မြန်မာနိုင်ငံကို အလည်အပတ်သွားခဲ့တဲ့ အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာ ထိပ်ပိုင်း ခေါင်းဆောင်တွေဟာ ၂ နိုင်ငံ တပ်မတော်ချင်း ထိတွေ့ ဆက်ဆံရေး တိုးမြင့်လုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။
အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး၊ အမေရိကန် ပြည်ထောင်စုရဲ့ အာရှ ပစိဖိတ် ဒေသဆိုင်ရာ စစ်ဒေသ ကွပ်ကဲရေးမှူး ကြယ် ၃ ပွင့် ဗိုလ်ချုပ် အန်ထော်နီ ခရပ်ချ်ဖီးလ်ဒ် (Anthony Crutchfield) ပါဝင်တဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်တန်း စစ်ဗိုလ်ချုပ်တွေနဲ့ တွေ့ဆုံစဉ် နှစ်နိုင်ငံ စစ်တပ်ချင်း ဆက်ဆံရေး တိုးမြင့်ဖို့ ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အဲဒီ တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံမှာ လက်ရှိ ဖော်ဆောင်နေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေ၊ လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်တွေ၊ ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာ ကိစ္စရပ်တွေ၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေဆိုင်ရာ ကိစ္စရပ်တွေ၊ တပ်မတော်မှ မြေယာ စွန့်လွှတ် လွှဲပြောင်းမှုဆိုင်ရာ ကိစ္စရပ်တွေ အပေါ် နှစ်ဦး နှစ်ဖက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ အဲဒီ ထုတ်ပြန်မှုမှာ ဖော်ပြထားပါတယ်။
အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ရဲ့ ခရီးစဉ် နောက်ဆုံးနေ့မှာ အဖွဲ့ခေါင်းဆောင် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ တွမ် မာလင်နောင်စကီး (Tom Malinowski) က အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာစစ်တပ်နဲ့ ထိတွေ့ဆက်ဆံဖို့ အချိန်ကျပြီလို့ ထုတ်ဖော်ပြောဆိုပါတယ်။
ဒါဟာ အမေရိကန်ဘက်က အဆင့်မြင့် အရာရှိတဦးက လူသိရှင်ကြား ထုတ်ဖော်ပြောဆိုမှုလည်း ဖြစ်ပါတယ်။
ဒါပေမယ့် အမေရိကန်က မြန်မာစစ်တပ်ကို သတိနဲ့သာ ဆက်ဆံနေဦးမှာ ဖြစ်ပြီး ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ကိစ္စရပ်တွေမှာ ပြည်သူက အားကိုးတဲ့ စစ်တပ်ဖြစ်လာရေးအတွက် ရည်ရွယ်ကာ အခုလို ထိတွေ့ ဆက်ဆံမှု စတင်ဖို့ ပြောဆိုတာလို့ ဆိုပါတယ်။
အမေရိကန် စစ်တပ်က မြန်မာစစ်တပ်ကို တိုက်ခိုက်ရေးဆိုင်ရာ သင်တန်းပေးဖို့ မရှိသလို စစ်လက်နက်ပစ္စည်း ထောက်ပံ့ပေးတဲ့ ဆက်ဆံရေးမျိုးလည်း ရှိမှာ မဟုတ်ဘူးလို့ ဗိုလ်ချုပ် အန်ထော်နီ ခရပ်ချ်ဖီးလ်ဒ်က ထုတ်ဖော် ပြောဆိုပါတယ်။
