ဖြစ်နေတာတွေများ

မောင်မြတ်ထင်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

စာဖတ် ပရိသတ်ကြီး ခင်ဗျား။ ကျုပ်တို့ ပြည်ကို အုပ်ချုပ်နေတဲ့ အာဏာရလူစုမှာ လူနှစ်မျိုးနှစ်စားပဲ ရှိတယ်လို့ ဆိုနေကြတယ်။ နှစ်မျိုးလုံးက အာဏာကို လက်မလွှတ်ချင်တဲ့ နေရာမှာ တူသတဲ့။

(၁) ပထမတမျိုးက အာဏာ တည်မြဲချင်တယ်။ ရရှိထားတဲ့ နေရာနဲ့ အခွင့်အရေးကို ထိန်းထားချင်တယ် ဆိုပေတဲ့ ဒီကိစ္စကိုဖြင့် လိမ္မာပါးနပ်စွာ စမတ်ကျစွာ ကြံဆောင်လုပ်ကိုင်မယ် ဆိုတဲ့ လူစု။

(၂) နောက်တမျိုးက အာဏာတည်မြဲဖို့အတွက် ဘယ်လိုနည်းလမ်း မဆိုသုံးမယ်။ တည်မြဲရင်ပြီးရော ဆိုတဲ့ လူစု။ ဒါပါပဲတဲ့။ ဒီနှစ်မျိုးပဲ ရှိတာပါ တဲ့။ ဒါပေမယ့် ပထမတမျိုးကို ပြုပြင်ပြောင်းလဲရေး သမားတွေပဲလို့ လူတွေက ထင်ကြတယ်။ အဲဒီလူစုကလည်း သူတို့ကိုယ် သူတို့ ပြောင်းလဲရေးသမားတွေလို့ အမည်ပေးတယ်။ ဒါပါပဲ တဲ့။

ကျုပ်တို့ ပြည်က အပြောင်းအလဲ ဆိုတဲ့ ဖြစ်စဉ်ကြီးကိုလည်း ဒါဒီမိုကရေစီတဲ့လား တဲ့။ ကြည့်ကြပါဦး တဲ့။ အောက်က အင်စတီကျူးရှင်းကြီးတွေ အကုန်လုံး ချုပ်ကိုင်ထားကြတာ မဟုတ်ဘူးလားတဲ့။

(၁) မီဒီယာ (ဝါဒဖြန့်ချိရေး)၊

(၂) တပ်၊

(၃) စီးပွားရေးကဏ္ဍ အားလုံး၊

(၄) အတိုက်အခံနိုင်ငံရေး၊

(၅) နိုင်ငံခြားရေး၊

(၆) ဘဏ္ဍာရေး၊

(၇) သဘာဝ သယံဇာတများ၊

(၈) အရေးကြီးတဲ့ နိုင်ငံတော် အင်စတီကျူးရှင်းများ အားလုံး တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ ဗျူရိုကရေစီနဲ့ ရွေးကောက်ပွဲ ကော်မရှင် စသည်ဖြင့် ကော်မရှင်များ။

(၉) ထောက်လှမ်းရေး၊

(၁၀) ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၊

(၁၁) အသွင်ကူးပြောင်းရေး ဖြစ်စဉ်ကြီး တခုလုံး၊

(၁၂) ဘာသာရေး။

စဉ်းစားစရာလေးတွေတော့ ရှိတယ်။

နံပါတ် (၁) မီဒီယာကို စဉ်းစားကြည့်ရင်၊ ပုံနှိပ်မီဒီယာကဖြင့် အနည်းအကျဉ်း လွတ်လပ်ပါတယ်ဗျာလို့ ငြင်းချက် ထုတ်နိုင်ပါတယ်။ ဒါပေတဲ့ ပိုင်ရှင်တွေကို ကြည့်ရင် အများစုက အာဏာပိုင်တွေ ခရိုနီတွေနဲ့ ကင်းတဲ့သူ ရှားတယ်။ မီဒီယာကို အဲဒီ ဆရာတွေကပဲ ထိန်း ချုပ် ထားတယ် ဆိုတာ ရှင်းနေပါရဲ့။

နံပတ် (၄) မှာပါတဲ့ အတိုက်အခံ နိုင်ငံရေးကို သူတို့ အုပ်စီးထားနိုင်လို့လားကွာ ဆိုရင်တော့ လွှတ်တော်ပြင်ပမှာတော့ ယခု လွတ်ထွက်သွားပြီ ခင်ဗျ။ အရင်ကတော့ လွှတ်တော် အတွင်းရော အပြင်ပါ အတိုက်အခံ နိုင်ငံရေးဟာ အုပ်စီးခံနေရတယ်လို့ ထင်တာပါပဲဗျာ လို့ ဖြေချင်ပါတယ်။

