သမ္မတဦးသိန်းစိန် လက်ထက် နိုင်ငံရေး၊ စီးပွားရေး များပွင့်လင်းလာပြီး နိုင်ငံတကာနှင့် ဆက်ဆံရေးပါ တိုးတက်လာခဲ့သည်။ ထို့အပြင် ပြည်ပအတိုက်အခံ အုပ်စုများကိုလည်း ပြည်ဝင်ခွင့်ပြုရာ ထင်ရှားသည့် ကျောင်းသား နိုင်ငံရေးခေါင်းဆောင် မိုးသီးဇွန် လည်း ပါဝင်ခဲ့သည်။
ယခုအခါ မိုးသီးဇွန်ကို တိုင်းပြည်အတွင်း နေခွင့်မပြုတော့သည်သာမက ပြည်ပမှ ဗီဇီလျှောက်ထားခြင်းကိုပင် လက်မခံဘဲ နာမည်ပျက် စာရင်း ထည့်သွင်းခဲ့သည်။ ထိုသို့သော မြန်မာပြည်၏ လက်ရှိအခြေအနေများနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်း ထောက် လင်းသန့်က မိုးသီးဇွန်ကို တွေ့ဆုံ မေးမြန်းထားပါသည်။
မေး။ ။ ဗီဇာ သက်တမ်း တိုးမပေးတော့လို့ မြန်မာနိုင်ငံက ပြန်လာရတဲ့အကြောင်းနဲ့ အခု ဗီဇာ သက်တမ်း တိုးတဲ့ အခြေအနေ သိချင်ပါတယ်။
ဖြေ။ ။ လူမှုရေးဗီဇာက ၂၈ ရက်ရပြီး အထဲမှာ ဗီဇာသက်တမ်းတိုးပါလို့ သက်ဆိုင်ရာက ပြောတော့ သက်တမ်းတိုးရင်း ၁ နှစ် လောက်ထိ နေမယ်စိတ်ကူးတယ်၊ ဒုတိယ အခေါက် မြန်မာပြည်ခရီးစဉ်မှာ ကျနော် ၁၀ လလောက် နေခဲ့တယ်။ တရက် ဦးလှမောင်ရွှေက ဗီဇာသက်တမ်း ထပ်မတိုးပေးတော့ဘဲ အပြင်ထွက်ပြီး တိုးမှရမယ်၊ ခဏ ထွက်ရှောင်ပါလို့ ပြောတယ်။ ဒါကြောင့် ဘန်ကောက် မြန်မာသံရုံးမှာ ပြည်ဝင်ခွင့် ဗီဇာ သွားလျှောက်တယ်၊ သံရုံးက U.S က ဝါရှင်တန် မြန်မာသံရုံးကနေ ပြန်သွားပြီး လျှောက်ဖို့ ပြောလာတယ်။ အဓိပ္ပာယ်တော့ မရှိဘူး၊ နိုင်ငံတကာမှာလည်း ခရီးသွားနေတဲ့ လူတွေအနေနဲ့ နီးစပ်တဲ့ သံရုံးကို ဝင် လျှောက်ကြတာပဲ။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် လျှောက်လို့ရတယ်၊ နောက် တရက် ၂ ရက်ကျတော့ ကျနော်တို့ကို Black List စာရင်း သွင်းတဲ့ ပုံစံမျိုး စာတွေ ထွက်လာတာတွေ့တယ်။ အဲဒါတွေက တရားဝင် ဟုတ်လား၊ မဟုတ်လား မသိဘူး။ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ဦးအောင်မင်းကို တရားဝင် ကျနော် လှမ်းမေးထားတယ်။ ဒီကိစ္စ ဘယ်လိုနားလည်မှု လွဲနေလဲဆိုတာ ဦးလှမောင်ရွှေ ကတဆင့် မေးထားတယ်။
မေး။ ။ တခြား အမေရိကန်နိုင်ငံသားဖြစ်နေတဲ့ ပြည်တော်ပြန် မြန်မာတွေကို ဘန်ကောက် မြန်မာသံရုံးကနေ ပြည်ဝင်ခွင့် ဗီဇာ ပေးတာမျိုး ရှိသလား။
ဖြေ။ ။ အမေရိကန် ပတ်စ်ပို့နဲ့ မြန်မာနိုင်ငံသားဟောင်းတွေ ဘန်ကောက် မြန်မာသံရုံးမှာ ဗီဇာ လျှောက်ကြတာ ရှိပါတယ်။ ဥပမာဆို ကိုထွန်းအောင်ကျော်ဆိုလည်း အမေရိကန်နိုင်ငံသားပါပဲ။ ကျနော်တို့နဲ့ ပထမ တခေါက်မှာ တုန်းကလည်း မြန်မာပြည် အတူသွားခဲ့တာ။ သူဆိုရင် ဂျပန်ကနေ ပြန်လာပြီး ဘန်ကောက် မြန်မာ သံရုံးမှာ ဗီဇာလျှောက်တော့ ရတယ်။