အမေရိကန် စစ်တပ်က မြန်မာစစ်တပ်ကို လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ ဥပဒေတွေ၊ လူသားချင်းစာနာ ထောက်ထားရေး အကူအညီဆိုင်ရာ ကိစ္စတွေ၊ သဘာဝ ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ အတွက်သာ သင်တန်းတွေ အဓိက ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကိစ္စအပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက စိုးရိမ်နေခဲ့ကြတာ အမှန်ပါပဲ။ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ရဲ့ ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်က ဧရာဝတီနဲ့ ၂၀၁၄ ခုနှစ် ဧပြီလက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ သီးသန့် တွေ့ဆုံစဉ် အမေရိကန်-မြန်မာ စစ်တပ်ချင်း ဆက်ဆံရေးအပေါ် စိုးရိမ်မကင်း ဖြစ်တာကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
ဗိုလ်ချူပ် ဂွန်မော်က “ဒီကိစ္စက အတိအကျ လက်ခံဖို့ ခက်ပါတယ်၊ နည်းပညာတခုကို ဘယ်နေရာမှာမဆို အသုံးပြုလို့ ရပါတယ်၊ တကယ်လို့ ဒီလိုနည်းပညာများနဲ့ တိုင်းရင်းသားများအကျိုးကို ထိခိုက်စေနိုင်တဲ့၊ စစ်ရေးမှာ တိုက်ခိုက်ရေး စွမ်းရည် မြှင့်တင်ပေးနိုင်တဲ့ ပုံစံမျိုး ဖြစ်လာလို့ရှိရင် ကျနော်တို့ တိုင်းရင်းသားများက စကားပြောလာဖို့ ရှိပါတယ်” လို့ ဆိုပါတယ်။
မြန်မာအစိုးရက အခုလို နိုင်ငံတကာ စစ်တပ်တွေနဲ့ ဆက်ဆံလာမှုတွေ အပေါ် တလွဲ အသုံးချနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
“မြန်မာနိုင်ငံ အစိုးရက ပြည်သူလူထုကို ပေးနေတဲ့ သတင်းစကားက ဘာလဲ ဆိုတော့ အခုလို စစ်တပ်ချင်း ဆက်ဆံတယ် ဆိုတာက အခုအစိုးရရဲ့ လုပ်ဆောင်ချက်များ မှန်ကန်လို့ အမေရိကန်လို နိုင်ငံကြီးတွေက ထောက်ခံနေတာ ဖြစ်တယ်လို့ လူထုကို သတင်းစကား ပေးနေတယ်၊ ကျနော်တို့ နားလည်တာက ဒီသတင်းစကားက မှားတယ်” လို့ ဗိုလ်ချုပ် ဂွန်မော်က ဆိုပါတယ်။
ဆက်လက်ပြီး သူက “အမေရိကန် အစိုးရက ပြုပြင်ပြောင်းလဲရေး အတွက် ကူညီတာ ဖြစ်တယ်၊ မှန်ကန်လို့ အကူအညီ ပေးတာ မဟုတ်ဘူး၊ အဲဒီတော့ အမေရိကန် အစိုးရက လူထုကို အသိပေးသင့်တယ်” လို့လည်း ပြောပါတယ်။
တဖက်မှာလည်း အမေရိကန် ကွန်ဂရက် လွှတ်တော်အမတ်တွေက လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းဆိုးတွေ ဆက်လက် ရှိနေသေးတဲ့ မြန်မာစစ်တပ်နဲ့ ထိတွေ့ ဆက်ဆံဖို့ အလွန်စောနေကြောင်းလည်း ထောက်ပြမှုတွေ ဆက်တိုက် လုပ်နေပါတယ်။ ဒီ့အပြင် မြန်မာ့အရေး လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းတွေကလည်း အစဉ်တစိုက် ဒီကိစ္စအပေါ် သတိပေး နေကြပါတယ်။
စစ်တပ်ချင်း လေ့ကျင့် သင်ကြားပေးမှုတွေနဲ့ ထောက်ပံ့မှုတွေရဲ့ အကျိုးဆက်နဲ့ ပတ်သက်ပြီး တချိန်က သင်ခန်းစာတွေကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက အထူးစိုးရိမ်ကြတာလည်း ထင်ရှားပါတယ်။
အမေရိကန်က မြန်မာနိုင်ငံမှာ ဘိန်းစစ်ဆင်ရေးအတွက် အကူအညီ ပေးခဲ့စဉ်က မူးယစ်တိုက်ဖျက်ရေး အထူးအဖွဲ့ ၆ ဖွဲ့ ဖွဲ့စည်းနိုင်ခဲ့ပြီး လေ့ကျင့်သင်ကြားမှုတွေ၊ အသုံးအဆောင်တွေလည်း ရှိခဲ့ပါတယ်။
ဘိန်းခင်း ဖျက်ဆီးရေးအတွက် ဆေးဖျန်းဖို့သုံးတဲ့ ဖော်ကာလေယာဉ် အပါအဝင် လေယာဉ်ပျံတွေ၊ Bell 205၊ Bell 206 အစရှိတဲ့ ရဟတ်ယာဉ်တွေ၊ ပြည်ထဲရေး ဝန်ကြီးဌာနကို ထောက်ပံ့ခဲ့တဲ့ M 16 မောင်းပြန် ရိုင်ဖယ်တွေနဲ့ တခြားစစ်သုံး အထောက်အပံ့ ပစ္စည်းတွေကို အမေရိကန်က မြန်မာကို ထောက်ပံ့ပေးခဲ့ပါတယ်။
မြန်မာစစ်တပ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ခိုက်တဲ့ စစ်ပွဲတွေမှာ အမေရိကန်က မူးယစ်တိုက်ဖျက်ရေး အတွက် ထောက်ပံ့တဲ့ စစ်လက်နက် ပစ္စည်းတွေကို အသုံးပြုခဲ့ဖူးတဲ့ သာဓကတွေ ရှိနေခဲ့တာဟာ သင်ခန်းစာတွေပါပဲ။
ဒါပေမယ့် အခုတော့ မြန်မာစစ်တပ်ကို ပရော်ဖက်ရှင်နယ် ပီသတဲ့ စစ်တပ် ဖြစ်စေရေးအတွက် အမေရိကန်ဘက်က အဓိက အားပေး ကူညီသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကလည်း အမေရိကန်က မြန်မာ့ပြုပြင် ပြောင်းလဲရေးကို ဆက်ပြီး အားပေးဖို့ မြန်မာ့နိုင်ငံရေးမှာ အဓိက ကျနေဆဲဖြစ်တဲ့ စစ်တပ်ကို နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ စစ်တပ်ဖြစ်ရေး ရည်ရွယ်ပုံရပါတယ်။
နေပြည်တော်မှာရှိတဲ့ အမျိုးသား ကာကွယ်ရေး တက္ကသိုလ်မှာ ဗိုလ်ချုပ် အန်ထော်နီ ခရပ်ချ်ဖီးလ်ဒ် က ဇွန်လ ၂၅ ရက်က မိန့်ခွန်း ပြောကြားခဲ့ပြီး ဒါဟာ အမေရိကန် စစ်ဗိုလ်ချုပ် တဦးရဲ့ မြန်မာကာကွယ်ရေး တက္ကသိုလ်မှာ ပထမဆုံး မိန့်ခွန်းလည်း ဖြစ်ပါတယ်။
မိန့်ခွန်းမှာ အဓိက ပြောသွားခဲ့တာက အမေရိကန် စစ်တပ်ရဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ စည်းကမ်းလိုက်နာမှု၊ ကျင့်ဝတ်နဲ့ လူ့ဂုဏ်သိက္ခာ လေးစားလိုက်နာမှုနဲ့ လူ့အခွင့်အရေးကို လေးစားမှု၊ မတူကွဲ ပြားမှုကို လက်ခံမှု၊ တရားဥပဒေကို လေးစားမှု၊ အရပ်သားအစိုးရ ထိန်းချုပ်မှုကို ထောက်ခံမှု စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
“စည်းမျဉ်းတွေကို လိုက်နာမှုဟာ ခင်ဗျားတို့ တိုင်းပြည် (ကချင်၊ ရှမ်းနဲ့ အခြားနေရာတွေမှာ) ဖြစ်နေတဲ့ ကာလကြာရှည် ပဋိပက္ခတွေကို အဆုံးသတ်ဖို့နဲ့ လူတိုင်းကို အကျိုးရှိစေမယ့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဖြစ်ပေါ်ဖို့ အတွက် မရှိ မဖြစ်ပါဘဲ” လို့ ဗိုလ်ချုပ် အန်ထော်နီ ခရပ်ချ်ဖီးလ်ဒ်က ပြောပါတယ်။
သမ္မတ အိုဘားမား အစိုးရကတော့ မြန်မာစစ်တပ်နဲ့ အမေရိကန် စစ်တပ်တို့ ထိတွေ့ ဆက်ဆံရေး လမ်းကြောင်းတွေကို နည်းမျိုးစုံ စဉ်းစားချည်းကပ်မှု ရုပ်လုံးတွေ ပီပြင်လာနေတာက ဒီအမေရိကန် အဆင့်မြင့် ကိုယ်စားလှယ် ခရီးစဉ်က ထင်ဟပ်စေပါတယ်။
ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာ ဆက်ဆံရေးပညာဌာနက ကထိက ဖြစ်သူ ဒေါက်တာ စိုင်းခိုင်မျိုးထွန်း ကတော့ အမေရိကန်က နှစ်နိုင်ငံ စစ်တပ်ချင်းပူးပေါင်းချင်တဲ့ ဆန္ဒ ရှိတာဟာ အလွန်ကောင်းမွန်တဲ့ အနေအထားတခု ဖြစ်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။
“မပွင့်လင်းခင် ကာလက မြန်မာစစ်တပ်ဆိုတာ ဖွံ့ဖြိုးဆဲ နိုင်ငံအချင်းချင်းရဲ့ စစ်တပ်ချင်းပဲ ဆက်ဆံခဲ့ရတာ၊ အခု အမေရိကန်လို စစ်တပ်နဲ့ ဆက်ဆံမှုရှိမယ်ဆိုတာ အရမ်းကို ကောင်းတယ်လို့ ယူဆတယ်၊ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ စစ်တပ်ဆိုတာ နိုင်ငံရေးအခန်းကဏ္ဍမှာ ဘယ်လို ပါဝင်ရသလဲဆိုတာမျိုး သိခွင့်ရရင်ကို အရမ်းကောင်းတဲ့ကိစ္စပါပဲ” လို့ ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက ဧရာဝတီကို ပြောပါတယ်။
အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံမှာ ရောက်ရှိနေပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးချိန်မှာတော့ သမ္မတ ဦးသိန်းစိန်က ငြိမ်းချမ်းသာယာစွာ ယှဉ်တွဲနေထိုင်ရေးမူ ၅ ရပ်ရဲ့ နှစ် ၆၀ ပြည့် အခမ်းအနားကို တက်ရောက်ဖို့ တရုတ်နိုင်ငံကို သွားရောက်နေပါတယ်။
မြန်မာနဲ့ ဆက်ဆံရေး ပိုအားကောင်းဖို့ အမေရိကန်အနေနဲ့ စစ်တပ်ချင်း ဆက်ဆံရေးကို တိုးမြင့်လုပ်ဆောင် လာတာကို မြန်မာ့ခေါင်းဆောင် တွေကလည်း လက်ခံနားလည် ထားသလို အင်အားကြီး အမေရိကန်နဲ့ တရုတ်နိုင်ငံ အကြား ဟန်ချက်ညီ ထိန်းညှိဆက်ဆံ ရေးကိုလည်း အပျက်အစီး မခံတာကို တွေ့ရပါတယ်။
တရုတ်နိုင်ငံ အနေနဲ့ မြန်မာ-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးမှာ စစ်တပ်ချင်း ဆက်ဆံရေး ကိစ္စတွေ ပါဝင်လာတဲ့ အပေါ် စိတ်မသက်မသာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
အမေရိကန် ပြည်ထောင်စု အနေနဲ့လည်း အာရှဗဟိုပြု မဟာဗျူဟာအရ မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေး အရရော၊ နိုင်ငံရေး ပထဝီဝင် အရပါ အလွန် မဟာဗျူဟာမြောက်တဲ့ နိုင်ငံတခု ဖြစ်ပါတယ်။
တရုတ်အနေနဲ့ မြန်မာနိုင်ငံက ဒေသတွင်း နိုင်ငံတွေကို ပေါင်းကူးတဲ့ နေရာက ရှိနေပြီး မဟာဗျူဟာမြောက် နိုင်ငံတခု အနေနဲ့ သမိုင်းတလျှောက် ရင်းနှီးမြှုပ်နှံမှု အတော်များများ ထားရှိနေတာလည်း ဖြစ်တယ်။
အချုပ်အားဖြင့် ပြောရရင် အမေရိကန်-မြန်မာ စစ်တပ်ချင်း ဆက်ဆံမှု အပေါ် မြန်မာနိုင်ငံတွင်းက တိုင်းရင်းသား လက်နက်ကိုင် အဖွ့ဲတွေရဲ့ စိုးရိမ်မှုတွေ မြင့်လာနိုင်သလို အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ စိုးရိမ်မှုကလည်း ပိုမိုကျယ်ပြန့် လာနိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံရေးမှာ အဓိက အခန်းကဏ္ဍမှာ ပါဝင်နေသူ တချို့ကတော့ အမေရိကန် အပါအဝင် နိုင်ငံတကာ စစ်တပ်တွေ အနေနဲ့ မြန်မာစစ်တပ်ကို ထိတွေ့ဆက်ဆံပြီး ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လူသား ဂုဏ်သိက္ခာ လေးစား တန်ဘိုးထားတဲ့ စစ်တပ် ဖြစ်စေရေးနဲ့ နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာတဲ့ ပရော်ဖက်ရှင်နယ် စစ်တပ် ဖြစ်စေရေး လေ့ကျင့်ပေးဖို့ လိုလားကြောင်း ပြောခဲ့ကြပါတယ်။
မြန်မာအစိုးရ ခေါင်းဆောင်တွေဟာ အရင်ကထက်စာရင် အင်အားကြီး နိုင်ငံတွေ အကြား ထိန်းညှိဆက်ဆံရေး ပိုမို အားကောင်းဖို့ လိုလားနေပါတယ်။ ဒီကိစ္စဟာ အလွန်လည်း အကဲဆတ်တဲ့ ကိစ္စမျိုး ဖြစ်ပါတယ်။
(ဧရာဝတီ အကြီးတန်း သတင်းထောက် မေစစ်ပိုင် ပူးပေါင်းရေးသားသည်။)