နံပါတ် (၁၂) လာ ကိုးကွယ်မှုဆိုင်ရာ အရေးမှာလည်း ဘုန်းတော်ကြီး တချို့ဟာ (တချို့လား၊ အများစုလား၊ မကွဲဘူး) အမျိုးဘာသာ သာသနာ အတွက်ဆိုပြီး လက်ရှိ အုပ်စိုးသူများဘက် ရောက်သွားခဲ့ပြီ။ အုပ်စိုးသူများဟာ ကျောင်းသားကိုပဲ အာရုံစိုက်ဖို့ လိုတော့ မယ်။ ဘုရားသားတွေ ဘက်ကိုတော့ စိတ်အေးရတဲ့အခြေအနေ ရရှိသွားပြီးခါမှ မဟာသနိ္တသုခ ကျောင်းတိုက် အရေးကြောင့် အခြေ အနေတမျိုး ပြောင်းသွားပါတယ်။

ချုပ်လိုက်ရင်တော့ ကျုပ်တို့မှာ ရွေးကောက်ပွဲရယ် လို့ ရှိနေတယ်။ ဒါလောက်ပါပဲ။ ဒါမျိုး အခြေအနေကို ဂဏန်းတွက် တွက်ချက်တဲ့ ရွေးကောက်ပွဲ ရှိခြင်း (Arithmatic electionsim) ပါပဲဗျာလို့ ငြိမ်းချမ်းရေး ဒီမိုကရေစီအရေးတွေမှာ ဆရာကြီး တဆူဖြစ်တဲ့ ဂါလ်တွန် က ဆိုတယ်။ ဗိုလ်ချုပ်တွေဟာ ရွေးကောက်ပွဲ လုပ်ပေးတယ်။ ပြီးတော့ ပါလီမန်ထဲ အများစု ဝင်ထိုင်ကြပြီး အုပ်စိုးတယ်။ လက်ရှိအခြေ အနေဟာ အဲဒါကို တိုက်နေကြတာပေါ့။

အထက်က ဖော်ပြပါ လူနှစ်မျိုးနှစ်စားပဲ ရှိတယ် ဆိုတဲ့ အချက်ကို အမှန်တကယ် ပြောင်းလဲချင်တဲ့ လူအနည်းငယ်တော့ ဒီလူတွေထဲ ရှိချင်ရှိမှာပါလို့ ကျုပ်က သဘောကောင်းစွာ စိတ်ကူးယဉ်စွာနဲ့ တွေးတွေးကြည့်တယ်။ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူ ရည် တူ ဖြစ်ခြင်းတွေဟာ လူမှာရှိအပ်တဲ့ တန်ဖိုးတွေ။

လူဆိုတာ လွတ်လပ်ချင်ကြမှာ၊ တရားမျှတခြင်းကို ရချင်ကြမှာ၊ တန်းတူရည်တူ ဖြစ်ချင်ကြမှာလို့ လေးလေးစားစား တွေးနိုင်တဲ့ လူ တွေ ဗိုလ်ချုပ်တွေထဲမှာ ရှိသလား။

လူတွေဟာ စားဝတ်နေရေး ပြေလည်ဖို့သာ အရေးကြီးတတ်တာ၊ စီးပွားရေး တိုးမြင့်အောင်လုပ်ပေးရုံပဲ လို့ပဲ ဗိုလ်ချုပ်တွေက စဉ်း စား ကြတယ်။ ဒါမျိုးစဉ်းစားတာကိုပဲ လက်တွေ့ဝါဒသမား ဖြစ်တယ်လို့ ထင်ကြတာကိုး။ ငါဟာ လူ့တန်ဖိုးတွေကို မြန်မာ ပြည်သူပြည်သားများ ရရှိရေး အခြေခံနဲ့ ပြောင်းလဲချင်တဲ့ အာဏာရ (Elite) ဟုတ်သလားလို့ ပထမ လူစုထဲက ဝန်ကြီးတွေ ဗိုလ်ချုပ်တွေဟာ ကိုယ့်ကိုယ်ကိုယ် စစ်ဆေးကြည့်ရမှာပဲ။ ကိုယ့်ဟာကိုယ်ပဲ သိမယ်၊ ရေရှည်မှာ သိနိုင်ပေတဲ့ ချက်ချင်းတော့ ကျုပ်တို့ မသိနိုင် ဘူး။

“လူ့တန်ဖိုးတွေကို မြန်မာပြည်သူ ပြည်သားများ ရရှိရေး အခြေခံသဘောထားနဲ့” ပြောင်းလဲချင်တဲ့ အီလိတွေ ရှိပါမှပဲ ငြိမ်းချမ်းရေး ပြဿနာ အပါအဝင် ကျုပ်တို့ပြဿနာတွေ ပြေလည်မယ် လို့ ကျုပ်ကတော့ ယူဆတယ်။

