တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေ မျက်နှာချင်းဆိုင် ထိပ်တိုက်ဆွေးနွေးနိုင်မယ့် အစည်းအဝေးကြီးတရပ်ကို မြန်မာနိုင်ငံအတွင်းမှာ ကျင်းပဖို့ရှိတယ်လို့ တနိုင်ငံလုံးဆိုင်ရာ အပစ် အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) က ပြောဆိုလိုက်ပါတယ်။
ကျင်းပမယ့် နေ့ရက်နဲ့ နေရာကို ထုတ်ပြန်နိုင်ခြင်း မရှိသေးပေမယ့် အစည်းအဝေးမှာတင်ပြမယ့် အစီရင်ခံစာနဲ့ သုံးသပ်ချက် စာ တမ်း တွေကို ပြန်လည်သုံးသပ်ခြင်း၊ ပြုစုခြင်းစတာတွေကို NCCT အဖွဲ့ဝင် ခေါင်းဆောင်တွေက ထိုင်း-မြန်မာ နယ်စပ် တနေရာမှာ ဇူလိုင် ၁ ရက်နေ့ကစပြီး ၃ ရက်ကြာ တွေ့ဆုံကြပြီး ဆွေးနွေး နေကြပါတယ်။
“ဒီအစည်းအဝေးက ဘာကို အဓိကထားလဲဆိုတော့ လာမယ့် အန်ကယ်တို့ ပြုလုပ်မယ့် ထိပ်သီးအစည်းအဝေး အတွက်ပေါ့ဗျာ။ အဲဒါကို အစီရင်ခံစာတင်မယ်။ နောက်ပြီး သုံးသပ်ချက်စာတမ်းတင်မယ်။ အဲလို အစီရင်ခံစာ တင်နိုင်ဖို့၊ သုံးသပ်ချက် စာတမ်း တွေကို တင်နိုင်ဖို့ NCCT အဖွဲ့ဝင်များ စုပြီးတော့ပေါ့ဗျာ။ ပြုစုနေတယ်။ ပြန်လည်သုံးသပ်နေတယ်”လို့ NCCT အဖွဲ့ ခေါင်းဆောင် တဦးဖြစ်တဲ့ နိုင်ဟံသာက ပြောပါတယ်။
တင်ပြဖို့ ပြင်ဆင်နေကြတဲ့ အချက် ၂ ခုအနက် အစီရင်ခံစာကတော့ NCCT ဖွဲ့စည်းပြီးတဲ့နောက် အစိုးရအဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ၊ လုပ်ငန်းစဉ်တွေကို ခေါင်းဆောင်တွေကို ချပြမှာဖြစ်ပြီး နောက်တခုကတော့ အစိုးရနဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲ ရေး ဆွေးနွေးရာမှာ အဟန့်အတား ဖြစ်နေတဲ့ အကြောင်းအရာတွေကို ဖြတ်ကျော်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေပြီး သုံးသပ် ထား တဲ့ အချက်တွေဖြစ်တယ်လို့ သိရပါတယ်။
အခုဆွေးနွေးနေတဲ့အချက်တွေနဲ့ပတ်သက်ပြီး လက်ရှိ NCCT အစည်းအဝေးပြီးတာနဲ့ တိုင်းရင်းသားတပ်ဖွဲ့ကိုယ်စားလှယ်တွေက မိခင် အဖွဲ့အစည်းတွေထံမှာ ပြန်လည်ချပြဆွေးနွေးကြရမှာဖြစ်ပြီး အဲဒီကမှတဆင့် မြန်မာနိုင်ငံအတွင်းမှာ ပြုလုပ်မယ့် တိုင်းရင်း သား လက်နက်ကိုင် ခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ ထပ်မံဆွေးနွေးကြမှာဖြစ်တယ်လို့ သိရပါတယ်။
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကြားမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် မူကြမ်းတဆောင် ထွက်ရှိရေး နှစ်ဘက်ဆွေးနွေးခဲ့ပေမယ့် အစိုးရစစ်တပ်က တိုင်းရင်းသားတွေဘက်က တင်ပြတဲ့ ဖက်ဒရယ်ဆိုတဲ့ ဝေါဟာရနဲ့ ကာကွယ်ရေး ဆိုင်ရာ ပေါင်းစည်းရေး စတဲ့အချက်တွေကို အစိုးရ စစ်တပ်က ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။
“သဘောကတော့ အခုလက်ရှိ ကျနော်တို့နိုင်ငံရဲ့ တပ်မတော်ကို ဒီပုံစံအဟောင်းအတိုင်းပဲ ရှိမနေချင်တော့ဘူး။ ဖက်ဒရယ် ပြည် ထောင်စု ဆန်ဆန်ပေါ့ဗျာ။ ဖက်ဒရယ်ပုံစံနဲ့ ကိုက်ညီတဲ့ ပုံစံမျိုးကို ကျနော်တို့က ပြင်ချင်တယ်။ အစိုးရ ဘက်က ဒါကို မပြင်ချင်ဘူး” လို့ နိုင်ဟံသာ က ပြောပါတယ်။
