ထိုင်းနိုင်ငံရောက် တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများအား တရားဝင် အလုပ်လုပ်ခွင့်ရရေး အတွက် ယာယီ နေထိုင်ခွင့် လက်မှတ်များကို ထိုင်းအာဏာပိုင်များက ယမန်နေ့က စတင် ထုတ်ပေးနေပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာ အပါအဝင် ကမ္ဘောဒီးယား၊ လာအို စသည့် တရားမဝင် အလုပ်သမားများ အတွက် ၂ လ သက်တမ်းရှိ တရားဝင် နေ ထိုင် လုပ်ကိုင်ခွင့် လက်မှတ်များကို ဇွန်လ ၃၀ ရက်မှစတင် လုပ်ဆောင်ပေးနေသည်ဟု အလုပ်သမားများအရေး ဆောင်ရွက် သူများက ပြောဆိုသည်။
ယခုလက်မှတ် ထုတ်ပေးသည့်အစီအစဉ်သည် တရားမဝင်လူကုန်ကူးမှု ပပျောက်ရေးအတွက် ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ် သည်ဟုလည်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။
မြန်မာ အလုပ်သမား အများဆုံးရှိရာ မဟာချိုင်ဒေသတွင် ဇွန် ၃၀ ရက်က စတင် လုပ်ဆောင်ပေးနေကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က ဧရာဝတီကို ပြောသည်။
“တရက်မှာ လူ ၂၀၀၀ လုပ်ပေးမယ်လို့ သိရပါတယ်၊ နေထိုင်ခွင့် သက်တမ်းကတော့ ၂ လ သက်တမ်းပါ၊ အဲဒီက တဆင့် ပတ်စ်ပို့ အကြီး လုပ်ပေးမှာ ဖြစ်ပါတယ်၊ စာအုပ်အကြီးကို တိုက်ရိုက် လုပ်ပေးမယ်ဆိုရင် ကုန်ကျ စရိတ်ကလည်း များတယ်၊ လုပ်တဲ့သူလည်း နည်းနိုင်ပါတယ်”ဟု ၎င်းက ဆိုသည်။
ထိုင်းနိုင်ငံ၌ ရွှေ့ပြောင်း အလုပ်သမား အများဆုံး တည်ရှိရာ ပြည်နယ်၊ ခရိုင် ၂၂ ခု တွင် ဆောင်ရွက် ပေးသွားမည် ဖြစ်ပြီး တရားမဝင် လာရောက်လုပ်ကိုင်သူများ တရားဝင် ဖြစ်လာစေရေးအတွက် ထိုင်းစစ်အာဏာသိမ်း အစိုးရ၏ ယခု လုပ်ဆောင် ချက်သည် ပထမဆုံးခြေလှမ်း ဖြစ်ကြောင်း၊ မဟာချိုင်ရှိ အလုပ်သမား အများစုက လိုလိုလားလား လုပ်ဆောင်နေကြကြောင်း၊ ဇွန် ၃၀ တရက်တည်းပင် ထောင်ချီ၍ လာရောက် လျှောက်ထားကြသည်ဟုလည်း ဦးအောင်ကျော်က ဆက်ပြော သည်။
အသက် ၁၈ နှစ်နှင့် အထက် အလုပ်လုပ်ကိုင်နိုင်သူ အားလုံးကို လက်မှတ်ထုတ်ပေးကြောင်း၊ စုစုပေါင်း ကုန်ကျစရိတ်မှာ ထိုင်းဘတ်ငွေ ၁၃၀၅ ဘတ် ဖြစ်ပြီး တလအထိ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်ဟု သိရသည်။
မဟာချိုင် ဒေသတခုတည်း၌ အထောက်အထား မဲ့နေသည့် မြန်မာ အလုပ်သမားဦးရေ ၆ သောင်း ဝန်းကျင် ရှိသည်ဟု ဦးအောင်ကျော်က ပြောသည်။ အလားတူ အသက် ၁၈ နှစ်အောက် ကလေးများကိုလည်း လက်မှတ် လုပ်ပေးမည် ဖြစ်သည် ဟု ဆိုသည်။
ထိုင်းနိုင်ငံရောက် တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများကို အာဏာသိမ်း စစ်အစိုးရက ပြီးခဲ့သည့် လအတွင်း စစ်ဆင် ရေး တရပ် ဆင်နွဲပြီး ဖမ်းဆီးခဲ့ရာ ကမ္ဘောဒီးယား နိုင်ငံသား သိန်းချီ ပြန်သွားကြပြီးနောက်၊ ဖမ်းဆီးမှု ရပ်တန့်ခဲ့ကာ ယခုကဲ့သို့ ယာယီ လက်မှတ်များ လုပ်ဆောင်ပေးလာခြင်း ဖြစ်သည်။
မြန်မာ အများအပြားရှိသည့် မဲဆောက် အပါအဝင် တာ့ခ်ခရိုင်တွင် လုပ်ဆောင်ပေးမည်ဟု သိရသော်လည်း လျှောက်ထားသူ နည်းပါးနေပြီး ထိုင်း အလုပ်ရှင်များက မိမိတို့ အလုပ်သမားများကို နှိုးဆော် အသိပေးမှု မရှိကြကြောင်း၊ အလားတူ မြန်မာ အလုပ်သမား အများစုကလည်း စိတ်ဝင်စားမှု နည်းပါးကြောင်း မဲဆောက် အခြေစိုက် မြန်မာပြည်သားများ အရေး ပူးတွဲ လှုပ်ရှားမှု ကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ဧရာဝတီကို ပြောသည်။
မဲဆောက်၌ ပျံကျ အလုပ်သမား ဦးရေ များပြားပြီး စက်ရုံအလုပ်ရုံ အလုပ်သမားဦးရေ နည်းပါးကြောင်း၊ ဘတ်ငွေ ၁၃၀၀ ဝန်းကျင်ဟု ဆိုသော်လည်း မတတ်နိုင်သူ များကြောင်း၊ ယင်းအခြေအနေကြောင့် ထိုင်းဘက်က တရားဝင်လက်မှတ် ထုတ် ပေး သည့်တိုင် လုပ်ကိုင်သူ နည်းပါးမည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ဆိုသည်။
တာ့ခ်ခရိုင် အတွင်း၌ အလုပ်သမားဦးရေ ၄ သိန်းဝန်းကျင် ရှိပြီး အများစုမှာ အထောက်အထား မရှိကြကြောင်း၊ သို့သော် ယခု လုပ်ဆောင်ပေးမည့် ယာယီနေထိုင်ခွင့် လက်မှတ်သည် မြန်မာ အလုပ်သမားများ အတွက် ကြီးမားသည့် အကျိုးကျေးဇူး မရနိုင်ကြောင်း ဦးမိုးကြိုးက ဆက်ပြောသည်။
ဦးမိုးကြိုးက“အခု ကိစ္စကို စက်ရုံ အလုပ်သမားတွေတောင် ၃ ပုံ ၁ ပုံလောက်ပဲ သိကြတယ်၊ ဒါပေမယ့် စိတ်မဝင်စားကြဘူး၊ ထိုင်း အလုပ်ရှင်တွေကလည်း တရားဝင်အလုပ်သမား ဖြစ်သွားရင် ဥပဒေအရ တနေ့လုပ်အားခ အနည်းဆုံး ဘတ် ၃၀၀ ပေး ရမယ် ဆိုတော့ တရားဝင် လက်မှတ်တွေ လုပ်ပေးမယ့် ကိစ္စကို မသိချင်ယောင် ဆောင်နေကြတာ များတယ်”ဟုလည်း ဆို သည်။
လက်ရှိ ဆောင်ရွက်ပေးနေသည့် ယာယီနေထိုင်ခွင့် လက်မှတ်များသည် ထိုင်းအာဏာပိုင်တို့၏ အစီအစဉ်ဖြင့် လုပ်ဆောင် ခြင်း သာ ဖြစ်ပြီး ရေရှည် နေထိုင်နိုင်ရန် ပတ်စပို့ စာအုပ် အကြီး လုပ်ဆောင်ပေးမည့် အစီအစဉ်များကို ပုံမှန်အတိုင်း ဆောင် ရွက် ပေးသွားမည်ဟု ဘန်ကောက်ရှိ မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိ ဦးသိန်းနိုင်ကလည်း ဧရာဝတီကို ပြောသည်။
မြန်မာ အလုပ်သမားများ ရှိသည့် ဘန်ကောက်၊ မဲဆောက်၊ ချင်းရိုင်၊ ချင်းမိုင် စသည့် နေရာများတွင် လုပ်ဆောင် ပေးမည်ဟု ဆိုသော်လည်း တရားဝင် လုပ်ဆောင်မှု မရှိသေးကြောင်း၊ အလုပ်သမားအရေး ဆောင်ရွက်သူများအနေဖြင့် ယာယီလက်မှတ် လုပ်ဆောင်ပေးနေသည်ဟု အလုပ်သမားများအား နှိုးဆော် အသိပေးရန် ခက်ခဲနေကြောင်းလည်း ပြောဆိုသည်။
ယခုအခါ စစ်ဆင်ရေးအရ ဖမ်းဆီးမှု လုပ်ငန်းများ အရှိန်လျော့သွားပြီ ဖြစ်ကြောင်း၊ သို့သော် ဒေသဆိုင်ရာ ရဲတပ်ဖွ့ဲများ ၏ ဖမ်းဆီးမှုများ ရှိနေသေးကြောင်း သိရသည်။
ထိုင်းနိုင်ငံ၌ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ဦးရေ စုစုပေါင်း ၃ သန်းကျော် ရှိပြီး အများစုမှာ တရားဝင် နေထိုင်ခွင့် အထောက်အထား မရှိသူများဖြစ်သည်ဟု အလုပ်သမားအရေး ကူညီပေးနေသူများက ပြောသည်။