မြန်မာ့သဘင်တွင် အငြိမ့်နှင့်ဇာတ် ဟူ၍ရှိရာ အခြေခံအားဖြင့် ဇာတ်သည် မင်းသား အသားပေး ကရသော သဘင်၊ အငြိမ့်ဆိုသည် မှာ မင်းသမီး အသားပေး ကရသော သဘင်ပညာရပ် ဖြစ်သော်လည်း ယခုခေတ်တွင် လူရွှင်တော်များကို အသားပေး၍ မင်းသမီး က အဖြည့်သဘော ဖြစ်နေကြောင်း၊ မြန်မာ့ရိုးရာ အငြိမ့်သဘင် စစ်စစ်ကို ပြန်လည် ဖော်ထုတ် တင်ပြချင်သည့် ရည်ရွယ်ချက်ဖြင့် နှစ်နှစ်ခန့် အချိန်ယူလေ့လာခဲ့ပြီးမှ အငြိမ့် ပန်းချီကားများ ရေးသားခဲ့ကြောင်း ပန်းချီသက်စုက ပြောသည်။
ပန်းချီ သက်စုသည် မြန်မာ့ရိုးရာ အငြိမ့်ကို စိတ်ဝင်စားသောကြောင့် အငြိမ့်ထောင်ထားသော အိမ်များတွင် အငြိမ့် မင်းသမီး စစ်စစ်များထံ သွားရောက်လေ့လာသည်။ လူထုဒေါ်အမာ၊ ဒေါ်ဩဘာသောင်း စသည့် ပညာရှင်များ၏ စာအုပ်များကို ဖတ်မှတ်ခဲ့ပြီးမှ ပန်းချီကားများ ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ သူ၏ အငြိမ့် အမည်ရှိ ပန်းချီပြပွဲကို ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ လောကနတ် ပန်းချီပြခန်းတွင် ဇွန် ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပြသထားသည်ကို ကြည့်ခဲ့ရ သည်။
သူ့ ပန်းချီပြပွဲ ဖွင့်ပွဲနေ့တွင် အငြိမ့်ကို သရုပ်ပြသည့် အနေဖြင့် မင်းသမီးတလက်က မြန်မာအငြိမ့် စစ်စစ်ကို ဆိုင်းဝိုင်းဖြင့် ကပြ သရုပ်ဖော်ကာ၊ စာရေးဆရာ ချစ်ဦးညိုကလည်း အငြိမ့်သဘင်နှင့် ပတ်သက်သည့် မှတ်သားလောက်စရာ စကားများ ဆိုခဲ့သေးသည်ဟု သိရသည်။
“မြန်မာ့ရိုးရာ အငြိမ့်ကို စိတ်ဝင်စားပြီး လေ့လာ မိရာမှ ပန်းချီကားများကို ဖန်တီးဖြစ်ခဲ့ ပါတယ်၊ ဖန်တီးရာမှာလည်း ရိုးရာဟန်နှင့် ယနေ့ခေတ်အမြင်ကို ပေါင်းစပ်ပြီး ရေးဆွဲခဲ့ပါတယ်၊ မြန်မာ့အငြိမ့် သဘင် စစ်စစ်ကို ပြန်လည် ဖော်ထုတ်ချင်တဲ့ စိတ်အာသီသ ကြောင့် ယခုပြပွဲကို ပြသရခြင်း ဖြစ်ပါတယ်”ဟု သက်စုက သူ့ ပန်းချီပြပွဲ ကက်တလောက်တွင် ရေးသားထားသည်။
သက်စု၏ ပန်းချီကား ၁၄ ကားစလုံးတွင် အရောင်များက ထူးခြားကာ ဆွဲဆောင်မှု ရှိလှသော်လည်း ရိုးရာဟန် အနက်ရောင်လိုင်းများဖြင့် အနားသတ်ထားသည်။ ပန်းချီကားများက ကြွမနေဘဲ အပြားလိုက် ဖြစ်နေသော်လည်း ခေတ်ပြိုင် အနုပညာကိုပါ ခံစားမိ သည်။ ဒါသည်ပဲ သက်စု၏ဟန် ဖြစ်လိမ့်မည်ဟု ယူဆမိသည်။
“မြန်မာ့ရိုးရာ အငြိမ့် ဆိုတာကို ပန်းချီရေးတော့မယ် ဆိုတော့ စဉ်းစားတယ်၊ သူများတွေလည်း ရေးကြတယ်လေ၊ ကိုယ်ပိုင်ဟန်တခု ရအောင် ဘယ်လိုရေးမလဲ စဉ်းစားတော့ မြန်မာ့ရိုးရာ နည်းနဲ့ပဲ လိုင်းတွေနဲ့ အပြားလိုက် ရေးတာ ကောင်းမယ် လို့ တွေးမိတယ်၊ ဒါပေမယ့် အရောင်တွေကိုတော့ Contemporary ဖြစ်အောင် သုံးထားတယ်”ဟု သက်စုက ဆိုသည်။
