Miss Asia Pacific World အလှမယ် မေမြတ်နိုးနဲ့ သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ မလှနုထွန်းတို့ အကြား သဘောထား ကွဲလွဲမှုတွေ ဆက်တိုက်ဖြစ်နေတယ်လို့ သိရပါတယ်။
အိုအေစစ် အနုပညာဂျာနယ်မှာ အလှမယ်မေမြတ်နိုးနဲ့ ပတ်သက်လို့ မလှနုထွန်းရဲ့ သဘောထားတွေပါတဲ့ အင်တာဗျူး ဖော်ပြပြီး နောက်ပိုင်းမှာကတည်းက သူတို့တတွေရဲ့ အတွင်းရေးပြဿနာတွေ လူသိရှင်ကြား ဖြစ်လာတာပါ။
သူတို့တွေအကြား သဘောထားကွဲလွဲမှုတွေ ဖြစ်နေတာ Aiss Asia Pacific World ပြိုင်ပွဲအပြီး မေမြတ်နိုး ဆုရခဲ့တဲ့ နောက်ပိုင်း ကတည်းက ဖြစ်ပါတယ်။
“သူ့အမေက ချုပ်ကိုင်နေတော့တာပဲ၊ မေမြတ်နိုးကတော့ သူမသိဘူး၊ သူမမှားဘူးပဲ ပြောနေတယ်၊ အောင်မြင်မှုဒဏ် အရမ်း ကြီးသွားတယ် ထင်တယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ မလှနုထွန်းက ဆိုပါတယ်။
Miss Asia Pacific World အလှမယ် မေမြတ်နိုးရဲ့ အနုပညာ လုပ်ငန်းတွေ အားလုံးအတွက် မလှနုထွန်းက တရားဝင် တာဝန်ယူထားသူ ဖြစ်နေပေမယ့်လည်း လက်ရှိမှာတော့ မေမြတ်နိုးရဲ့ မိခင်ဖြစ်သူကသာ ချယ်လှယ် လုပ်ကိုင်နေတယ်လို့ သူက ဆက်ပြောပါတယ်။
သဘောထား ကွဲလွဲရတာတွေကတော့ ကတိပေးထားတဲ့ အလုပ်ကိစ္စတွေမှာ အချိန်နောက်ကျတာ၊ တာဝန်ရှိသူတွေကို မချေမငံ ဆက်ဆံတာတွေကြောင့် မေမြတ်နိုးရဲ့ အလှမယ်ဆုရ သရဖူကို ပြန်သိမ်းဖို့ ကိုရီးယားနိုင်ငံက တာဝန်ရှိသူတွေက
အီးမေးလ် ပို့လာတယ်တဲ့အပေါ် ပြန်လည်တောင်းပန် ရတယ်လို့ မလှနုထွန်းက ရှင်းပြပါတယ်။
“မေမြတ်နိုးပရိသတ်တွေက သရဖူရတဲ့အပေါ် အရမ်းဝမ်းသာကြတာ၊ တကယ်လို့ သရဖူသာ ပြန်အသိမ်းခံရရင် ပရိသတ်တွေ စိတ်ထိခိုက်ကြမှာ ကျမ မလိုလားဘူး။ စာချုပ်စာတမ်းနဲ့ မလုပ်လိုက်မိတာ ကျမ မှားသွားတာ” လို့ သူက ပြောပါတယ်။
အသက် ၁၈ နှစ်သာရှိသေးတဲ့ မေမြတ်နိုးဆိုတာ နိုင်ငံတကာပြိုင်ပွဲမှာ မြန်မာနိုင်ငံအတွက် ပထမဆုံး မယ်သရဖူကို ရယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။
အခုလိုမျိုး သူရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာနဲ့ ပြဿနာတွေဖြစ်ရတဲ့ အဓိက အကြောင်းရင်း တွေကတော့ ပြောဆို ဆက်ဆံမှုကို လက်မခံတာ၊ တာဝန်ရှိသူတွေကနေ တဆင့်သွားရမယ့် ကုမ္ပဏီနဲ့ အဖွဲ့အစည်းရဲ့ ကြော်ငြာနဲ့
