သာသနာ ရေးဝန်ကြီးဌာနပိုင် ငွေ အလွဲသုံးစားလုပ်သည်ဆိုသော ပြစ်မှုဖြင့် ဖမ်းဆီးအရေးယူခံနေရသော သာသနာရေး ဝန်ကြီး ဟောင်း ဦးဆန်းဆင့်က သူ့အနေဖြင့် အမှားတခုမျှ ကျူးလွန်ခဲ့ခြင်းမရှိကြောင်း နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တရားရုံး တွင် ယနေ့လာရောက် တရားရင်ဆိုင်စဉ် သတင်းထောက်များကို ပြောဆိုသွားကြောင်း သိရှိရသည်။
ရမည်းသင်းအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသော ဦးဆန်းဆင့်ကို ယနေ့ ပုဗ္ဗသီရိမြို့နယ်တရားရုံးသို့ ရုံးထုတ် လာခဲ့ပြီး ဦးဆန်းဆင့်သည် သာသနာရေးဝန်ကြီးဌာန အမှတ်တံဆိပ်ကို သူ၏ တိုက်ပုံအကျၤ ီတွင် တပ်ဆင်ထား ဆဲဖြစ် ကြောင်း သိရှိရသည်။
ဦးဆန်းဆင့်က “ကျနော့်ရပ်တည်ချက် မှန်ကန်သော်လည်း သမ္မတရဲ့ အမိန့်ကို မနာခံဘူး ဆိုပြီး ဒီလို လုပ်တာ။ နိုင်ငံတော်ဘဏ္ဍာကိုလည်း ၅ ပြားတစေ့မှ အလွဲသုံးစားမလုပ်ခဲ့ဘူး။ သစ္စာဆိုရဲပါတယ်၊ ကျနော် ဘာအမှားမှ မလုပ် ခဲ့ဘူး”ဟု ပြောဆိုကြောင်း ဦးဆန်းဆင့် ရုံးထုတ်မှုကို သွားရောက် သတင်းရယူခဲ့သူ ဂျပန်NHK သတင်းဌာနမှ သတင်းထောက် ဦးသီဟသွေးက သူ၏ ဖေ့ဘုတ်စ် စာမျက်နှာတွင် ရေးသားထားသည်။
ဦးဆန်းဆင့်က သူ့တွင် အပြစ်မရှိကြောင်း သတင်းလာရောက်ရယူသည့် မီဒီယာများကို တတွင်တွင်ပြောဆိုခဲ့ပြီး ရုံးထုတ်စဉ် အတားအဆီးများကြားမှ မီဒီယာများသို့ မကြာခဏဆိုသလို သူပြောလိုသည်များကို ကျယ်ကျယ် လောင် လောင် ပြောဆိုခဲ့ကြောင်း သိရှိရသည်။
သမ္မတဦးသိန်းစိန်က ဦးဆန်းဆင့်ကို နိုင်ငံပိုင်ငွေများအလွဲသုံးစားလုပ်သည်ဟု ဆိုကာ နေပြည်တော် ပုပ္ဗသီရိမြို့နယ် တရားရုံး၌ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၉/ ၁၀၉ ဖြင့် အမှုဖွင့်ခဲ့ပြီး ရာထူးမှလည်း အနားပေးခဲ့သည်။
သမ္မတဦးသိန်းစိန်၏ ဇူလိုင်လ ၃ ရက်နေ့ ပြည်သူသို့ လစဉ် ပုံမှန် ပြောဆိုသော မိန့်ခွန်းတွင် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုဝန်ကြီးများကို ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံရန် ညွှန်ကြားထားပြီး ပြည်သူလူထု၏ အကျိုးစီးပွား အတွက် အန္တရာယ် ရှိလာသောအခါ ထိရောက်သော အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့ရာ ယင်းပြောဆိုချက်သည် ဝန်ကြီး ဦးဆန်းဆင့်ကို အရေးယူခဲ့ရမှုအပေါ် ရည်ညွှန်းပြောဆိုခြင်းဖြစ်ကြောင်း ပြည်တွင်းနိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုသည်။