP/SSA ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး ပိန်ဖက ပြောပါတယ်။

“တာ့ဖာဆောင် တံတား နားက ကျနော်တို့ တပ်တွေကို သူတို့ (အစိုးရစစ်တပ်) ရှေ့တန်းတပ်က လွန်ခဲ့တဲ့ ၂ ပတ် လောက် က လာပြီး ရွှေ့ခိုင်းတယ်။ ကျနော်တို့က မရွှေ့ဘူး။ မရွှေ့တော့ သူတို့ တပ်ရင်း ၃၄၇ က လာပြီးတော့ တိုက်တယ် လေ။ ကျနော် တို့ ပြန်တိုက်တော့ သူတို့ ၈ ယောက်ကျသွားပြီး ၁၂ ယောက်ဒဏ်ရာရတယ်။ ကျနော်တို့ ဘက်မှာလည်း ၁ ယောက် ဒဏ်ရာ ရတယ်။ အစိုးရစစ်တပ်ကို လာကူတဲ့ အစိုးရ စစ်ကြောင်းကို ကျနော်တို့က ထပ်တိုက်လို့ တိုက်ပွဲ ၂ ခုဖြစ် ခဲ့တယ်” လို့ ဗိုလ်မှူးကြီး ပိန်ဖ က ဧရာဝတီကိုပြောပါတယ်။

တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ တာ့ဖာဆောင် တံတားဟာ SSPP/SSA အတွက် သာမက ဒေသခံ ပြည်သူတွေ အတွက်လည်း စီးပွားရေး၊ ကျန်းမာရေးနဲ့ လူမှုရေးလုပ်ငန်းတွေမှာ ကူးသန်းသွားလာရေး အတွက် အရေးပါတဲ့ တံတားတစင်း ဖြစ်ကြောင်း လောလောဆယ်မှာတော့ တိုက်ပွဲဖြစ်ပွားရာနေရာမှာ ရှမ်းတပ်ဖွဲ့တွေအနေနဲ့ နေရာယူထားဆဲဖြစ်ပြီး အစိုးရစစ်တပ် တွေက လည်း စောင့်ကြည့်နေတဲ့ အနေအထားမှာပဲရှိနေတယ်လို့ SSPP/SSA ဘက်က ပြောဆိုပါတယ်။

ဇွန်လ ၄ ရက်နေ့ကလည်း အဲဒီတံတားနားမှာ ရှိနေတဲ့ ရှမ်းတပ်ဖွဲ့တွေကို နေရာရွှေ့ပေးဖို့ အစိုးရစစ်တပ်က ရာဇသံ ပေးရာကနေ ၂ ဖက်တပ်တွေအကြား စစ်ရေးတင်းမာမှုဖြစ်ပွားခဲ့ပြီး ၃ ပတ်အကြာမှာ ခုလို တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အစိုးရ စစ်တပ်ဘက်ကတော့ တိုက်ပွဲ ဖြစ်ပွားမှုတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းချက် ပေးတာ၊ သတင်းထုတ်ပြန် တာ တွေတော့ မရှိသေးပါဘူး။

SSPP/SSA မြောက်ပိုင်း တပ်ဖွဲ့ကို ပြည်သူ့စစ် အသွင်ပြောင်းဖို့ ဖိအားပေးရာမှာ ငြင်းဆန်ခဲ့တဲ့ အတွက် အစိုးရရှေ့တန်း တပ်ဖွဲ့ တွေက တာ့ဖာဆောင် တံတားကို ၂၀၁၁ ထဲမှာ ဖောက်ခွဲဖျက်ဆီးခဲ့ပြီး အဲဒီတံတားကို ရှမ်း တပ်ဖွဲ့တွေက ပြန်လည် တည်ဆောက်ခဲ့တယ်လို့ SSPP/SSA ဘက်က ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားမှုတွေနဲ့ ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) ကိုတော့ ၂ ဖက်လုံးက အကြောင်းကြားလာမှု မရှိကြောင်း MPCမှ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ က ဧရာဝတီကိုပြောပါတယ်။

