အကယ်၍ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပဖြစ်မည်ဆိုလျင် ဦးသိန်းစိန်အစိုးရအတွက် သက်တမ်း ၁၈ လသာကျန်တော့သည်။ ၂၀၁၁ ခုနှစ် သမ္မတဖြစ်ခါစ ပြုပြင်ပြောင်းလဲရေး ဝါဒီတဦးအဖြစ် ပြည်တွင်းပြည်ပက ချီးကျူးခံလာခဲ့ရသော်လည်း ၂၀၁၃ ခုနှစ်မှ စပြီး ပြုပြင်ပြောင်းလဲရေး အရှိန် တဖြည်းဖြည်း ကျဆင်းလာခဲ့ကာ အမျိုးသားရေးဝါဒီအဖြစ် ပြောင်းလဲလာခဲ့သော ဦးသိန်းစိန် အနေဖြင့် တိုင်းပြည်နှင့် နိုင်ငံသားများက အမှန်တကယ် လိုအပ်နေသည့် ပြုပြင်ပြောင်းလဲရေးကို မည်သို့ ဆက်လက် အကောင်အထည် ဖော်မည်မှာ အလွန် စိတ်ဝင်စားဖွယ်ဖြစ်သလို အင်မတန်လည်း အရေးကြီးပါသည်။
သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီး အရေးကြီးသည့် အပြောင်းအလဲများ လုပ်ခဲ့သည်။ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် တွေ့ဆုံစကားပြောခြင်း၊ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်ပေးခြင်း စသည့် နိုင်ငံရေးအပြောင်းအလဲများ လုပ်ခဲ့သလို ငွေကြေးလဲလှယ်မှုနှုန်းကို ဈေးကွက်အခြေခံအဖြစ် ပြောင်းလဲခြင်း၊ ဗဟိုဘဏ်ကို အစိုးရဝန်ကြီးဌာန ထိန်းချုပ်မှုအောက်မှ လွတ်လပ်စေခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပိုင်ဆိုင်ခွင့်ကို အာမခံခြင်း စသည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများဖြင့် တာထွက်ကောင်းခဲ့သည်။
သို့သော် ၂၀၀၈ ဖွဲ့စည်းပုံ ပြောင်းလဲရေးကို မထောက်ခံခြင်း၊ ခြစားမှုနှင့် မျက်နှာကြီးရာ ဟင်းဖတ်ပါသည့်စနစ်ကို မတိုက်ဖျက်ခြင်းတို့ကြောင့် ကတိကဝတ်ပြုခဲ့သော ပြုပြင်ပြောင်းလဲရေး အရှိန်ကျလာခဲ့သလို ခေတ်နှင့်အညီ ပြောင်းလဲပြင်ဆင်ရန် လိုနေသည့် အုပ်ချုပ်ရေး ဗျူရိုကရေစီ ယန္တရားကို မပြုပြင် မပြောင်းလဲနိုင် ဖြစ်နေခြင်းကလည်း အများပြည်သူ မဲဆန္ဒရှင်များအကြား ဦးသိန်းစိန်အစိုးရ မျက်နှာကောင်းမရ ဖြစ်နေခဲ့ရသည်။ ပြုပြင်ပြောင်းလဲမှုများ ရည်မှန်းချက်နှင့် မပြည့်မီခြင်းများ ဖြစ်လာခဲ့ရသလို ၂၀၁၅ အလွန် အသွင်ကူးပြောင်းရေး မည်မျှစစ်မှန်ပြီး တည်ငြိမ်နိုင်မည်နည်း ဟူသော စိုးရိမ်ကြောင့်ကြမှုများလည်း ပေါ်ထွက်လာခဲ့ရသည်။