မေး။ ။ သူက မြန်မာဗီဇာ ရပြီး ကိုမိုးသီးဇွန်က မရဘူးဆိုတာ ဘယ်လိုကွာခြားနေလို့လဲ။
ဖြေ။ ။ အဲဒါတော့ မပြောတတ်ဘူး။ အဓိကကတော့ ဒါ နိုင်ငံရေးတွေပေါ့လေ။ ကျနော့်ကိုတော့ မပေးချင်သေးတဲ့ သဘောမျိုးလို့ ယူဆတယ်။
မေး။ ။ အခု ကိုမိုးသီးဇွန်နဲ့တချို့ကို နာမည်ပျက်စာရင်းသွင်းပြီး လေကြောင်းလိုင်းတွေကပါ မြန်မာပြည်လာမယ့် လေယာဉ်ပေါ် မတင်လာဖို့ ညွှန်ကြားချက် ထုတ်တယ်ဆိုတော့ ဘယ်လို ခံစားရသလဲ။ ဘာကြောင့်လို့ ထင်လဲ။
ဖြေ။ ။ Black List စာရင်း ကနေ ပယ်ဖျက်ပေးထားတာလေ။ အခုတခါ စာရင်ပြန်သွင်းတယ်ဆိုတော့ အစိုးရအနေနဲ့ တရားဝင် လုပ်တာလား၊ ကျနော်တို့အပေါ် အမြင်မကြည်လင်တဲ့ အစိုးရ တာဝန်ရှိတဲ့သူ တယောက်ယောက် က လုပ်တာလား၊ တရားဝင် ထုတ်တာလား ဆိုတာ အခုထိ မသဲကွဲဘူး၊ မေးထားတုန်းပါပဲ။
မေး။ ။ မြန်မာနိုင်ငံသားအဖြစ် ပြန်လည်လျှောက်ထားတာနဲ့ ပတ်သက်ပြီး လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီက မသိဘူးလို့ပြောတယ်၊ ဘယ်တုန်းက လျှောက်တာလဲ၊ ဘာကြောင့် လျှောက်ခဲ့တာလဲ။
ဖြေ။ ။ အခု ဒုတိယအခေါက် မြန်မာပြည်ခရီးစဉ်အတွင်း နေပြည်တော်ကို ရောက်တုန်းက လဝက ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်း ကို သွားတွေ့ခဲ့တယ်၊ သူက အကြံပေးခဲ့သလို၊ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက နမူနာပုံစံတွေလည်း ပေးပြီး ငယ်ငယ်တုန်းက မှတ်ပုံတင် ထုတ်ခဲ့တဲ့နေရာမှာ သွားလျှောက်ပါဆိုတယ်။
လုပ်ရိုး လုပ်စဉ်လမ်းကြောင်းမှန်ဆိုတော့ ပြန်လာပြီး တောင်ဒဂုံမြို့နယ် ၅၆ ရပ်ကွက်ကနေ သွားပြန် လျှောက်ထားတယ်။ ဦးခင်ရီဆီ မရောက်သေးဘူးဆိုတော့ ဘယ်လိုမှ နားမလည်နိုင်ဘူး၊ ဦးလှမောင်ရွှေက တဆင့်နိုင်ငံသား လျှောက်ထားတဲ့ အခြေအနေ ဘယ်လို ရှိပါသလဲ မေးဖူးတယ်၊ အခုထိလည်း ဘာမှ မသိရသေးဘူး။
နိုင်ငံတကာမှာ လူတယောက်က နိုင်ငံသား လျှောက်ထားလိုက်တယ်ဆိုရင် သူတို့ သက်ဆိုင်ရာ ဌာနက တရားဝင် အိမ်ကို စာပို့တာပဲ၊ ဒီအစိုးရက တရားဝင် ဖွဲ့ထားတဲ့ အစိုးရလို့ ယူဆရင်၊ တရားဝင်လျှောက်ထားတာကို ဘယ် အဆင့်ရောက်နေပြီ။ ဘာတွေ စိစစ်နေတယ် ဘာတွေလိုအပ်သလဲ ဆိုတာ အကြောင်း ပြန်သင့်တာပေါ့။
မေး။ ။ ဘာကြောင့် အခုလို မြန်မာနိုင်ငံသား ပြန်လျှောက်တာခဲ့တာလဲ။
