မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်၊ ချမ်းအေးသာဇံ အရှေ့ရပ်ကွက်၊ ၂၇ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ ဆန်းကဖေးတွင် ဇူလိုင်လ ၁ ရက်နေ့ ညပိုင်းက ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင်သော ပဋိပက္ခဖြစ်ပွားခဲ့ပြီး ရဲတဦး အပါအဝင် လူ ၆ ဦး ဒဏ်ရာရရှိခဲ့ကာ မော်တော်ယဉ် ၁၀ စီးနှင့် ဆိုင်ခန်းများ ဖျက်ဆီးခံခဲ့ရကြောင်း သတင်း ရရှိသည်။
ဇူလိုင်လ ၁ ရက်နေ့ ည ၇ နာရီခန့်တွင် ကိုနေဝင်းနှင့် ကိုဆန်းမောင်တို့ ပိုင်ဆိုင်သော နေ ကဖေးနှင့် ဆန်းကဖေး ဆိုင် ၂ ဆိုင် ကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ရဲတပ်ဖွဲ့ ပိတ်သိမ်းခိုင်းရာမှ လူမျိုးရေး ဘာသာရေး အသွင် ဆောင် သည့် ပဋိပက္ခ တခု ပေါ်ပေါက်လာရခြင်း ဖြစ်ကြောင်း၊ ဆိုင်ပိုင်ရှင် ၂ ဦးသည် ဆိုင်ဝန်ထမ်း အမျိုးသမီးငယ်တဦးကို မုဒိမ်း ကျင့်သည်ဆိုသော စွပ်စွဲ ချက်ဖြင့် နေပြည်တော် ပျဉ်းမနားမြို့နယ် ရဲစခန်းတွင် ပ၂၉၃/၂၀၁၄ ပြစ်မှု ပုဒ်မ ၃၇၆ မုဒိမ်းမှု ဖြင့် အမှုဖွင့်ခံ ထားရသူများ ဖြစ်ကြောင်း သိရှိရသည်။
ရဲတပ်ဖွဲ့ဝင်များက ဆိုင်များကို ပိတ်သိမ်း ရခြင်းမှာ ၂၇လမ်းနှင့် ၈၂ လမ်းထောင့်ရှိ နေကဖေးနှင့် ဆန်းကဖေးဆိုင်သို့ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူနှင့် သံဃာတော်များ လာရောက်မည်ဟု သတင်းရသဖြင့် လုံခြုံရေး အရ ကြိုတင် ကာကွယ်ရန် လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း၊ သို့ရာတွင် အဆို ည ၇ နာရီခွဲ အချိန်တွင် ယင်းဆိုင်သို့ လာရောက် စားသောက် လေ့ ရှိသူများနှင့် ဗလီတွင် ဥပုသ်ဝင်ရောက်ပြီး ဥပုသ်ဖြေသူ အစ္စလမ်ဘာသာဝင် တချို့ ရောက်ရှိ လာပြီး ဆိုင်ပြန်ဖွင့် ပေးရန် တောင်းဆိုရာမှ လူအုပ်စု ၁၀၀ ခန့်အထိ ဖြစ်လာကြောင်း၊ အစ္စလမ်ဘာသာဝင် လူကြီးများက ပြဿနာ မဖြစ်ပွားစေရန် ဝင်ရောက် ညှိနှိုင်းခေါ်ဆောင်မှုကြောင့် ည ၈ နာရီခွဲခန့်တွင် လူစုကွဲ သွားခဲ့ ကြောင်း မန္တလေးမြို့နယ် ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
မွတ်စလင် ညီအစ်ကို ၂ ဦးက မိန်းကလေးတဦးကို မုဒိမ်းကျင့်သည်ဆိုသော အင်တာနက်တွင် ပျံ့နှံ့နေခြင်းကြောင့် ထိုညီအစ်ကို ၂ ဦးပိုင်ဆိုင်သော နေကဖေးနှင့် ဆန်းကဖေးကို ဝင်ရောက် ဖျက်ဆီးမည်ဟု သတင်းများ ထွက်ပေါ် လာခဲ့ သောကြောင့် ရဲတပ်ဖွဲ့ဝင်များက ဆိုင်၂ ဆိုင်ကို ပိတ်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း၊ မူလက လူစုကွဲသွားခဲ့ပြီ ဖြစ်သော် လည်း ည ၁၀ နာရီ ကျော်ခန့် တွင် လူ ၃၀၀ ကျော် ပါဝင်သော လူအုပ်စုကြီးတစု ရောက်ရှိလာပြီး ပဋိပက္ခများ စတင် ဖြစ်ပွား လာကြောင်း သိရှိရသည်။
“ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပိတ်ခိုင်းတာလို့ ရဲကပြောတယ်။ အဲဒီဆိုင်ကို ပိတ်ခိုင်းရာကနေ လူစုလူဝေး ဖြစ်လာ တယ်။ ဘယ်သူက ပိတ်ခိုင်းတာလဲ ၊ဘယ်သူတာဝန်ယူမှာလဲ ဆိုပြီး ပြဿနာတက်ကြတယ်။ ဒါပေမယ့် ၉ နာရီ ဝန်းကျင်လောက်မှာ ငြိမ်သွားပြီးတော့ ည ၁၀ နာရီကျော်လောက်မှာ ၂၆ လမ်းအောက်ကနေပြီးတော့ လူ ၃၀၀ လောက် တက်လာတယ်။ သံဃာတွေလည်းပါတယ်”ဟု မန္တလေးမြို့ခံ ဦးမင်းမင်းက ဧရာဝတီ သို့ ပြောသည်။
ည ၁၁ နာရီခန့်မှစ၍ အစ္စလမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင် လူအုပ်စု ၂ ခုတို့အကြား တဖက်နှင့် တဖက် အုတ်ခဲကျိုးများ ၊ ပုလင်းခွဲများဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်း၊ နောက်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များက ကြားမှ ဝင်ရောက်လာသဖြင့် အနည်းငယ်ပြန်ငြိမ်သွားခဲ့ကြောင်း၊ ည ၁ နာရီခန့်တွင် ၂၆ လမ်းပေါ်တွင် လူအုပ်စုအင်အားများပြားလာ၍ ရဲတပ်ဖွဲ့က လူစုကွဲသွားစေရန် ရော်ဘာကျည် ၃ ချက် ပစ်ဖောက်လူစုခွဲခဲ့ရကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
“ ဟိုနားမှာ အော်သွားလိုက် ဒီနားမှာ အော်သွားလိုက်နဲ့ ဆိုင်တွေကို ခဲတွေနဲ့ ထုသွားတယ်။ ကားတစီး မီးရှို့ခံရ တယ်။ ၁၀စီးကတော့ ကားမှန်တွေ ကွဲသွားတယ်။ ဖျက်စီးခံရတဲ့ ဆိုင်တွေကတော့ မွတ်စလင်ဆိုင်တွေ များတယ်။ မင်းမင်းဦးလို့ ခေါ်တဲ့ မွတ်စလင်တဆိုင်လည်း ခဲနဲ့ အထုခံရတယ်။ မနက် ၃ နာရီ လောက်အထိ ဖြစ်နေတုန်းပဲ ” ဟု မန္တလေးမြို့ခံ ဦးထွန်းထွန်းဦးက ပြောသည်။
ည ၂ နာရီအချိန်တွင် ၈၃ လမ်းနှင့် ၈၄ လမ်းကြားတွင် သံဃာအပါး ၄၀နှင့် လူ တချို့က တုတ် ၊ ဓါး လက်နက်များ ကိုင်ဆောင်နေ၍ ရဲတပ်ဖွဲ့က ဝင်ရောက် ထိန်းသိမ်းရာ လူစုကွဲသွားကြောင်း ၊ ည ၃ နာရီခန့်တွင် ဟိုင်းလတ်ယဉ် တစီး မီးရှို့ခံခဲ့ရကြောင်း သိရှိရသည်။
မန္တလေးမြို့နယ် ရဲတပ်ဖွဲ့ ဦးစီး (၁) ဒုတိယ ရဲမှူးကြီး ဇော်မင်းဦးက ယခုဖြစ်စဉ်တွင် နောက်ကွယ်က ကြိုးကိုင်သူ ရှိသည်ဟု မန္တလေး အခြေစိုက် မီဒီယာများကို ပြောဆိုခဲ့သော်လည်း မည်သူကြိုးကိုင်နေသည်ကို အတိအကျ ဖော်ထုတ်နိုင်ခြင်း မရှိသည့်အပြင် ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး တစုံတရာ အရေးယူဆောင်ရွက်နိုင်ခြင်းမရှိသေးဟု သိရှိရသည်။
“ ကျနော်တို့ ဖြစ်စေချင်တာက လမ်းပေါ်မှာ အကြမ်းဖက်တဲ့သူ ဘယ်သူကို မဆို ဘာသာကို မကြည့်ဘဲနဲ့ အကုန် လုံးကို ရဲတပ်ဖွဲ့က ဖမ်းစေချင်တယ်။ အခုက သူတို့ပုံစံက ပြဿနာကို ပိုကြီးထွားမလာအောင် လျော့ချ တဲ့ဆိုတဲ့ သဘောနဲ့ ရဲတပ်ဖွဲ့က ရပ်ကြည့်နေတယ်။ အဲဒါကို ထိန်းထိန်းသိမ်းသိမ်း လုပ်တယ်လို့ အကြောင်း ပြတယ်”ဟု မန္တလေးမြို့ခံ အစ္စလမ် ဘာသာဝင်တဦးက ပြောသည်။
မန္တလေးမြို့မှ ဂဠုန်နီဆရာတော် ဦးကာဝိယက ဘာသာရေး ပြဿနာမှာ အလွန်ထိလွယ် ခိုက်လွယ်သောကြောင့် ဥပဒေနှင့် အညီ နေထိုင်ကြရန်နှင့် လူစုခွဲရန် မေတ္တာရပ်ခံခဲ့သော်လည်း ဒေါသထွက်နေသည့် လူအုပ်စုသည် မိမိ၏ စကား ကို နား မထောင် ကြောင်း ၊ ည ၂ နာရီခန့်တွင် မန္တလေးမြို့ပေါ်ရှိ ဗလီတခုပေါ်မှာ အာရဗီဘာသာဖြင့် ၃ မိနစ် ခန့် တစုံတခုကို အော်ဟစ် လိုက်ရာ မွတ်စလင်များဘက်က ရဲတပ်ဖွဲ့ကို ပြန်လည်တိုက်ခိုက်သဖြင့် ရဲတပ်ဖွဲ့ဝင် တချို့နောက်ဆုတ် ပေးခဲ့ရ သည်ဟု မိန့်ကြား သည်။
“ဘုန်းကြီးလည်း ကံကောင်းလို့ မသေတာ။ ဘာလက်နက်မှ မပါဘဲနဲ့ လိုက်ပြောနေရတာ။ ဒါပေမယ့် ရဲတွေက မြန်မြန်ဆန်ဆန် လူစုခွဲဖို့ ကောင်းတယ်။ အခုသူတို့က ဒီဖက်ကို တက်မလာနဲ့ဆိုပြီးအော်နေတော့ ဟိုဘက်မှာ လုပ်ချင်ရင်လုပ်ဆိုပြီး ခွင့့်ပြုထား သလို ဖြစ်နေတယ်။ တကယ်ဆို ဖြစ်ဖြစ်ချင်း မျက်ရည်ယိုဗုံးတွေဘာတွေ ခွဲလိုက် ရမှာ”ဟု ဦးကာဝိယက မိန့်သည်။
မန္တလေး မြို့ခံများ၏ အဆိုအရ ရဲတပ်ဖွဲ့က ပစ်ခတ်သော သေနတ်သံ ၆ ချက် အနည်းဆုံးကြားခဲ့ရပြီး သေနတ်ကျည်ဆန်မှန်၍ ဒဏ်ရာရရှိသူ ၂ ဦးရှိသည်ဟု သိရှိရသည်။
“ ဒီမနက် ဗလီသွားတက်တဲ့ မွတ်စလင်တယောက် လမ်းမှာ ချောင်းအရိုက်ခံရတယ်။ ည ၁၂ နာရီလောက်မှာ ရဲက လူစုခွဲဖို့ ပစ်တာ လူ ၂ ယောက် ထိသွားတယ်။ တယောက်က နားရွက်ကို ဖောက်သွားတယ်။ တယောက်က ခေါင်းကို ရှပ်မှန်တယ်။ မန္တလေးတိုင်း ရဲတပ်ဖွဲ့ကတော့ မိုးပေါ်ထောင်ပစ်တယ်လို့ ရှင်းတယ်” ဟု ဦးမင်းမင်းက ပြောသည်။
ဇူလိုင်လ ၂ ရက်နေ့ တွင် မန္တလေးမြို့ ၂၆ လမ်းတလျှောက်မှ လမ်း ၈၀ ၊ ၈၁ လမ်းထိပ်အထိ လုံခြုံရေး တင်းကြပ်ထားကြောင်း ၊ ၂၆လမ်းနှင့် ၈၂ လမ်းထောင့် အပါအဝင် ဇူလိုင်လ ၁ ရက်နေ့ ညပိုင်းက ပြဿနာ ဖြစ်ပွားခဲ့သည့် ပတ်ဝန်းကျင် အနီးတွင် လုံခြုံရေးတင်းကျပ်စွာ ချထားပြီး ရဲတပ်ဖွဲ့က လမ်းပိတ်ထားသည်ကို တွေ့ရကြောင်း မန္တလေးမြို့မှ ဧရာဝတီသတင်းထောက်က ပြောသည်။
“ ၂၆ လမ်း တလျှောက်က အိမ်တွေမှာ ဆိုင်းဘုတ်တချို့ ပျက်ဆီးနေတယ်။ ယာဉ်ထိန်းရဲရုံးက သစ်သားချောင်းတွေ အခွာခံ ထားရတယ်။ ဒီမနက်က ကုန်စိမ်းဈေးကို သွားတဲ့ ဗမာ ၃ ယောက် ဓားခုတ်ခံရတယ် ။ အခု ဆေးရုံ ပို့လိုက်ပြီ” ဟု ဧရာဝတီ သတင်း ထောက်က ဆိုသည်။
၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်မှ စတင်ခဲ့သော ဘာသာရေးနှင့် လူမျိုးရေး အဓိကရုဏ်းများကြောင့် လူသေဆုံးထိခိုက် မှုများ ဖြစ်ပွား ခဲ့ပြီး ယင်းပဋိပက္ခသည် မိထီ္တလာ အပါအဝင် နိုင်ငံတဝန်း ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခများ မကြာခဏ ဆိုသလို ပျံ့နှံ့ ဖြစ်ပွား စေခဲ့သည်။