အခုနေခါမှာ ဒုတိယ လူအမျိုးအစားတွေကတော့ ဆင်ကြံ ကြံနေကြမှာပေါ့။ ယခုဖြစ်ပေါ်နေတဲ့ ရွေးကောက်ပွဲအတွက် ဟောပြောခွင့် ကို ပိတ်ဖို့ကြိုးစားတာကို နမူနာအဖြစ်ကြည့်။

မလုံခြုံမှုများ

ကျုပ်တို့မှာ “ဖြစ်နေတာတွေ” ဟာ မလုံခြုံမှုတွေကြောင့် တဲ့။ ကျုပ်တို့မှာ ဖြစ်နေတာတွေကို မလုံခြုံမှု ရှုထောင့်က ကြည့်လို့ ရတယ်။ မလုံခြုံမှု ၃ ခုရှိ တယ်။

ပထမတခုက နိုင်ငံတော်ရဲ့ မလုံခြုံမှု (National Insecurity)။ နိုင်ငံတော်ရဲ့ မလုံခြုံမှု ဆိုပေတဲ့ တကယ်က အုပ်စိုးသူရဲ့အသက် ဆက်ရေး (Regime survival) အတွက် မလုံခြုံမှု ခင်ဗျ။

ဒုတိယ မလုံခြုံမှု ကတော့ ကမ္ဘာ့အရင်းရှင် စနစ်ကြီးရဲ့မလုံခြုံမှု (Global Insecurity) ပဲ။ ကမ္ဘာ့ စီးပွားရေး စနစ် နိုင်ငံရေး စနစ်က လုံခြုံတယ်လို့ မရှိဘူး။ အမြဲ ပြိုင်ဆိုင်နေရတာ ကိုး။ ရလေလိုလေ တစ္ဆေ စနစ်ကိုး။

တတိယကတော့ လူ့မလုံခြုံမှု (Human Insecurity) ပါ။ ဆင်းရဲတဲ့ ပြည်သူပြည်သားတွေ လူ့အသိုက်အဝန်းလေးတွေဟာ  စားဝတ် နေရေး ကျန်းမာရေး အလုပ်အကိုင် အခွင့်အရေး စတာတွေမှာ မလုံခြုံကြရှာဘူး။ သူတို့ရဲ့ မလုံခြုံမှုဟာ အုပ်စိုး သူ/ နိုင်ငံတော်ကြီး မလုံခြုံမှု၊ နိုင်ငံ နယ်နိမိတ်တွေ မလုံခြုံမှုနဲ့ မတူဘူး။

နိုင်ငံရဲ့ ပေါ်လစီတွေ နည်းလမ်းတွေကို ချမှတ်ရာမှာ မလုံခြုံမှု ၃ ခုထဲက ဘယ်ဟာက အဓိကလဲ။ ဘယ်ဟာကို ဦးစားပေးမှာလဲ ဆုံးဖြတ်ရတယ်။ မလုံခြုံမှုတွေက တခုနဲ့တခု ယှဉ်ပြိုင် နေကြတာချည်းပဲ။

ကျုပ်တို့ ဆီမှာတော့ လူများစုနဲ့ လူ့အသိုက်အဝန်း လုံခြုံဖို့အရေးဟာ အခြားအရေး နှစ်ခုနဲ့ ထိပ်တိုက်တွေ့ပြီဆိုရင် ခြေနဲ့ အနင်းခံရ တာက များတယ်။ နိုင်ငံရေးအရ အမြတ်ထွက်ဖို့ အတွက်ရယ်၊ မဟာဗျူဟာ အတွက်ရယ်ကြောင့် လို့ အကြောင်းပြပြီး လူ့လုံခြုံရေး ကို ဘေးဖယ်လိုက်ကြတယ်။

နိုင်ငံတော်ဆိုတဲ့ အုပ်စိုးသူရယ်၊ ကော်ပိုရေးရှင်းတွေရယ်၊ နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းတွေရယ်က ပူးပေါင်းပြီး လုပ်လိုက်ကြ တာ ချည်းပဲ။

ဒုက္ခသည်တွေ၊ ပြည်တွင်းမှာ နေရာရွှေ့ပြောင်းရတဲ့ သူတွေ၊ အလုပ်အကိုင် မရှိသူတွေ အရေးဟာ နောက်ရောက်သွားတာ ပါပဲ။ မြေ တွေ သိမ်းတယ်၊ ဧရာမ ပရောဂျက်ကြီးတွေ လုပ်တယ်။ ပြဿနာဖြစ်ရင် အကြမ်းဖက်ပြီး ဖြေရှင်းတယ်။