ဖြေ။ ။ အဓိက မြန်မာပြည်အပြောင်းအလဲ၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး အတွက် ၈၈ ကတည်းက ကြိုးပမ်း လာတာ၊ လက်ရှိလည်း မြန်မာလူမျိုးတယောက် မြန်မာနိုင်ငံသားလို့ ခံယူထားတယ်။ ဒီကနေ့ အစိုးရကနေ အားလုံးပြန်လာပါ၊ အပြောင်း အလဲ တွေကို လက်တွဲ ဆောင်ရွက်ပါ ဆိုပြီး တံခါးဖွင့်ဖိတ်ခေါ်တဲ့ အခါကျတော့ နိုင်ငံသားတယောက် ပြန်ရသင့်တဲ့ အခွင့် အရေး အရ ပြန်လာခဲ့တာပဲ။
ထိုင်း-မြန်မာ နယ်စပ်မှာ အနှစ် ၂၀ လောက်နေခဲ့ရပြီး အမေရိကားကို နောက်ပိုင်းမှာရောက်တယ်။ အဲဒီကာလတ လျှောက်လုံး မြန်မာပြည်အတွက် အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားပဲလေ။ လက်ရှိ အခြေအနေအရ မှတ်ပုံတင်ပြန်လျှောက်တာ၊ နိုင်ငံသား အသစ် ပြန်လျှောက်တာ မဟုတ်ဘူး၊
မေး။ ။ သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီး မြန်မာနိုင်ငံသားဟောင်းတွေ နိုင်ငံသား ပြန်လည်လျှောက်ထားမယ် ဆိုရင် မြန်မာနိုင်ငံရဲ့ အကျိုးငှာ သမ္မတရဲ့ လုပ်ပိုင်ခွင့်နဲ့သာ ပြန်ပြီး နိုင်ငံသားအဖြစ် သတ်မှတ်ပေးနိုင်တယ်လို့ ဆိုတယ်၊ ဒီတော့ ကိုမိုးသီးဇွန် မြန်မာနိုင်ငံသား ပြန်လက်ခံရေး သမ္မတဆီက ထောက်ခံမှု ရနိုင်ခြေ ရှိလား။
ဖြေ။ ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်၊ အပြောင်းအလဲတွေဖြစ်ဖို့ ၈၈ ကတည်းက ပြောခဲ့တဲ့လူတယောက်ကို သီး ခြား ဖယ်ထားလို့ ဘယ်ရမလဲ၊ နောက်တခုက မြန်မာနိုင်ငံမှာ ပါတီတခု ထောင်ခဲ့ပြီး ဒုတိယ အကြီးဆုံးပါတီရဲ့ ခေါင်းဆောင် တယောက်၊ တတ်ထားတဲ့ သိထားတဲ့ အသိပညာ၊ အတတ်ပညာတွေနဲ့ တိုင်းပြည်အတွက် ပြန်ပြီး အလုပ်အကျွေးပြုချင်တဲ့ အတွက် တောင်းဆိုတယ်၊ အခွင့်အရေးရှိတယ်လို့ ထင်တယ်၊ နိုင်ငံသား ပြန်ပေးဖို့ အတွက် သူ့ဥပဒေအရ သမ္မတ က ဆုံးဖြတ်မှ ရမယ်ဆိုတော့ ဒါကို သမ္မတက ဆုံးဖြတ်ရမှာပါပဲ။
မေး။ ။ လက်ရှိ အမေရိကန် နိုင်ငံသားဖြစ်နေတော့ အမေရိကန်နိုင်ငံကူး လက်မှတ်ကိုရော ဘယ်လို ဆက်လုပ် သွားမယ် စိတ်ကူးလဲ။
ဖြေ။ ။ နိုင်ငံတကာ ဥပဒေတွေအရ မြန်မာနိုင်ငံသား ပြန်လျှောက်ထားတာ ရပြီဆိုရင် အမေရိကန် နိုင်ငံသားအဖြစ်ကို စွန့်လွှတ် ရမှာ။ အမေရိကန်၊ အင်္ဂလန်၊ ဂျပန်စတဲ့ နိုင်ငံတွေမှာ မြန်မာတွေက အဲဒီနိုင်ငံသားတွေ လျှောက်ရတာတွေ ရှိပါတယ်။ လျှောက်ထားဆဲ ကာလမှာ မူရင်း မြန်မာနိုင်ငံသား ပတ်စ်ပို့တွေ ကိုင်ထားခွင့်ရှိပါတယ်။ ဟိုဘက်က အသိအမှတ်မပြုမချင်း