အုပ်ချုပ်ရေး ဗျူရိုကရေစီ ယန္တရားသည် မည်သူမျှ မျှော်လင့်မထားသော စိန်ခေါ်မှုများဖြင့် ပြည့်နှက်နေပါသည်။ ဥပမာ တဟုန်ထိုး မြင့်တက်လာနေသော ကုန်သွယ်ရေးကို ချောမွေ့အဆင်ပြေစေရေး အကောက်ခွန်၊ ဆိပ်ကမ်းနှင့် ဘဏ်စနစ်များ မဖွံ့ဖြိုးလာခဲ့ပေ။ ပြည်တွင်း ပြည်ပခရီးသွား လုပ်ငန်း အရှိန်အဟုန်ဖြင့် ကြီးထွားလာနေသော်လည်း လဝက၊ လေဆိပ်များ၊ နေရာထိုင်ခင်း ဝန်ဆောင်မှု လုံလောက်မှု မရှိဖြစ်နေသေးသည်။ ကားတင်သွင်းမှု မြင့်တက်လာသော်လည်း လမ်းများ၊ လမ်းစည်းကမ်းနှင့် ယာဉ်ထိန်းရဲများ အဆင်သင့် မဖြစ်သေးချေ။ ဝန်ထမ်း မလုံလောက်ခြင်း၊ ဝန်ထမ်း အရည်အချင်း မြှင့်တင်မှု မရှိခြင်း၊ စက္ကူသုံးစနစ်မှ ကွန်ပြူတာစနစ်သို့ မပြောင်းလဲနိုင်သေးခြင်းတို့သည် စွမ်းဆောင်ရည်ပြည့်ဝသော အုပ်ချုပ်ရေးယန္တရား တည်ဆောက်ရန် အလျင်အမြန် လိုအပ်နေကြောင်း သက်သေပြချက်များ ဖြစ်သည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဦးသိန်းစိန်အစိုးရသည် အမယ်ဘုတ်၏ သူ့ချည်ခင် ကိစ္စများဖြင့်သာ ထွေးလုံးရစ်ပတ်လျက်သာရှိပြီး လူမပြောင်း မူပြောင်းသည့် ကာလအတိုင်းအတာတွင် နဂို ဇာတိရုပ်များ မပြောင်းလဲခြင်း၊ ပြောင်းလဲလျင်လည်း အပေါ်ယံ ဆီဝေ့ရုံသာဖြစ်နေခြင်းများ မြင်တွေ့နေခဲ့ရသည်။ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၏ အောက်ခြေနှင့် မနီးစပ်မှု၊ သူတလူ ငါတမင်းလုပ်ပြီး ပူးပေါင်းဆောင်ရွက်ခြင်း အားနည်းမှု၊ ပြုပြင်ပြောင်းလဲရေးစကား ကရားရေလွှတ်ပြောသလောက် အလုပ်လုပ်ရာတွင် ခရီးမတွင်ခြင်း၊ ပုဂ္ဂိုလ်ရေး နီးစပ်မှုအပေါ် အခွင့်ထူးခံမှုများ ဆက်လက်ကျင့်သုံးနေခြင်း၊ ဒီမိုကရေစီ ပတ်ဝန်းကျင်နှင့် မညီ ညွတ်သော ပြုမူပုံများကြောင့် ဦးသိန်းစိန်၏ အပြောင်းအလဲ ရှေ့ဆက်မသွားနိုင်ဖြစ်နေရသည်။
ထိုသို့ နောက်လည်း မလှည့်၊ ရှေ့လည်း မတိုးတော့သည့် အခြေအနေသည် ၂၀၁၅ ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲလွန် ကာလတွင် ပြုပြင်ပြောင်းလဲမှုများ ဆက်လက် လုပ်ဆောင်မည်လောဟု သံသယဝင်စရာ ဖြစ်လာနေစေသည်။
ဦးသိန်းစိန်အနေဖြင့် နိုင်ငံပြုခေါင်းဆောင်တဦးအဖြစ် သမိုင်းတွင်ချင်သည်ဆိုလျှင် အရှိန်သေနေသော ပြုပြင်ပြောင်းလဲရေးကို အရှိန်မြှင့်တင်သင့်ပြီး နောက်တက်မည့်အစိုးရက ဆက်လက် အကောင်အထည်ဖော်နိုင်စေရန် လမ်းခင်းပေးရမည်။ ထိုသို့ မဟုတ်ဘဲ နောက်အစိုးရ အခက်အခဲဖြစ်အောင် လုပ်ဆောင်မည်ဆိုလျင် နာမည်ဆိုးဖြင့်သာ သမိုင်းတွင်ကျန်ခဲ့မည်ဖြစ်သည်။ ဦးသိန်းစိန်အစိုးရအတွက် အချိန် သိပ်မကျန်တော့ပေ။