ရခိုင်ပြည်နယ် ဝန်ကြီးချုပ်သစ် အဖြစ် ခန့်အပ်ခြင်းခံရသူ ဗိုလ်ချုပ် မောင်မောင်အုန်းက ယခင်ပြည်နယ် အစိုးရ အဖွဲ့သည် ပြည်နယ် ကို တရားဥပဒေ စိုးမိုးမှု ရှိရန်နှင့် ပြည်ထောင်စု လွှတ်တော်မှ ချပေးခဲ့သော ပြည်နယ် ဖွံ့ဖြိုးရေး ဘတ်ဂျက်များကို ပွင့်လင်းမြင်သာ စွာ စနစ်တကျ စီမံသုံးစွဲမှု အားနည်းချက်များရှိသည်ဟု ပြောဆိုကြောင်း သိရသည်။
ယနေ့ ကျင်းပသည့် ရခိုင်ပြည်နယ် လွှတ်တော်တွင် ဝန်ကြီးချူပ်သစ်က ကျမ်းသစ္စာ ကျိန်ဆိုအပြီး ပြောကြားသော မိန့်ခွန်းတွင် ထိုသို့ ထည့်သွင်း ပြောကြားခဲ့သည်ဟု ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ဧရာဝတီကို ပြောသည်။
“ဒေသဖွံ့ဖြိုးရေးကို သူ တကယ်လုပ်မယ် ဆိုတဲ့ ကတိမျိုးတွေ ပေးသွားတယ်။ နောက်ပြီး သန်းခေါင် စာရင်း၊ နိုင်ငံသား ဖြစ်ခွင့် ကိစ္စတွေကို မြန်မာနိုင်ငံသား တယောက် အနေနဲ့ ရခိုင်၊ ဗမာ၊ တခြား တိုင်းရင်းသားတွေ မခွဲခြားဘဲ တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်တဲ့ အတွက် မှန်မှန်ကန်ကန်ဖြစ် အောင်လုပ်မယ် ဆိုပြီး ပြောသွားတယ်။ ရခိုင်ပြည်နယ်မှာ ဥပဒေ မစိုးမိုးခဲ့တာ ဘာ့ကြောင့်လဲ၊ အရင် အစိုးရက မှန်မှန်ကန်ကန် မရှိလို့၊ ဘတ်ဂျက်မှာလည်း ပွင့်လင်းမှု မရှိလို့ဆိုတဲ့ သဘောမျိုး ပြောသွားတယ်” ဟု ၎င်းက ဆိုသည်။
၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေ အရ နိုင်ငံသား ဖြစ်သင့်သူများကို နိုင်ငံသား ဖြစ်ရန်နှင့် နိုင်ငံသား ဖြစ်ခွင့် မရှိသူများကို နိုင်ငံ တော် သမ္မတ၏ လမ်းညွှန်ချက်များနှင့် အညီ နိုင်ငံတကာနှင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဟု ဝန်ကြီးချုပ် အသစ်က ပြောကြား ခဲ့ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတာကျော်ကလည်း ပြောသည်။
ရခိုင်ပြည်နယ်တွင် တရားဥပဒေ စိုးမိုးမှု ရှိရန်၊ ဒေသဖွံ့ဖြိုး တိုးတက်စေရန် အတွက် ဝန်ကြီးချုပ်သစ် အနေဖြင့် အထွေထွေ အုပ်ချုပ် ရေး ဌာနများကို သေချာစွာ ကိုင်တွယ်ရန် လိုအပ်ကြောင်း ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တချို့က ဆိုသည်။
ပြည်နယ်အစိုးရ အဖွဲ့တွင် အထွေထွေ အုပ်ချုပ်ရေး ဌာနများ၏ မှန်ကန်သော၊ ပွင့်လင်းသော လုပ်ရပ်များ မရှိမှုနှင့် ပတ်သက်ပြီး ဦးထက်ထွန်းအောင်က “အထွေထွေ အုပ်ချုပ်ရေးဌာန အဆင့်ဆင့်တိုင်းမှာ တပ်က လာတဲ့သူတွေချည်းပဲ။ ပြည်နယ်ဝန်ကြီး ဆိုတာ မြို့နယ် အဆင့် အုပ်ချုပ်ရေးမှူးကိုတောင် ဖုန်းဆက်လို့ မရတာမျိုးတွေ ရှိတယ်။ သူတို့လောက် လုပ်ပိုင်ခွင့် မရှိဘူး။ ဒေသဖွံ့ဖြိုးရေး လုပ်တာမှာလည်း ဘတ်ဂျက်ကအစ ဘယ်သူမှ စစ်ဆေးတာမျိုးလည်း မရှိဘူး။ ဝန်ကြီးချုပ်သစ်က အုပ်ချုပ်ရေး ဌာနတွေကို မှန်မှန် ကန်ကန် ကိုင်တွယ်မှလည်း ဒေသက ဖွံ့ဖြိုးတိုးတက်မှာ”ဟု ပြောဆိုသည်။
ဝန်ကြီးချုပ်သစ်က မကြာသေးခင်က ဖြစ်ပေါ်ခဲ့သော အငြိမ်းစား ရဲမှူးကြီး သမီးဖြစ်သူက ဘင်္ဂါလီများကို ခိုးသွင်းခဲ့သည့် လုပ်ရပ်မျိုးသည် အမျိုးသား သစ္စာဖောက်သော လုပ်ရပ်မျိုး ဖြစ်ကြောင်း ယနေ့တွင် ကျင်းပသော ပြည်နယ်လွှတ်တော်တွင် ပြောကြားခဲ့ ကြောင်းလည်း ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
ရခိုင်ပြည်နယ်၊ အမ်းမြို့၊ ပဲပဒုံ စစ်ဆေးရေးဂိတ်၌ လူဝင်မှု ကြီးကြပ်ရေး ဌာနက စစ်ဆေးစဉ် နေပြည်တော်တွင် နေထိုင်သူ အငြိမ်း စား ရဲမှူးကြီး၏ သမီးဖြစ်သူနှင့် ကားမောင်းသမားက ဘင်္ဂါလီ အမျိုးသမီး ၁ ဦးနှင့်အမျိုးသား ၈ ဦးကို တဦးလျှင် ကျပ် ၁၀ သိန်းဖြင့် ရန်ကုန်သို့ သယ်ဆောင်လာစဉ် ဇွန်လ ၂ ရက်နေ့က ဖမ်းဆီးမိခဲ့သည်ဟု သိရသည်။
ရခိုင်ပြည်နယ်တွင် ပဋိပက္ခဖြစ်ပွားပြီး နောက်ပိုင်း ဘင်္ဂါလီ လူမျိုးများကို ရခိုင်ပြည်နယ်မှ တရားမဝင် အခကြေးငွေ ယူပြီး သယ် ဆောင် လာမှုများကို မကြာခဏ ဖမ်းဆီးရမိနေပြီး ယခု ဖြစ်စဉ်တွင်ပါဝင်ခဲ့သူ အငြိမ်းစား ရဲမှူးကြီး၏ သမီးဖြစ်သူနှင့် ယာဉ်မောင်းကို အမ်းမြို့နယ်ရဲ့စခန်းက ပြစ်မှုအမှတ် (ပ) ၃၂/ ၁၄၊ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၆၇ ဖြင့် ဖမ်းဆီးစစ်ဆေးလျက် ရှိသည်ဟု ဆိုသည်။