သူတို့ ကိုင် ထားခွင့် ရှိတယ်။ တချို့နိုင်ငံတွေဆိုရင် သူတို့ ၂ နိုင်ငံလုံးရဲ့ နိုင်ငံကူး လက်မှတ်တွေကို ပေးကိုင်ပါတယ်။ လူသားတယောက်အနေနဲ့ မြန်မာနိုင်ငံက မှတ်ပုံတင် မထုတ်ပေးမချင်း ဒီဘက်က ဟာကို လွှတ်လို့ မရပါဘူး။ လွှတ်လိုက်ရင် နိုင်ငံမဲ့ ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် လူ့အခွင့်အရေး ရှုထောင့်အရ အမေရိကန် ပတ်စ်ပို့ကို ကိုင်ဆောင်ထားခွင့် ရှိပါတယ်။
မေး။ ။ ဒါဆို မြန်မာနိုင်ငံသား အဖြစ် ပြန်ပေးရင် ဘာဆက်လုပ်မလဲ။ မြန်မာနိုင်ငံသား အဖြစ် ပြန်မပေးဘူးဆိုရင်ရော ဘာ ဆက် လုပ်မလဲ။
ဖြေ။ ။ ကျနော် မြန်မာပြည်ပြန်မယ်။ မြန်မာနိုင်ငံအတွက် ကောင်းကျိုးတွေ၊ ဖွံ့ဖြိုးမှုနဲ့ တရားမျှတမှုတွေအတွက် ကျနော် ဆက် လုပ်မယ်၊ ပြန်ပေးအောင် ဆက်ပြီးတော့ ကျနော် ကြိုးပမ်းရမှာပဲ။ ကျနော့်အနေနဲ့ ဆက်ပြီး လှုပ်ရှားရမယ်။ ကျနော့်ရဲ့ အခွင့်အရေးအတွက် တိုက်ပွဲ ဝင်ရမှာပဲ။
မေး။ ။ မြန်မာ့နိုင်ငံရေး လက်ရှိ အခင်းအကျင်းကို ဘယ်လိုရှုမြင်လဲ။
ဖြေ။ ။ အခု မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဆိုတာ အားလုံးကတကယ့်ကို နှေးကွေးလွန်းအားကြီးပြီး အခြေခံ ကျကျ ပြောင်းလဲမှုတွေ မဖြစ်သေးဘူး၊ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်သွားသလို၊ နိုင်ငံရေး အကျဉ်းသား တော်တော်များများ လွှတ်တယ်၊ ပြည်ပကလူတွေ မြန်မာပြည်ကို ပြန်လို့ ရခဲ့သလို၊ ပြည်ပ အခြေစိုက် သတင်းဌာနတွေ မြန်မာပြည် ဝင်လို့ရလာတယ်၊ သတင်းဌာနတွေက လက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေကို ရေးလို့ရတဲ့ အခြေအနေပဲ ရှိသေးတယ်။ ဒါကို မဟာ အပြောင်းအလဲကြီး လို့ ပြောလို့မရသေးသလို၊ အစိုးရအနေနဲ့လည်း အဲဒီလို မယူဆစေချင်ဘူး၊ မြန်မာပြည်မှာ လွတ်လပ်မှုနဲ့ တရားမျှတမှုတွေ ရှိဖို့လိုတယ်၊ ဒါမှ မဟာအပြောင်းအလဲလို့ ပြောလို့ရမယ်၊ အဲဒီ အခြေအနေက မြန်မာပြည်မှာ အခုမရှိဘူး၊ လွတ်လပ်မှု ရှိ မရှိ၊ တရားမျှတမှု ရှိ၊ မရှိ ဆိုတာ အခြေခံဥပဒေကို ကြည့်ရင် သိနိုင်တယ်၊ ဒီကနေ့ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ လူမှု ဒုက္ခတွေကို ကြည့်ရင် သိနိုင်တယ်။ ဒါကြောင့်မို့ လွတ်လပ်မှုနဲ့ တရားမျှတမှု မရှိမချင်း ဆက်ပြီး ကြိုးပမ်း နေမှာပဲ။
မေး။ ။ ဒီမိုကရေစီ အင်အားစုတွေ ဖြစ်တဲ့ NLD ပါတီ၊ ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)၊ တချိန်က ဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီတို့ စတဲ့ နိုင်ငံရေးပါတီတွေ အပေါ်ရော ဘယ်လို မြင်လဲ၊
ဖြေ။ ။ ၈၈ အဖွဲ့တွေလည်း မြန်မာပြည်မှာ လွတ်လပ်မှုနဲ့ တရားမျှတမှုတွေ ရှိဖို့ သူတို့တွေ ပြောနေကြပေမယ့်၊ လက်ရှိ မြန်မာ့နိုင်ငံရေးမှာ အဓိက ဦးဆောင်ပြီးတော့ မလုပ်နိုင်သေးဘူး ဖြစ်နေတယ်။ အဲဒီအတွက် လုပ်ဖို့လည်း တိုက်တွန်းချင်တယ်၊ ဘာဖြစ် လို့လည်းဆိုတော့ အသက်တွေလည်း ကြီးလာပြီ။ လူ့သက်တမ်း တဝက်ကို ကျော်လာကြပြီ။ ဒါကြောင့် နိုင်ငံရေး လုပ်ကို လုပ်ရ မယ်၊ လူထုကလည်း မြန်မာ့နိုင်ငံရေးထဲမှာ ပါဝင်ပြီး ကြိုးပမ်းနေတာကိုပဲ မြင်ချင်တယ်၊ သူတို့အနေနဲ့ ထောင်ထဲမှာ နှစ်ပေါင်း များစွာ ပေးဆပ်ခဲ့ရတာ အင်မတန်ကြီးမားသလို ဆုံးရှုံးမှုတွေလည်း ကြီးမားတယ်၊ အဲဒီအတွက် သူတို့ ထိုက်ထိုက်တန်တန် ပြန်ပြီးတော့ ဒီလို အခွင့်အရေးရတုန်းမှာ နိုင်ငံရေးမှာ ထဲထဲဝင်ဝင် လုပ်ကိုင်ဆောင်ရွက်စေချင်တယ်။ အဲဒါကို တိုက်တွန်းချင်တယ်။
မေး။ ။ NLD ပါတီအပေါ်ရော ဘယ်လိုသုံးသပ်လဲ။
ဖြေ။ ။ NLD အနေနဲ့ ဒီကနေ့ မြန်မာပြည်အပြောင်းအလဲကြီးမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံ အားလုံးကို စုစည်းပြီး ဦးဆောင်ပြီး လုပ်ရမယ်၊ လက်ရှိ အနေအထားမှာ အားလုံးကို ပါဝင်အောင် ဦးဆောင်စည်းရုံးနိုင်တာ မရှိသေးဘူး။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ အင်အားကြီးတယ်၊ ဟုတ်ပြီ၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထု တရပ်လုံးကို စည်းရုံးနိုင်တယ်။ ဒါပေမယ့် မလုံလောက်သေးဘူးဗျ။ မလုံလောက်သေးတဲ့အတွက် မြန်မာပြည်က တကယ် အပြောင်းအလဲမဖြစ်သေးတာဘဲ။ တကယ်လို့ အဲဒါက လုံလောက်သွားပြီဆိုရင် အပြောင်းအလဲဖြစ်သွားပြီပေါ့ဗျာ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရည်မှန်းချက် တွေ အောင်မြင်ပြီပေါ့ဗျာ။ ဘယ်လို လှုပ်ရှားမှုမှာပဲ ဖြစ်ဖြစ် နိုင်ငံရေး ပါတီတွေ တိုင်းရင်းသား အင်အားစုတွေ၊ NGO တွေပဲ ဖြစ်ဖြစ် အသိပညာရှင်၊ အတတ်ပညာရှင် အားလုံးကို စုစည်းပြီးတော့ အမျိုးသားရေးလှုပ်ရှားမှုအသွင်ကို သူတို့လုပ်ရမယ်။
အဲဒီလို မလုပ်နိုင်လို့ မလိုလားအပ်တဲ့ ပြောင်းပြန် ရေစီးကြောင်းတွေမှာ လှုပ်ရှားမှုတွေ တွေ့လာရတယ်။ အဲဒါဘာလဲ၊ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး ကျနော်တို့ တောင်းဆိုနေတယ်။ လွတ်လပ်မှုနဲ့ တရားမျှတမှုကို ကျနော်တို့ တောင်းဆိုနေတယ်။ အဲဒီအချိန်မှာ ဘာသာရေးအစွန်းရောက်တဲ့ လှုပ်ရှားမှုတွေ ကျနော်တို့ တွေ့လာရတယ်။ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ပိတ် ပင်တဲ့ လှုပ်ရှားမှုတွေ အားကောင်းလာတာကို တွေ့ရတယ်။ အဲဒါက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကျန်တဲ့ အင်အားစုတွေကို ဦးဆောင် စည်းရုံးမထားနိုင်လို့။ ရှင်းရှင်းပြောရရင် သူတို့ ကြည့်လိုက်တဲ့အခါမှာ ကျနော်တို့ အချင်းချင်းမှာ ပြိုကွဲနေတယ်လို့ ယူဆပြီး အဲဒီအပေါ် အခွင့်အရေးယူပြီး အမြတ်ထုတ်မယ့်လူတွေက ရှိလာတယ်။
မေး။ ။ မြန်မာနိုင်ငံမှာ အမျိုးသားရေး အစွန်းရောက် ဝါဒ ခေါင်းထောင်လာတာကို ဘယ်လို ကိုင်တွယ် သင့်တယ်လို့ ယူဆလဲ။ ဘာကြောင့် ဒီလိုမျိုး အမျိုးသားရေး အစွန်းရောက် ဝါဒတွေ ခေါင်းထောင်လာတာလို့ မြင်လဲ။
ဖြေ။ ။ အဓိက မြန်မာပြည်မှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေနဲ့ပတ်သက်ပြီး လူတွေက ပိုသိလာတယ်။ ပိုပြော လာတယ်။ အဲဒီတော့ ကမ္ဘာဟောင်း၊ စနစ်ဟောင်းကို ဖက်တွယ်ချင်တဲ့ အင်အားစုတွေ ရှိတယ်။ အရင် စနစ်ဟောင်း တုန်းက ပြည်သူလူထု ကို အပေါ်စီးကနေပြီး ဆက်ပြီးနေချင်သူတွေ၊ အခွင့်အရေးယူချင်တဲ့ အင်အားစုတွေ ရှိနေတာပဲ၊ ဥပမာဆိုရင် စစ်အာဏာရှင် ဟောင်းတွေ၊ အမျိုးသားရေး ဝါဒီတွေ၊ ဘာသာရေး အစွန်းရောက် ဝါဒီတွေက ပြည်သူ လူထုကြီး မျက်စိပိတ်၊ နားပိတ်ဖြစ်နေတဲ့ အချိန်မှာ သူတို့အတွက် အကျိုးရှိတယ်၊ လူ့အဖွဲ့အစည်းရဲ့ အခွင့်အရေးတွေကို သူတို့ ဆက်ပြီးတော့ ကိုင်ထားချင်တယ်။ အဲဒါကြောင့် ပြည်သူတောင်းဆိုနေတဲ့ တရားမျှတရေး၊ ဒီမိုကရေစီ အကြောင်းတွေကို မပြောအောင် အမျိုးသားရေးတွေ အကြောင်း၊ ဘာသာရေး အကြောင်းတွေ ပြောလာတာဖြစ်တယ်။ အဲဒီအပေါ်မှာ လူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်မှုနေရာကနေ ဆက်ပြီးချုပ် ကိုင်ဖို့ ကြိုးပမ်းနေကြတာပဲလို့ ကျနော် မြင်တယ်။ နောက်တခုက ကမ္ဘာကြီးမှာ ဒီမိုကရေစီက ပင်မ ရေစီးကြောင်းဖြစ်လာတယ်။
ဥပမာ မြန်မာပြည်မှာ ဒီမိုကရေစီ ရပြီလို့ မျှော်မှန်းကြည့်လိုက်ပါ။ ဒါဆိုရင် မြန်မာပြည်မှာ လွတ်လပ်လာပြီဆိုတာနဲ့ အလုပ် အကိုင် အခွင့်အလမ်းတွေ များပြားလာမယ်။ အဲဒီအခါ လူတွေက ဝင်ငွေတွေ တိုးများလာမယ်။ ဒီတော့ လူနေမှု အဆင့် အတန်း တွေ မြင့်လာမယ်။ အဲဒီအခါမှာ လူတွေဟာသူတို့ရဲ့ တွေးခေါ်မြော်မြင်ပုံတွေ ပြောင်းလဲလာမယ်။ ဒါ ဆိုရင်လူတွေဟာ ဉာဏ် ခေတ်ကို ရောက်လာမယ်။ အသိဉာဏ်တွေ ဖွံ့ဖြိုးလာမယ်။ ဒါဆိုရင် လူတွေကို လိမ်ညာလို့ မရတော့ဘူး။ ဗုဒ္ဓဟောထားတဲ့ ဆင်ခြင် တုံတရားနဲ့ ကြောင်းကျိုး ဆက်စပ်စဉ်းစားတွေးခေါ် နေတတ်လာကြမယ်။ လူတန်းစား တခုနဲ့တခု ချုပ်ကိုင်ထားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။
ဒါကြောင့်မို့ ခုနက ပြောတဲ့ အမျိုးသားရေး အစွန်းရောက်တွေ၊ ဘာသာရေး အစွန်းရောက်တွေက အဲဒီအခြေအနေဖြစ်လာမှာကို တဖြည်းဖြည်း စိုးရိမ်လာတာပဲ။ ဒီရောဂါမျိုးက မြန်မာ တနိုင်ငံတည်းဖြစ်တာ မဟုတ်ပါဘူး။ ၁၄ ရာစု ဥရောပမှာ ဖြစ်ခဲ့တယ်။ အရှေ့အလယ်ပိုင်း ဒေသတွေမှာ ဖြစ်ခဲ့တယ်။ အာဖရိကမှာ ဖြစ်ခဲ့တယ်။ အခု မြန်မာပြည်မှာ ဖြစ်ဖို့ ကြိုးပမ်းနေကြတယ်။ ဒါဟာ တကယ်တော့ ခေတ်နောက် ပြန်ဆွဲ ကိစ္စတွေပါ။ ကျနော်တို့ မြန်မာပြည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုကြီးကတော့ ပင်မ ရေစီးကြောင်း ဖြစ်တယ်။ ဒီရေစီးကြောင်းထဲမှာ သဘာ၀ အတိုင်း ပြောင်းပြန် ရေစီးကြောင်းတွေ ရှိတတ်ပါတယ်။ ဒါကို သတိရှိကြဖို့ လို တယ်။
မေး။ ။ အမျိုးသားရေး အစွန်းရောက်လှုပ်ရှားမှုတွေနဲ့ ဒီအတိုင်း ဆက်သွားရင်း ဘာတွေဖြစ်မယ် ထင်လဲ။
ဖြေ။ ။ ဒီအတိုင်း ဆက်သွားရင်တော့ မလိုလားအပ်တဲ့ အမှောင်ခေတ်ကြီးထဲကို လုံး၀ ရောက်သွားလိမ့်မယ်။ အခု အာရုံ ကျဉ်းဖို့ ကျနော်တို့ မြန်မြန်လုပ်ရတော့မယ်။ ဒီအတိုင်း ဆက်သွားရင် စိုးရိမ်စရာ ပါ။ ဥပမာ ရခိုင်ပြည်နယ်မှာဖြစ် သွားတယ်။ ဥပမာ ရိုဟင်ဂျာ ပြဿနာပေါ့။ ကျနော်တို့ ရှုမြင်တာက ဒါ Imigration (လူဝင်မှု ကြီးကြပ်ရေး) ပြဿနာလို့ မြင်တယ်။ မြန်မာပြည်ကို တရုတ်က ခိုးဝင်နေတာလည်း ရှိတယ်။ အိမ်နီးချင်းနိုင်ငံတွေက ခိုးဝင်လာ တာရှိတယ်။ အဲဒါဆိုရင် လဝက ဥပဒေအရ ဖမ်းပြီး ပြန်ပို့ရမှာပဲ။ နိုင်ငံတကာမှာလည်း လုံခြုံရေး ဆိုတာက ရှိသေးတာကိုး။
ဥပမာ ထိုင်းနိုင်ငံဆိုပါတော့။ ကျနော်တို့ဆီက ခိုးဝင်လာတယ်ဆိုရင် ပြန်မောင်းပို့တာပဲ။ ဒါပေမယ့် အဲဒီလို ကိစ္စကို အမျိုးဘာ သာ သာသနာ ကိစ္စနဲ့ ကိုင်တွယ်လိုက်တဲ့အခါ ပြဿနာ ပိုရှုပ်ထွေးသွားတယ်။ လဝက က လူ ၁ သန်း ခိုးဝင်လာရင် အဲဒီ ၁ သန်း လုံးကို မောင်းထုတ်ရမှာပဲ။
လူတယောက်က ခိုးဝင်လာတယ်ဆိုရင် လူ့အခွင့်အရေးအရ မောင်းထုတ်ရ ခက်သွားတတ်တယ်။ ဒါကြောင့် အစိုးရအနေနဲ့က အမြော်အမြင် ရှိဖို့လိုတယ်။ အဲဒီအပေါ်မှာ နိုင်ငံရေးပါတီ၊ အတိုက်အခံတွေကလည်း အမြော်အမြင်ရှိဖို့လိုတယ်။ ဒါက လူဝင်မှု ကြီးကြပ်ရေးပြဿနာ။ ဒါကို အမျိုးဘာသာ သာသနာနဲ့သွားကိုင်လိုက်ရင် အကုန်လုံးဒုက္ခရောက်မယ်လို့ ကျနော့်အနေနဲ့ ပြောချင်တယ်။ ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေ အာဏာရတယ်ဆိုပါစို့။ ကျနော်တို့ တိုင်းပြည်ရဲ့ လုံခြုံရေးကို ကျနော်တို့ ဦးစား ပေးရမှာပဲ။ ဥပမာ ပြည်နယ် တခုမှာ လူမျိုး တမျိုးနဲ့တမျိုး ခြိမ်းခြောက်တဲ့ အခြေအနေမျိုး ကျနော်တို့ ခွင့်မပြုနိုင်ဘူး။ ခိုးဝင်လာတဲ့ ကိစ္စတွေက ဘယ် လူမျိုးကိုဖြစ်ဖြစ် ခွင့်မပြုနိုင်ဘူး။ အကုန်လုံးစိစစ်ပြီး လဝက ဥပဒေအရ ထိထိရောက်ရောက် အရေးယူ ရမယ်။
မေး။ ။ အခု သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်လာတာ တွေ့ရတယ်။ ဒီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအပေါ်ရော ဘယ်လို သုံးသပ်ချင်လဲ။
ဖြေ။ ။ အခု သူတို့ ဆွေးနွေးနေတာပေါ့နော်။ ကျနော်လည်း တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ပါတယ်။ တွေ့ တော့ တိုင်းရင်းသားတွေက လက်မှတ်မထိုးဘူးလို့ ပြောပါတယ်။ အများစုက သူတို့ လက်မှတ်မထိုးချင်ကြဘူး။ အဓိက မထိုးချင်ရတဲ့ အကြောင်းက နိုင်ငံရေး ပြဿနာကို ဆွေးနွေးခွင့် သူတို့ မရဘူး။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဆွေးနွေးခွင့် မရတော့ အစိုးရအနေနဲ့ အာမခံချက်တွေ ရှိမှပဲ သူတို့ လက်မှတ်ထိုးနိုင်လိမ့်မယ်လို့ မြင်တယ်။
နိုင်ငံရေး ပြဿနာတွေမဆွေးနွေးဘဲ အရင် ဦးနုတို့ ဦးနေဝင်း၊ ဦးခင်ညွန်တို့ လက်ထက်က လုပ်ခဲ့တဲ့အတွေ့အကြုံတွေ သူတို့မှာ ကောင်းကောင်း ရှိနေကြတယ်။ အဲဒီအတိုင်း ဆက်ပြီး ကြိုးပမ်းမယ်ဆိုရင် တိုင်းရင်းသားတွေထဲက အနည်းအကျဉ်း အင်အား စု တွေကိုပဲ ရလိမ့်မယ်။ တကယ့် အင်အားစုကြီးတွေရဲ့ သဘောတူညီမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေ မရဘဲနဲ့ ငြိမ်းချမ်းရေးက ပြန် လည်ပျက်စီးသွားမယ်။
မြန်မာပြည်ဟာ ပြည်တွင်းစစ် သက်ဆိုးရှည်တဲ့ နိုင်ငံတခုထဲမှာ ပါပါတယ်။ လွတ်လပ်ရေး ရပြီး ၆၃ ရက်အတွင်းမှာ ပြည်တွင်း စစ်တွေ စတင်လာခဲ့တာဟာ မကောင်းပါဘူး။ ငြိမ်းချမ်းဖို့ အချိန်တန်နေပြီ။ ဒါကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ အဖြေရှာဖို့ နိုင်ငံရေးအရ သဘောတူညီချက်တွေကို ရအောင် အမြန်ဆုံး လုပ်ဆောင်ဖို့ ကျနော့်အနေနဲ့ တိုက်တွန်းချင်တယ်။ အထူးသဖြင့် အစိုးရကိုပေါ့။ ။