“တပ်နေရာပိုင်းခြားရေးနဲ့ ပတ်သက်ပြီး ဟိုးတုန်းကတော့ ဦးအောင်သောင်းတို့၊ ဦးသိန်းဇော်တို့ လုပ်ခဲ့တာရှိတယ်လို့တော့ ပြောတယ်၊ ဒါပေမယ့် အခု တပ်နေရာပိုင်းခြားရေးကြောင့်ပဲ အခုလိုထိတွေ့မှုတွေဖြစ်တယ်လို့ ထင်တယ်ဗျ။ အဲဒါအပြင် သိပ် အများကြီးလည်း မတွေ့ရပါဘူး” လို့ ဦးလှမောင်ရွှေက ဆိုပါတယ်။

အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ SSPP/SSA တို့ အကြားမှာ ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူချက် အပါအဝင် ရှေ့ဆက် လုပ်ဆောင်ရမယ့် ညှိနှိုင်း သဘောတူညီချက် ရရှိထားပြီး ဖြစ်ပေမယ့့် အဲဒီ သဘောတူညီချက် တွေကို တခုမှ အကောင်အထည် မဖော်နိုင်သေးဘူးလို့ SSPP/SSA က ပြောပါတယ်။

ဇွန်လ ၁၁ ရက်နဲ့ ၁၂  ရက်နေ့တွေကလည်း မိုင်းရှူးမြို့နယ်၊ ဖိုးဖွားတောင်ပေါ်မှာရှိတဲ့ SSPP/SSA ရဲ့ တပ်မ ၉၁၈ လက်အောက်ခံ တပ်ရင်း ၇၆၂ ယာယီ ရှေ့တန်း စခန်းကို ဖယ်ရှားပေးဖို့ အစိုးရစစ်တပ်၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာန ချုပ် (ရလခ) လက်အောက်ခံ ခြေမြန် တပ်ရင်း(ခမရ) ၁၅၁ က ၂ ရက် ဆက်တိုက် ထိုးစစ် ဆင်တိုက်ခိုက်ခဲ့တဲ့နောက် ရှမ်းတပ်ဖွဲ့ တွေရဲ့ ရှေ့တန်းစခန်းတခုကို ဆုတ်ခွာ ပေးခဲ့ရတယ်လို့ သိရှိရပါတယ်။

“အခုလို ငြိမ်းချမ်းရေးတည်ဆောက်နေဆဲကာလမှာ တဖက်နဲ့တဖက် ယုံကြည်မှုတည်ဆောက်နေဆဲကာလမှာ အခုလို ကျနော်တို့ အပေါ် ဖိအားပေးတိုက်ခိုက်တာတွေမလုပ်သင့်ပါဘူး။ ဒီလိုတာ ဆက်လုပ်နေမယ်ဆိုရင် အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး ဆိုတာ အလဟဿ ဖြစ်ကုန်လိမ့်မယ်” လို့ ဗိုလ်မှူးကြီး ပိန်ဖက ပြောဆိုပါတယ်။

SSPP/SSA နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ အကြား ၂၀၁၂ ခုနှစ်က ပဏာမ အပစ်အခတ် ရပ်စဲရေး သဘော တူညီမှု ရရှိထားပြီး နောက်ပိုင်း ၂၀၁၄ ခုနှစ် မတ်လ အထိ အစိုးရ စစ်တပ်နဲ့ တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွား ခဲ့ပြီး အသေ အပျောက် ဒဏ်ရာရသူများ ရှိတယ်လို့ သိရပါတယ်။

အစိုးရ စစ်တပ်က SSPP/SSA ထိန်းချုပ် နယ်မြေအတွင်းက အရေးပါတဲ့ နေရာတွေကို စစ်ရေးအရ စိုးမိုးနိုင်ရေး၊ စီးပွားရေး ဖြတ် တောက်နိုင်ရေး အတွက် အကြိမ်ကြိမ် ကြိုးစားခဲ့ရာမှာ ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ပြုလုပ် ပြီး နောက် SSPP/SSA ရဲ့ ဝမ့်ဟိုင်း ဌာနချုပ် တည်ရှိရာ တဝိုက်က အရေးပါတဲ့ တပ်စခန်းအချို့ပါ လက်လွှတ် ပေးခဲ့ရတယ် လို့ ဆိုပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading