သင့်လက်ထဲမှာ ဒေါ်လာ ၁ သန်း ရှိခဲ့မယ်ဆိုရင် သင်ဘာလုပ်မလဲ?
အမေရိကန်မှာ ဆိုရင်တော့ အိမ်နီးချင်းကောင်းရှိတဲ့ လူလတ်တန်းစား ရပ်ကွက်တခုမှာ အိမ်ဝယ်လို့ရနိုင်သလို ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ဟောင်ကောင်မှာဆိုရင် မြို့ထဲပိုင်းမှာရှိတဲ့ အိပ်ခန်း ၃ ခန်းပါတဲ့ အဆင့်မြင့် ကွန်ဒိုတခန်းကို ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။
ပြိုင်ကား ဝါသနာပါသူဆိုရင်တော့ ဒေါ်လာ ၁ သန်းဝန်းကျင်တန် ဂျာမဏီက Porsche, Lamborghini Reventón, Jaguar Hybrid Supercar, Pagani Huayra, McLaren F1 စတဲ့ ပြိုင်ကားတစီးကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
အခုလို အတွေးမျိုးတွေက မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်လာပြီးနောက်ပိုင်း နိုင်ငံတကာ အဖွဲ့အစည်းတွေလည်း အစုလိုက်အပြုံလိုက် မြန်မာနိုင်ငံမှာ ရုံးခန်းတွေဖွင့်လှစ်၊ အကူအညီပေးရေး လုပ်ငန်းတွေ လုပ်လာကြတဲ့အခါ မြန်မာပြည်က စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့နဲ့ပတ်သက်တဲ့ ခရိုနီကြီးတွေ ပိုင်ဆိုင်တဲ့ နေရာတွေကို သူတို့ရဲ့ ရုံးခန်းငှားခတွေ အဆမတန်ပေးနေရတယ်ဆိုတာ သိရပြီး ဖြစ်ပေါ်လာတာပါ။
ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ (UNICEF) ရဲ့ ရန်ကုန်ရုံးခန်းကို စစ်ဗိုလ်ချုပ်ဟောင်း ဦးညွန့်တင်ရဲ့ အင်းယားမြိုင်လမ်းက နေအိမ်ကို တလကို ရုံးခန်းငှား ရမ်းခ ဒေါ်လာ ၈၇၀၀၀ ပေးရတယ်လို့ သိရပါတယ်။ ရုံးခန်းငှားခ တလကို ဒေါ်လာ ၈ သောင်း ၇ ထောင်ဆိုတော့ တနှစ်ကို ဒေါ်လာ ၁ သန်း ဝန်းကျင်ရှိပါတယ်။ ဒါဟာ သူတို့ရဲ့ ဘတ်ဂျက်ရဲ့ ၁၀ ရာခိုင်နှုန်း သုံးနေရတာပါ။ ရုံးဝန်ထမ်း လစာတွေ မပါသေးပါဘူး။
UNICEF နဲ့ အိမ်ရှင်ကြား ရုံးခန်းငှားရမ်းမှု စာချုပ်က ၇ နှစ်ဆိုတော့ ဒေါ်လာ ၇ သန်းခွဲကျော် ရှိပါတယ်။ မြန်မာငွေနဲ့ ဆိုရင်တော့ တ လကို ကျပ် သိန်းပေါင်း ၈၅၀ ကျော်၊ တနှစ် စာဆိုရင် ကျပ်သိန်းပေါင်း ၁ သောင်းကျော်နဲ့ ၇ နှစ်စာ အတွက်ဆိုရင် ကျပ်သိန်းပေါင်း ၇ သောင်းကျော် ရှိပါတယ်။
ဒီငွေတွေဟာ စစ်ဗိုလ်ချုပ်ဟောင်းရဲ့ မိသားစုက နိုင်ငံတကာ အဖွဲ့အစည်းထံကနေ ရနေတဲ့ ငွေပမာဏပါ။ ဒီလို အိမ်ခြံမြေတွေကို တဖွဲဖွဲ ဝင်လာနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ သံတမန်တွေကို ငှားစားနိုင်တဲ့ လူတွေကတော့ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် ထိပ်တန်းလူတန်းစားဆိုတဲ့ တချိန်က စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့ အပေါင်းအပါ ခရိုနီတွေပဲ ဖြစ်ပါတယ်။
အိမ်၊ ရုံးခန်းငှားခတွေကနေ ဒေါ်လာ သန်းနဲ့ချီပြီး ဝင်ငွေရနေတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့ အပေါင်းပါ ခရိုနီတွေဟာ နိုင်ငံတော်ကိုရော အခွန်ပေးဆောင်ပါရဲ့လား။
သမ္မတ ဦးသိန်းစိန် အစိုးရကလည်း သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အစိုးရဖြစ်ရေး၊ လာဘတ်ပေး၊ လာဘ်ယူမှု တိုက်ဖျက်ရေးလို့ ကြွေးကြော်နေချိန်မှာ မတရားသဖြင့် လုပ်ပိုင်ခွင့်ကို ရောင်းစားခဲ့ကြတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့နဲ့ ပေါင်းစားနေတဲ့ ခရိုနီကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေအပေါ် ဘယ်လို ကိုင်တွယ်သွားဖို့ ရှိလဲဆိုတာလည်း မေးခွန်းထုတ်ရပါလိမ့်မယ်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက မြန်မာနိုင်ငံမှာ အစိုးရက လုပ်ပေးရမယ့် လုပ်ငန်းတွေကို လာရောက် အကူအညီပေးရင်း သူတို့ရဲ့ အိမ်ခန်းငှားခ၊ ရုံးခန်းငှားခတွေကို မတန်တဆ ငွေပမာဏတွေ စစ်ဗိုလ်ချုပ်ကြီးတွေကို ပံ့ပိုးနေရသလို ဖြစ်နေတာပါ။
သူတို့ရနေတဲ့ ဒီလို အဖွဲ့အစည်းတွေရဲ့ အိမ်၊ ရုံးခန်းငှားရမ်းခ ငွေပမာဏနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ကလေးသူငယ်တွေကို အကူအညီပေးရေး ကိစ္စတွေနဲ့ ပညာရေး၊ ကျန်းမာရေး လုပ်ငန်းတွေအတွက် ဘယ်လောက် သုံးနိုင်မလဲဆိုတာ နှိုင်းယှဉ်လေ့လာ ကြည့်မိပါတယ်။
UNICEF နဲ့ WHO တို့ရဲ့ ရုံးခန်းငှားခ တနှစ်စာ ကုန်ကျစရိတ် ဒေါ်လာ ၁ သန်းကျော်ဟာ မြန်မာပြည်တွင်းက ဆင်းရဲသူ၊ ဆင်းရဲသားတွေအတွက် ဘာတွေသုံးလို့ ရမလဲဆိုတာလည်း မေးမြန်းကြည့်မိပါတယ်။
HIV/AIDS ရောဂါ စွဲကပ်နေသူ လူနာ ၂၅၀ လောက်ကို ဆရာဝန်ပြစရိတ်၊ တီဘီဆေး၊ အားဆေးနဲ့ အစာအာဟာရ တိုက်ကျွေးပြီး ပုံမှန် ဆေးကုသစောင့်ရှောက်မှု လုပ်နေသူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ပန်းပဲတန်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ ဒေါ်ဖြူဖြူသင်းရဲ့ ဂေဟာဟာ တလကို ကျပ်ငွေ သိန်း ၁၂၀၊ ၁၃၀ ဝန်းကျင် အကုန်အကျခံ လည်ပတ်နေတယ်လို့ ဒေါ်ဖြူဖြူသင်းက ဧရာဝတီကို ပြောပါတယ်။
HIV/AIDS စွဲကပ်နေတဲ့ လူနာအခြေအနေပေါ် မူတည်ပြီး ART ဆေး အခမဲ့ပေးတာမှာ ပထမအဆင့် လူနာတဦးကို ဆေးဖိုး တလကျပ်ငွေ အနည်းဆုံး ၈ ထောင်မှ ၁ သောင်းဖိုး ကုန်ကျပြီး ဒုတိယ အဆင့် လူနာတဦးကို ဆေးဖိုး ၃ သောင်းမှ ၁ သိန်းခန့်ဖိုးအထိ ပေးနေကြောင်းလည်း သူက ရှင်းပြပါတယ်။
လူနာများကို ခရီးစရိတ် အပါအဝင် ဆရာဝန်ပြသစရိတ်၊ အားဆေးနှင့် အာဟာရများအတွက်ပါ ထောက်ပံ့ပါက အကြမ်းဖျဉ်း လူနာတဦးကို ၁ သိန်း ဝန်းကျင် ကုန်ကျတယ်လို့ သူက ဆက်ရှင်းပြပါတယ်။
ဗိုလ်ချုပ်ဟောင်း ဦးညွန့်တင်ရဲ့ အိမ်ကို UNICEF ရဲ့ ရုံးခန်းအဖြစ် ငှားရမ်းခ တနှစ်ရငွေ ဒေါ်လာ ၁ သန်းကျော် (မြန်မာငွေ ကျပ် သိန်းပေါင်း ၁ သောင်းကျော်) ဆိုရင် HIV/ AIDS ဝေဒနာသည် စုစုပေါင်း သိန်း ၁ သောင်းကျော်လောက်ကို တလစာ ကျန်းမာရေး၊ အာဟာရ၊ ဆရာဝန်ပြသခွင့်၊ ဆေးဝါးစရိတ် ထောက်ပံ့နိုင်မှာ ဖြစ်ပါတယ်။
NLD ပါတီက တည်ထောင်ထားတဲ့ အမေ့အိမ် အခမဲ့ ပညာသင်ကျောင်းပေါင်း ၂၀၀ နဲ့ ကျောင်းသားပေါင်း ၂ သောင်းကျော်ကို ပညာရေး အကူအညီ ပေးနေတဲ့ ပညာရေးကွန်ရက်က ဒေါက်တာ သိန်းလွင်က ကျောင်းအများစုဟာ ၁၀ တန်း စာမေးပွဲဖြေဆိုမယ့် ကျောင်းသားတွေကို အခမဲ့ ကျူရှင်သင်ကြားပေးတာဖြစ်ပြီး မူလတန်းနဲ့ အလယ်တန်းတွေနဲ့ အသက်မွေးဝမ်းကျောင်း သင်ကြားပေးတဲ့ ကျောင်းတချို့လည်း ရှိတယ်လို့ ဧရာဝတီကို ရှင်းပြပါတယ်။
ပျမ်းမျှခြင်း ကျောင်းတကျောင်းကို တနှစ်အတွက် မြန်မာကျပ်ငွေ သိန်း ၃၀၊ ၄၀ တော့ ကုန်ပြီး ဒါဟာ နေရာငှားခနဲ့ ကျောင်းသားအတွက် စာရွက်စာတမ်းစရိတ်သာ ဖြစ်ပါတယ်တဲ့။ ကျောင်းဆရာတွေက စေတနာ့ ဝန်ထမ်းတွေမို့ စရိတ် မကုန်ဘူးလို့ သူက ပြောတယ်။
ပညာရေး ကွန်ရက်က ပံ့ပိုးထားတဲ့ အမေ့အိမ်ကျောင်းတွေဟာ ဒေသခံတွေရဲ့ အလှူငွေတွေနဲ့ အဓိက လည်ပတ်တာ ဖြစ်ပြီး NLD က ကျောင်းတကျောင်းကို ကျပ် ၅ သိန်းကနေ ၁၀ သိန်းအထိ ထောက်ပံ့ပေးနေတယ်လို့လည်း သူက ဆက်ရှင်းပြပါတယ်။
စစ်ဗိုလ်ချုပ်ဟောင်း ဦးညွန့်တင်ရဲ့ နေအိမ်ငှားရမ်းခ တနှစ် ကျပ်သိန်းပေါင်း ၁ သောင်းကျော် ပမာဏဟာ မြောက် ဒဂုံမြို့နယ် ပြည်ထောင်စု လမ်းမကြီးပေါ်က ပေ ၂၀၀ x ပေ ၈၀ မြေကွက် တကွက်ကို ဝယ်ယူလို့ရပါတယ်။ ရန်ကုန်တိုင်း မရမ်းကုန်မြို့နယ် အတွင်း လမ်းသန့်တခုက ပေ ၉၀ x ပေ ၆၀ ဂရန်မြေတကွက်လည်း ဝယ်လို့ရပါတယ်။
ရုံးခန်းငှားရမ်းခ တလ ကျပ် သိန်းပေါင်း ၈၅၀ ဝန်းကျင်ဟာ မြန်မာနိုင်ငံမှာ နာရေးကူညီမှု အသင်းတွေမှာ လိုအပ်တဲ့ နိဗ္ဗာန်ယာဉ်အတွက် တပတ်နွမ်း ကားသန့်သန့် ၂ စီး ဝယ်ယူလို့ ရနိုင်သလို အသင့်အတင့် ပစ္စည်းတွေပါတဲ့ လူနာတင် ယာဉ်တစီးလည်း ကောင်းကောင်း ဝယ်လို့ရပါတယ်။ ဒါမှမဟုတ် ဒီပမာဏဟာ ကျပ် သိန်း ၄၀၀ ကျော်တန် နယ်လှည့် စာကြည့်တိုက် ကား ၂ စီးလည်း ဝယ်ယူလှူဒါန်းလို့ ရပါသေးတယ်။
မူလတန်း၊ အလယ်တန်း ကျောင်းသားလူငယ်တွေအတွက် ဘာသာစုံ ကျောင်းသုံး ဖတ်စာအုပ် တစုံကို ပြင်ပ ဈေးကွက်မှာ ကျပ် ၁၅၀၀ ဝန်းကျင်မှာ ရှိပါတယ်။
စစ်ဗိုလ်ချုပ်ဟောင်း ဦးညွန့်တင်က သူ့အိမ် ကို ရုံးခန်းအဖြစ်တလ ငှားရမ်းခ ဒေါ်လာ ၈၇၀၀၀ ဟာ ကျပ်ငွေ သိန်း ၈၅၀ ကျော် ဝင်ငွေရနေတာဆိုတော့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅ သောင်း ၇ ထောင်နီးပါးကို ကျောင်းသုံး ဖတ်စာ စာအုပ်တွေ ပေးလှူနိုင်မှာ ဖြစ်ပါတယ်။
စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ မတရားသဖြင့် ချမ်းသာလာခဲ့တဲ့ နေအိမ်၊ ခြံတွေကနေ ရနေတဲ့ ဝင်ငွေပမာဏတွေဟာ ကလေးသူငယ်တွေအတွက် သာမက တခြား အကျိုးရှိတဲ့ လျှပ်စစ် မီးအားပေးစက်တွေ၊ ရေတွင်းရေကန်နဲ့ သောက်သုံးရေ ရရှိမယ့် စတဲ့ လုပ်ငန်းပေါင်းများစွာကို အကျိုးရှိရှိ သုံးစရာတွေလည်း အတော်များပါတယ်။
ကဲ … သင်ရော သင့်လက်ထဲမှာ ဒေါ်လာ ၁ သန်း ရှိခဲ့မယ်ဆိုရင် ဘာလုပ်မလဲ?။