ဓာတ်ပုံ ရိုက်ကူးမှု စတဲ့ အလုပ်တွေကို သူ့သဘောနဲ့သူ လုပ်ဆောင်နေတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
“သူ့သရဖူကြီး ပိုက်ပြီး ပျော်ပျော်နေတော့ ဆိုပြီး လွှတ်ပေးလိုက်ချင်ပြီ။ ထပ်ပြီး အရှက်ကွဲ မခံချင်တော့ဘူး၊ သူတို့တတွေ ပွဲတွေသွားတယ်၊ အဆင်မပြေရင် ကျမဆီ ငိုယိုပြီး ဖုန်းဆက်တယ်၊ အမျိုးမျိုးတွေ လုပ်နေလို့ ရူးတော့မယ်” လို့လည်း မလှနုထွန်းက ဧရာဝတီကို ပြောပါတယ်။
မေမြတ်နိုးနဲ့ ပတ်သက်ပြီး ဖြစ်လာသမျှ ပြဿနာတွေအားလုံးကို အဓိက တာဝန်ယူထားသူဖြစ်တဲ့ မလှနုထွန်းဆီကိုသာ
တိုက်ရိုက် ပြောဆို တိုင်ကြားနေတာကြောင့် သူနဲ့ပတ်သက်တဲ့ ကိစ္စအားလုံးကို ပရိသတ်တွေက သေချာ မသိကြတာကြောင့် သူ့ကိုပဲ အပြစ်မြင်ကြမှာ စိုးတယ်လို့လည်း သူက ဆိုပါတယ်။
ပြိုင်ပွဲမဝင်ခင် သင်တန်း ကာလမှာကတည်းက မေမြတ်နိုးအတွက် မလှနုထွန်းတို့က ရင်းနှီးထားခဲ့ ရတာတွေရှိသလို သူ့ကို မြေတောင် မြှောက်ပေးခဲ့တဲ့အတွက် ရရှိတဲ့ အနုပညာကြေးတွေထဲက ၃၀ ရာခိုင်နှုန်းကို ၃ နှစ်စာချုပ်နဲ့ ပေးဖို့
နှုတ်အားဖြင့် သဘောတူထားပေမယ့် စာချုပ်မှာတော့ အခုအချိန်ထိ လက်မှတ်မထိုးရသေးဘူးလို့ သိရပါတယ်။
အခုလိုမျိုး မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ မလှနုထွန်းတို့ တာဝန်ရှိသူတွေ ဘက်ကသာ မေမြတ်နိုးနဲ့ ပတ်သတ်လို့ သတင်းတွေနဲ့ ရှင်းလင်းချက်တွေကို ပြောဆို ထုတ်ပြန်နေပေမယ့် ကာယကံရှင် မေမြတ်နိုး ဘက်ကတော့ ဖြေရှင်းဖို့ ငြင်းဆန်နေပါတယ်။
“ကျေးဇူးရှင်ကို ဘာမှ မဝေဖန်ချင်ဘူး၊ ပြောစရာလည်းမရှိဘူး၊ အချိန်တန်မှ သတင်းစာရှင်းလင်းပွဲလုပ်မယ်၊ အဲဒီအချိန်ကျမှ အကြောင်းစုံပြောပြပါမယ်” လို့ မေမြတ်နိုးက ဧရာဝတီရဲ့ မေးမြန်းချက်ကို ဖြေပါတယ်။
သူ့ရဲ့ သရဖူကို ပြန်သိမ်းမယ် ဆိုတဲ့ကိစ္စ၊ တာဝန်ရှိသူတွေနဲ့ သဘောထား မတိုက်ဆိုင်တဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ မေးမြန်းပေမယ့်လည်း ဖြေချင်တဲ့ဆန္ဒ မရှိသေးဘူးလို့ ဆိုပါတယ်။
ကာယကံရှင် မေမြတ်နိုးရဲ့ မိခင်ကလည်း သမီးဖြစ်သူကို ထိန်းချုပ်မထားဖို့နဲ့ ကိုယ်တိုင် ထိန်းသိမ်းခွင့်ရဖို့ တုန့်ပြန်ထားတယ်လို့ သတင်းတချို့မှာ ရေးသားထားတာ တွေ့ရပါတယ်။