ဂလိုဘယ်လိုက်ဇေးရှင်း တဲ့။ သဘာဝပတ်ဝန်းကျင်နဲ့ သဘာဝသယံဇာတဟာ ဂလိုဘယ် ဖြစ်စဉ်ကြီးအောက် ပြားပြားမှောက်တာပဲ။

“မြန်မာဟာ တခုတည်းသာ ကျန်နေတဲ့ ဈေးကွက်၊ သယံဇာတ ပြည့်တန်ဆာအိမ်၊ ဗျူဟာကိစ္စ တခု” မျှပဲလို့ အစိုးရ “တပ်” နိုင်ငံ တကာ ကုမ္ပဏီလူစုဟာ သလိုပဲ ကြည့်တယ်။ ဥပမာတွေ အများကြီးပါ။ လက်ပံတောင်း၊ ပိုက်လိုင်း၊ မြစ်ဆုံ၊ သံလွင်ပေါ်က ရေကာ တာများ။ ကျုပ်တို့ပြည်မှာ ဖြစ်နေတာတွေကို အဲသလို စဉ်းစားကြည့်မိ ပါတယ်။

စာဖတ်ပရိသတ်ကြီး ခင်ဗျား။ ပထမအမျိုးအစား (Elite) တွေထဲက တဦးတလေဟာ အုပ်စုတူသူတွေမှာ ရှိစမြဲ ဖြစ်တဲ့ မလုံခြုံမှုတွေကိုကျော်ပြီး ကြည့်ချင် ကြည့်နိုင်မှာပဲလို့ မျှော်လင့်ရင်ဒါမျိုးဟာ “အဆောက်အအုံကို အရေးထား ကြည့်သူများ” (Structuralists) ရဲ့ ရယ်သွမ်းသွေးစရာ ဖြစ်မှာပဲလို့ ကျနော်တွေးမိတယ်။ ဖြစ်တောင့် ဖြစ်ခဲကိုး။ ဒါပေတဲ့ လူဆိုတာက အမျိုးမျိုး ရှိနိုင်တာပဲလေ။ (ဦးစိုးသိမ်းကတော့ လူတထောင်ရှိတယ် ဆိုလားပဲ။)

နိုင်ငံတနိုင်ငံမှာ နိုင်ငံတော်၊ စီးပွားရေး၊ အရပ်ဘက်ပြည်သူ အဖွဲ့အစည်းရယ်လို့ ပါဝါစင်တာသုံးခု ရှိတာမှာ တကယ်ကျတော့ ကျုပ် တို့ အားကိုးစရာဟာ အရပ်ဘက်ပြည်သူ အဖွဲ့အစည်းတွေပဲ ရှိတာလို့လည်း ကျုပ်တို့က မသိမဟုတ် သိပါတယ်။ အရပ်ဘက်ပြည်သူ အဖွဲ့အစည်း (Civil Society) ဆိုတာကိုလည်း ပညာရှင်တချို့ရဲ့ အနက်ကောက်ကို ဖော်ပြပါရစေ။ ဒီဝေါဟာရက စိမ်းနေတော့ မရှင်း မလင်း ဖြစ်နေနိုင်လို့ ပါ။

Civil society is a normative term describing the desired state where by all three sectors work together for the good of the citizens.

အရပ်ဘက် ပြည်သူ အဖွဲ့အစည်း (Civil Society) ဆိုတာ ပြည်သူလူထု၏ ကောင်းကျိုးချမ်းသာကို လုပ်ဆောင်ကြည့်မည့် အလိုရှိအပ်သည့် နိုင်ငံတော် ဖြစ်စေရန် စုပေါင်း လုပ်ဆောင်ကြသည့် အဖွဲ့များကို စုရုံးဖော်ပြသော ဝေါဟာရ တဲ့။

ပရဟိတ အဖွဲ့တွေ သာမက မီဒီယာ၊ တောင်သူလယ်သမား၊ အလုပ်သမား အဖွဲ့များ၊ ကျောင်းသား ဆရာ သမဂ္ဂတွေ၊ အာဏာရပါတီ မဟုတ်တဲ့ နိုင်ငံရေး ပါတီတွေ၊ ကော်မရှင်တွေ အားလုံးပါတယ်။ အဲဒီ ပြည်သူ့အဖွဲ့အစည်းတွေ အားလုံး ရှိလာအောင် လုပ်မယ် ဆိုတာက အမှန်တကယ် ကျုပ်တို့ လုပ်နိုင်တာဆိုတာလည်း ကျုပ်တို့က သိပါတယ်ခင်ဗျား။

(မောင်မြတ်ထင် သည် ရန်ကုန်အခြေစိုက် စာရေးဆရာ တဦးဖြစ်ပြီး ချင်းတွင်း မဂ္ဂဇင်းတွင် အတွေးအခေါ်ဆိုင်ရာ ဆောင်းပါးများကို ပုံမှန်ရေးသားနေသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading