ရန်ကုန်မြို့ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်မှာ ရှိတဲ့ မဟာသန္တိသုခ ကျောင်းတော်ကြီးကို အာဏာပိုင်တွေ ဘက်က အတင်း အကျပ် ဝင်ရောက် စီးနင်းပြီး သံဃာတော် ၅ ပါးကို လူဝတ်လဲဖမ်းဆီး တရားရုံးတင်ခဲ့မှုတွေကြောင့် ကျဆင်းသွားတဲ့ အစိုးရ သိက္ခာ ကို သမ္မတ ဦးသိန်းစိန်က သာသနာရေး ဝန်ကြီး ဦးဆန်းဆင့်ကို ဖမ်းဆီးဖြုတ်ချရုံနဲ့ ပြန်လည် အဖတ်ဆယ်ဖို့ ကြိုးစားလာပါတယ်။
ဒါပေမယ့် မဟာသန္တိသုခ အရေးမှာ ပါဝင်ပတ်သက်နေတဲ့ ထိပ်ပိုင်း တာဝန်ရှိသူတွေကို အရေးမယူနိုင်သေးတာ၊ တရားစီရင်ရေး အရ သန္တိသုခကျောင်း ပိုင်ဆိုင်မှုကို မျှတစွာ ဆုံးဖြတ်ဖြေရှင်း မပေးနိုင်သေးတာ၊ တရားရုံးတင်ထားတဲ့ သံဃာ ၅ ပါးကို ခြွင်းချက် မရှိ ပြန်လည် လွှတ်မပေးနိုင်သေးတာတွေကြောင့် မဟာသန္တိသုခ အရေး ပြေလည်မယ့် အရိပ်အရောင် မတွေ့ရသေးပါဘူး။
နိုင်ငံတော် သံဃမဟာနာယက အဖွဲ့နဲ့ ပီနန်ဆရာတော်တို့ အကြား မဟာသနိ္တသုခ ကျောင်းတော်ကြီး ပိုင်ဆိုင်မှု အငြင်းပွား နေရာ ကနေ ဇွန်လ ၁၀ ရက်နေ့ သန်းခေါင်ယံ အချိန်မှာ ကျောင်းတိုက်ကို စကားပြောစက်ကိုင်ထားတဲ့ သံဃာတွေ၊ ရဲတွေနဲ့ သာသနာ ရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေ ရုတ်တရက် ဝင်စီးခဲ့ပြီး ဒီ စီးနင်းမှုကို ကြိုတင်ကြံစည် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
သန္တိသုခ ကျောင်းတော်ကြီးကို ဝင်ရောက် စီးနင်းပြီး သံဃာ ၅ ပါးကို လူဝတ်လဲ ဖမ်းဆီးတရားရုံးတင်မှုမှာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နဲ့ ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့၊ သာသနာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတွေ၊ နိုင်ငံ တော် သမ္မတရုံး အကြံပေး ဦးအံ့မောင်တို့ ပါဝင်ပတ်သက်နေပြီး ကျောင်းတိုက်ကြီးကို ဝင်ရောက်မစီးနင်းခင် ဇွန်လ ၁၀ ရက်နေ့မှာ ကြိုတင် အစည်းအဝေးတရပ် ပြုလုပ်ခဲ့ပါတယ်။
ဒီ အစည်းအဝေးကို တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ နယ်စပ်ရေးရာ လုံခြုံရေး ရန်ကုန်တိုင်း ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းနဲ့ ဆရာတော်ကြီးများ၊ ဦးအံ့မောင်တို့ တက်ရောက်ခဲ့ပြီး ဇွန်လ ၁၁ ရက် မတိုင်မီ ကျောင်းတော်ကြီးကို ချိတ်ပိတ်ဖို့၊ အများပြည်သူ သိရှိနိုင်အောင် သတင်းစာရှင်းလင်းပွဲ ကျင်းပဖို့ ဆုံးဖြတ်ချက်ချခဲ့ကြောင်း ပေါက်ကြားလာခဲ့တဲ့ အစည်းအဝေး မှတ်တမ်းတွေက ဖော်ပြခဲ့ပါတယ်။
ဇွန်လ ၁၀ ရက်နေ့ သန်းခေါင်ယံမှာ မဟာသန္တိသုခကျောင်းကို ရဲတပ်ဖွဲ့ဝင် အင်အားတွေ တင်းတင်းကျပ်ကျပ်ချလို့ သတင်းထောက် တွေ၊ အများပြည်သူတွေကို ကျောင်းတိုက် အနားကို အကပ်မခံဘဲ သံဃာ ၇ ပါးနဲ့ ကျောင်းတိုက်က ပစ္စည်းတွေကို ကားကြီးတွေနဲ့ ရွှေ့ပြောင်းခဲ့ပါတယ်။
နောက်တနေ့မှာတော့ နိုင်ငံရေး အသိုင်းအဝိုင်း၊ သံဃာထု၊ ပြည်သူလူထု ကြားမှာ သနိ္တသုခ ကျောင်းတိုက်ကို ညအချိန် ဝင်ရောက် စီးနင်းတာနဲ့ပတ်သက်လို့ မကျေမနပ်သံတွေ၊ ဒေါသသံတွေ တော်တော် ကျယ်ကျယ်လောင်လောင်ကို ပေါ်ထွက်လာပါ တော့ တယ်။
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအတွက် မျိုးစောင့်ဥပဒေတွေ ပြဋ္ဌာန်းမယ်လို့ ကြွေးကြော်စီစဉ်ခဲ့လို့ သံဃာထုနဲ့ အမျိုးသားရေး ဝါဒီတွေရဲ့ ထောက်ခံမှုရနေတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ပုံရိပ်က မဟာသနိ္တသုခ အရေး အပြီးမှာတော့ သံဃာတော်တွေကို လူဝတ်လဲ ဖမ်းဆီးထောင်ချခဲ့တဲ့ စစ်အာဏာရှင် စရိုက် မပျောက်သေးသူရယ်လို့ ကင်ပွန်းတပ်လာကြတဲ့ အပြင် သမ္မတ ဦးသိန်းစိန် အစိုးရက သံဃာကို ဖမ်းဆီးထောင်ချ၊ ကျောင်းတိုက်ကို ညအချိန် ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်အာဏာရှင် အစိုးရရယ်လို့ သတ်မှတ်မှုတွေကိုလည်း ခံလာရပါတယ်။
၂၀ဝ၇ ရွှေဝါရောင် တော်လှန်ရေးကာလ သွေးထွက် သံယိုမှုတွေကိုလည်း သံဃာနဲ့ လူထုက ပြန်အမှတ်ရစရာ ဖြစ်သွားတယ်။ ဦးမြင့်ဆွေနဲ့ ဦးအံ့မောင်တို့ဟာ ၂၀ဝ၇ တုန်းကလည်း သံဃာတွေကို နှိပ်ကွပ်ရာမှာ ဦးဆောင်ခဲ့သူတွေပါ။
ဇွန်လ ၁၉ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်က သာသနာရေး ဝန်ကြီး ဦးဆန်းဆင့်ကို ငွေကျပ်သိန်းတရာ အလွဲသုံးစားမှုနဲ့ အမှုဖွင့်ပြီး ဖမ်းဆီးလိုက်ပြီ ဆိုတဲ့ သတင်း ထွက်ပေါ်လာပြီး ဇွန်လ ၂၀ ရက်နေ့မှာတော့ ဦးဆန်းဆင့်ကို တာဝန်က ရပ်စဲကြောင်း တရားဝင် အမိန့် ထုတ်ပြန်ခဲ့ပါတယ်။ ဦးဆန်းဆင့်ကို ရမည်းသင်းထောင် ပို့ခဲ့တဲ့အပြင် မိသားစုကိုလည်း အကျယ်ချုပ် ထိန်းသိမ်းခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ကျဆင်းသွားတဲ့ ဂုဏ်သိက္ခာနဲ့ ပုံရိပ်ကို ချက်ချင်းဆိုသလို ဦးဆန်းဆင့်ကို ဖြုတ်ချဖမ်းဆီးဖို့ ပြန်လည် အဖတ်ဆယ်ဖို့ ကြိုးစားခဲ့ပေမယ့် မဟာသန္တိသုခ အရေးမှာ တာဝန်အရှိဆုံးသူက ဦးဆန်းဆင့် တဦးတည်း မဟုတ်ပါဘူး။ မဟာသန္တိသုခ ကျောင်းတိုက် စီးနင်းမှုမှာ ဝိုင်းရံပေးခဲ့ကြတဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့နဲ့ ပြည်ထဲရေး ဝန်ကြီးဌာန ထိပ်ပိုင်း ခေါင်းဆောင်တွေကို ဘာမှ အရေးမယူသေးပါဘူး။
သမ္မတ ဦးသိန်းစိန်အနေနဲ့ ဦးဆန်းဆင့်ကိုပဲ အဓိက အရေးယူခဲ့တဲ့ အကြောင်းအရင်းကတော့ သမ္မတ အမိန့် မနာခံလို့ ဆိုပေမယ့် အစိုးရအဖွဲ့နဲ့ အစေးမကပ် ဖြစ်နေခဲ့ရာက မဟာသန္တိသုခအရေးမှာ ဖြုတ်ထုတ်ခဲ့ဖို့ အခွင့်ရသွားခြင်း ပါ။
အမျိုးသားလွှတ်တော် အမတ် ဦးလှဆွေက “ဒီမှာက ဝါးတီးဖွင့်ချင်ရင်ဖွင့် သမ္မတကိုတော့ သွားခံမပြောနဲ့ ။ သူ (ဦးဆန်းဆင့်) ကတော့ ဘာမှမစားဘဲနဲ့ ထော်လော်ကန့်လန့် တိုက်လို့ ပြုတ်သွားတာ။ သူက အစိုးရအဖွဲ့ထဲမှာ စုန်းပြူးတယောက်လို ဖြစ်နေဟန် တူတယ်။ အခုဟာက ပြုတ်လို့ မနူးရင် ကောက်ပြီး လွှင့်ပစ်ရမှာပဲ။ သမ္မတနောက်ကို ကတ္တီပါသားနဲ့ လိုက်ရမှာ ထယ်ထိုးပြီး လိုက် ဟန်တူတယ်။ အဲဒါကြောင့် သမ္မတက ထားခဲ့တာ”လို့ ကောက်ချက် ချပါတယ်။
အမှန်တကယ်လည်း ဦးဆန်းဆင့်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ အပါအဝင် မြို့နယ်အဆင့်က စပြီး အထက် အဆင့်ဆင့်ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အဖွဲ့အစည်းတွေရဲ့ မသမာမှုတွေ ရှိကြောင်း၊ အစိုးရ တာဝန်ရှိသူတွေရဲ့ အကျင့်ပျက်ခြစားတဲ့ ကိစ္စတွေ အတွက် အထောက်အထားတွေ ရှိကြောင်း ဦးဆန်းဆင့်က သတင်းမီဒီယာတွေက တဆင့် ပြောဆို ခဲ့ပါတယ်။
အစိုးရဘက်ကတော့ ဦးဆန်းဆင့်ကို အရေးယူရတာက အစိုးရခြစားမှုတွေ၊ မသမာမှုတွေကို ထုတ်ဖော်မှာကြောက်လို့ မဟုတ်ဘဲ သမ္မတရဲ့ အမိန့်ကို မနာခံမှု၊ အစိုးရကို ထိခိုက်အောင် လုပ်လာလို့ ဖြစ်တယ်လို့ ဆိုပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုဝန်ကြီးဦးရဲထွဋ်က“ဦးဆန်းဆင့်ကို မဟာသန္တိသုခ ကျောင်းကိစ္စ အတွက် ထိုး ကျွေးတာ မဟုတ်ပါဘူး။ ဦးဆန်းဆင့်က သူရဲ့ အတ္တမာနများ အတွက် သာသနာရေး ဝန်ကြီးရဲ့ လုပ်ငန်းတာဝန်တွေကို အလွဲသုံး စား လုပ်လာတဲ့အတွက်၊ သံဃာအဖွဲ့အစည်းတွေနဲ့ အစိုးရကိုပါ ထိုးကျွေးဖို့ လုပ်လာတဲ့အတွက် အရေးယူရတာ ဖြစ်ပါတယ်။ အဲဒီ လုပ်ဆောင်ချက်များကို ဆက်မလုပ်ဖို့ သမ္မတကြီးက အကြိမ်ကြိမ် သတိပေးခဲ့ပြီး ဖြစ်ပါတယ်။ မဟာသနိ္တသုခ ဖြစ်စဉ်ကတော့ မဖြစ် မနေ အရေးယူဖို့ ဖြစ်လာရတဲ့ နောက်ဆုံး ဖြစ်စဉ် ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
မဟာသနိ္တသုခ ကျောင်းတိုက် စီးနင်းမှုမှာ ပြည်သူတွေနဲ့ သံဃာတွေ အထူးစိတ်ဝင်စားတာက နိုင်ငံတော် သမ္မတရုံး အကြံပေး ဦးအံ့မောင်ပါပဲ။ ဇွန်လ ၁၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို မာမာတင်းတင်းနဲ့ ဆက်ဆံပြီး အော်ငေါက်ခဲ့တဲ့ ဦးအံ့မောင်က အဓိကတာဝန်ယူ ရှင်းလင်းခဲ့သူလည်း ဖြစ်တယ်။
သူက နိုင်ငံတော် သမ္မတအကြံပေး ဖြစ်တယ်လို့ ဆိုခဲ့ပြီး “မတရားဘူး ထင်ရင် ကြိုက်တဲ့နေရာ သွား” ဆိုတဲ့ ခက်ထန် မာကျောတဲ့ စကား အသုံးအနှုန်းတွေ ပြောဆို စိန်ခေါ်ခဲ့ပါတယ်။ အဲဒီလို ပြောဆိုခဲ့ပေမယ့် နိုင်ငံတော် သမ္မတရုံး ဘက်က ဦးအံ့မောင်က သမ္မတ အကြံပေး မဟုတ်တဲ့ အကြောင်း တုံ့ပြန်ပြောဆိုတာက လွဲရင် တိကျခိုင်မာတဲ့ အရေးယူမှုမျိုး မပြုလုပ်ပါဘူး။
သံဃာတော်တွေဘက် ကတော့ ဦးအံ့မောင်ကို “သာသနာဖျက်” လို့ ခါးခါးသည်းသည်း သတ်မှတ်ကြောင်း ထုတ်ပြန်ချက်တွေ ထုတ်ပြန်ကြပြီး အရေးယူပေးဖို့ တောင်းဆိုကြ ပါတယ်။
ဦးအံ့မောင် ဟာ ၁၉၆၉ ခုနှစ်ကတည်းက သာသနာရေး ဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သာသနာရေးဆိုင်ရာ အကြံပေးသူလည်း ဖြစ်ပါတယ်။
မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက“ဦးအံ့မောင်က အဓိက ရေသောက် မြစ်ပါပဲ။ မဟနက ဦးအံ့မောင်ရဲ့ နောက်ကွယ်က တိုက်တွန်းမှုတွေ၊ နိုးဆော်မှုတွေကြောင့် လုပ်တယ်လို့မြင်တယ်။ မဟနရဲ့ သဘောထား တင်းမာတာတွေ ရှိလာတာ တွေ့ရ တယ်။ အဲဒီအပိုင်းတွေက အများကြီး။ ဦးအံ့မောင်ရဲ့ ကစားမှုတွေလည်း ပါတယ်။ မဟန ကိုယ်တိုင်ကလည်း ဒီကျောင်းကြီးကို လိုချင်တပ်မက်မှု ရှိတာလည်းပါတယ်။ ကြားထဲကနေ သံဃာနဲ့ သံဃနာယကကို တမျိုး၊ သံဃနာယကနဲ့ အစိုးရကို တမျိုး၊ သွေးကွဲ အောင်တွေ ယုံမှားသံသယတွေ ဖြစ်အောင် လုပ်ပြီး ဒီကျောင်းကြီးကို ဝင်စီးကြတယ်။ ရန်ကုန်တိုင်း သံဃနာယက ဥက္ကဋ္ဌတို့လည်း ပါတယ်”လို့ ဆိုပါတယ်။
မဟာသနိ္တသုခ အရေးကို အမျိုးဘာသာ သာသနာ စောင့်ရှောက်အဖွဲ့ (မဘသ) က တစုံတရာ ထုတ်ပြန်ခြင်း မပြုဘဲ တိတ်ဆိတ်စွာ နေဖို့ ဆုံးဖြတ်မှုကြောင့်လည်း သံဃာတွေကြားမှာ မကျေနပ်မှု၊ အမြင် ကွဲပြားမှုတွေ ရှိလာတဲ့အပြင် နာမည်ကျော် ဆရာတော်တွေ ကိုယ်တိုင် မိမိတို့ရဲ့သဘောထားတွေကို ထုတ်ဖော် ပြောဆိုလာကြပါတယ်။ သီတဂူ၊ ရွှေညဝါ၊ ရွှေပါရမီ တောရ ဆရာတော်တွေက သန္တိသုခ ကျောင်းတိုက် သိမ်းပိုက်မှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြတယ်။
မဟာဂန္ဓာရုံ ကျောင်းတိုက်က ဘဝအလင်းရောင် ဆရာတော် ဦးသောဘိတ ကလည်း ဒီမိုကရေစီ လမ်းကြောင်း ထိခိုက်မှာ စိုးလို့ သန္တိသုခအရေး သည်းခံနေခြင်း ဖြစ်ကြောင်း ဇွန်လ ၂၅ ရက်နေ့ထုတ် မြန်မာပို့စ် သတင်းဂျာနယ်ကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
သနိ္တသုခကျောင်းတိုက် စီးနင်းမှု၊ သံဃာ ၅ ပါးကို လူဝတ်လဲ ဖမ်းဆီး တရားရုံးတင်မှုက ၂၀ဝ၇ ရွှေဝါရောင် တော်လှန်ရေး ကာလ က ရက်စက်မှုတွေကို သံဃာထု တွေကြားထဲမှာတော့ ပြန်လည် အမှတ်ရစေပြီး ပြည်သူတွေကြားမှာလည်း စစ်အာဏာရှင်စနစ် မပျောက်ကွယ်သေးဘူး ဆိုတာ တပ်လှန့်လိုက်သလို ဖြစ်စေခဲ့ပါတယ်။
အမျိုးသားရေး ဝါဒီတဦး အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ အလွန် သမ္မတ ဆက်လုပ်ချင်ပုံရှိတဲ့ သမ္မတ ဦးသိန်းစိန်အနေနဲ့ လက်ရှိ အခြေအနေမှာ ဦးဆန်းဆင့်ကို ဖမ်းဆီးရုံ၊ ဖြုတ်ချရုံနဲ့တော့ မဟာသနိ္တသုခအရေး ပြီးဆုံးမယ့် အရိပ်အရောင် မမြင်သေးပါဘူး။
လတ် တလောမှာ သနိ္တသုခ ကျောင်းတိုက် ဝင်ရောက်စီးနင်းမှုကို အစိုးရက ဝန်ချတောင်းပန်ပြီး တရားရုံးတင် စစ်ဆေးနေတဲ့ သံဃာ တော်တွေကို ချက်ချင်းခြွင်းချက် မရှိ အမှုက လွတ်မြောက်စေရေး အစိုးရက လုပ်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။
ဒါ့အပြင် အာဏာရှင်ဆန်တဲ့ အဖွဲ့အစည်းတွေ၊ ကျောင်းတိုက်စီးနင်းမှုမှာ ပါဝင်တဲ့ အာဏာပိုင်တွေကို အပြောမဟုတ်တဲ့ လက်တွေ့ကျတဲ့ အရေးယူမှုတွေ၊ နိုင်ငံရေး ရည်ရွယ်ချက်ရှိတဲ့ ဘာသာရေး၊ သာသနာရေး ပံ့ပိုးမှုတွေကို ရပ်တန့်ဖို့နဲ့ နိုင်ငံရေးနဲ့ ဘာသာရေး မရောထွေးစေဖို့ အရေးယူဆောင်ရွက်မှသာ သနိ္တသုခကျောင်းတိုက် စီးနင်းမှုလိုမျိုး မတရားတဲ့ ဖြစ်စဉ်မျိုးတွေ ရပ်တန့်ပြီး ဒီမိုကရေစီ အရေး ဆက်လက် ခရီး ဆက်နိုင်ပါလိမ့်မယ်။ ။