အစိုးရ စစ်တပ်က တင်ပြရာမှာ မြန်မာ့တပ်မတော်ထဲမှာ လူမျိုးပေါင်းစုံပါဝင်နေတဲ့ အတွက် လက်ရှိအနေအထားဟာလည်း ပြည် ထောင်စု တပ်မတော်ဖြစ်ကြောင်း အကြောင်းပြခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ အားလုံးကိုလည်း အစိုးရစစ်တပ် တခု တည်း ထိန်းချုပ်မှုအောက်မှာ ထားလိုတဲ့ ရည်ရွယ်ချက်တွေဟာ တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ အမြင်မတူဘဲ အခက်အခဲ ဖြစ်နေတယ် လို့ NCCT က ဆိုပါတယ်။
ဒါ့အပြင် စာချုပ်ထဲမှာ တရားဝင် မပါသေးပေမယ့် တွေ့ဆုံဆွေးနွေးပွဲတွေမှာ တပ်မတော်ဘက်က ကိုယ်စားလှယ်တွေ တင်ပြ ဆွေးနွေး နေကြတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သဘောထား အချက် ၆ ချက်ဟာလည်း နောက်ပိုင်းမှာ အခက်အခဲတွေ ဖြစ်လာဖွယ်ရှိတယ်လို့ နိုင်ဟံသာ က သုံးသပ်ပြောဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သဘောထား ၆ ချက်ထဲမှာ တည်ဆဲဥပဒေတွေကို လေးစား လိုက်နာရန်၊ ဒို့တာဝန်အရေးသုံးပါး နဲ့ ၂၀၀၈ အခြေခံဥပဒေ အတိုင်း လိုက်နာဆောင်ရွက်ရန် စတဲ့ အချက်တွေဟာ စစ်အစိုးရရဲ့ မူဝါဒတွေကို မကြိုက်လို့ တွန်းလှန် ပုန်ကန်ခဲ့ပြီး ၂၀၀၈ အခြေခံဥပဒေတွေကို ကန့်ကွက်ခဲ့တဲ့ တိုင်းရင်းသား အဖွဲ့တွေ အတွက်တော့ အခက်အခဲတွေဖြစ်တယ်လို့ ဆိုပါတယ်။
အခုနှစ် မေလ တတိယပတ်က ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာ(MPC)မှာ အစိုးရနဲ့ NCCT အဖွဲ့က တနိုင်ငံလုံးဆိုင်ရာ အပစ် အခတ်ရပ်စဲရေး မူကြမ်းရေးဆွဲရေး အဖွဲ့တို့တွေ့ဆုံဆွေးနွေးခဲ့ကြရာမှာ တိုင်းရင်းသားတွေဘက်က တင်ပြတဲ့ စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု စနစ်၊ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု စနစ်၊ ဒီမိုကရေစီ၊ အမျိုးသား တန်းတူရေးကို အာမခံ ချက် ပေးသော ဖက်ဒရယ် စနစ် စတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် ၃ မျိုးကို တင်ပြတဲ့အခါမှာ အစိုးရဘက်က ဒီမိုကရေစီ၊ အမျိုးသား တန်းတူရေးကို အာမခံချက် ပေးသော ဖက်ဒရယ် စနစ် ဆိုတဲ့အချက်ကို မူအားဖြင့် သဘောတူခဲ့တယ်လို့ သိရပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ ဘက်ကတော့ နှစ်ဘက်သဘောတူညီနိုင်တဲ့ ဝေါဟာရတွေကို ညှိနှိုင်းပြင်ဆင်ပြီး အကောင်းဆုံး ရလဒ်အတွက် ပြေလည်မှုရရှိနိုင်ရေး ကြိုးပမ်းသွားဖွယ်ရှိပေမယ့် အစိုးရ စစ်တပ်ဘက်က အခြေအနေကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်တယ်လို့ NCCT အဖွဲ့ဝင်တချို့ကလည်း ပြောဆိုပါတယ်။
တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်နိုင်ဖို့ အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေ စုပေါင်း ပါဝင်တဲ့ အစည်းအဝေးကြီးတွေကို ၂၀၁၃ ခုနှစ် နိုဝင်္ဘာလထဲမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေဖြစ်တဲ့ လိုင်ဇာ မြို့မှာ ပြုလုပ်ခဲ့သလို ဒုတိယ အကြိမ်တွေ့ဆုံပွဲကို ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ လော်ခီးလာမှာ ကျင်းပခဲ့ကြပါတယ်။