နောက်ခံ အပြာရင့်ပေါ်မှာ မင်းသမီးက လိမ္မော်ရောင်၊ နောက်ခံအစိမ်းပေါ်မှ အနီရောင် ဝတ်စုံဖြင့် မင်းသမီး၊ အပြာလွင်လွင်နောက် ခံဖြင့် ကဗျာလွတ် ကနေသည့် နနွင်းရောင် မင်းသမီး စသည်ဖြင့် အရောင်များ၏ ဆွဲငင်မှုကြောင့် ငြိမ့်ညောင်းစွာ က,နေသည့် မင်းသမီးများက အသက်ဝင်နေသည်သို့။ ထိုထက် အငြိမ့်၏ Symbol များဖြစ်သော ဗုံကလေးများ၊ လင်းကွင်းကလေးများ၊ ခြောက်လုံးပတ် ကလေးများ၊ မင်းသမီး ကိုင်သည့် ယပ်တောင်ကလေးများ အပြင် လူရွှင်တော်များကို သရုပ်ဖော်ရာတွင် ဝါးလက်ခုပ်၊ နှဲ စသည်ဖြင့် တူရိယာပစ္စည်းများကို ထည့်သွင်းရေးဆွဲ ထားသည်က ရိုးရိုးလေးနှင့် ဆန်းပြားနေသည်။

“မင်းသမီးတွေ၊ လူရွှင်တော်တွေကို ရေးပြီးတော့ တခုခု လိုနေသလို ခံစားရတယ်၊ အဲဒါနဲ့ အငြိမ့်နဲ့ သက်ဆိုင်တဲ့ တူရိယာပစ္စည်း ကလေးတွေ ထည့်ရေး လိုက်တော့ ပိုလှုပ်သွားတယ်၊ အသံမြည်လာသလို ထင်လာရတယ်”ဟု သက်စုက သူ့ ပန်းချီကားများနှင့် ပတ်သက်၍ ရှင်းပြသည်။
အငြိမ့်၏ အခြေခံများထဲတွင် ပါသော ကဗျာလွတ်အက တချို့နှင့် ခုနစ်ထွေအကကို သက်စု၏ ပန်းချီကားများထဲတွင် တွေ့ရသည်။
ယခုခေတ် အငြိမ့်ဟူ၍ က,ကြရာတွင် မင်းသမီး ကလည်း အငြိမ့်မင်းသမီး မဟုတ်ဘဲ ရုပ်ရှင်မင်းသမီးများ၊ မော်ဒယ်လ်များက ဝင် က၊ လူရွှင်တော်များကလည်း လူရွှင်တော်အစစ် မဟုတ်ဘဲ မင်းသားများက ဝင်ပြက်နေချိန် အငြိမ့် ဆိုသည်မှာ ဤသို့ဖြစ်သင့် သည် ဟု သက်စုက ပြောလိုဟန် ရှိသည်။
“အခုက အငြိမ့်ဆိုတာကို သေသေချာချာ မကကြတော့ဘူး၊ မင်းသမီး က,တာကိုလည်း မကြည့်ချင်တော့ဘူး၊ အရင်ကဆိုရင် မင်းသမီး က,တာကို တခုတ်တရ ကြည့်ရတာ၊ တကယ်တော့ အငြိမ့်ကို သေသေချာချာ ပညာသားပါပါ က,ရင် သိပ်ကြည့် လို့ ကောင်းတယ်၊ လူတွေလည်း ကြည့်ကြမှာပဲ၊ ခုနစ်ထွေအကကို အခုခေတ်မှာ တချို့ က,ကြတာ တွေ့ဖူးလိမ့်မယ်၊ မင်းသမီးက ခုနစ်ထွေမှာပါတဲ့ ဝန်ကြီးတို့၊ ဘီလူးတို့၊ သူငယ်တော်တို့ရဲ့ အဝတ်တွေကို ဝတ်ပြီး က,ကြတာလေ၊ တကယ်တော့ မဟုတ်ဘူး၊ မင်းသမီးက သူ့ မင်းသမီးအဝတ်အစား အတိုင်းပဲ ဝတ်ပြီး မျက်နှာ အမူအရာနဲ့ ဟန်ပန်နဲ့ ပညာပြရတာ”ဟု သက်စုက ရှင်းပြသည်။ သူ့ ပန်းချီကား ၁၇ ကားထဲ တွင် ခုနစ်ထွေအက ခုနစ်မျိုးစလုံး ပါနေသည်ကို တွေ့ရသည်။
အမျိုးသမီး ပန်းချီဆရာများ နည်းပါးနေချိန်တွင် အမျိုးသမီး တဦးအနေဖြင့် တကိုယ်တော်ပြပွဲ ပြုလုပ်နိုင်ရန် ကြိုးပမ်းရသည်က သက်စုအတွက် လွယ်ကူလှသည်တော့ မဟုတ်၊ သူ၏ ခင်ပွန်းသည်ကသာ နားလည်မှု မပေးနိုင်လျှင် သူ့အနေဖြင့် ယခုကဲ့သို့သော ပန်းချီပြပွဲတရပ် ခင်းကျင်း ပြသနိုင်ရန် မလွယ်ကူဟု သူက ဆိုသည်။
“အမျိုးသမီးတွေ ပန်းချီပြပွဲ မလုပ်နိုင်တာ မပြောနဲ့၊ တချို့ဆို ဝါသနာတော့ ပါခဲ့တယ်၊ နောက်ပိုင်း အိမ်ထောင်ကျပြီး အိမ်ထောင့် တာဝန်တွေနဲ့ ရုန်းကန်နေရပြီး ပန်းချီပြခန်းကိုတောင် မလာနိုင်ကြတာ အများကြီး”ဟု သူက ပြောသည်။
အသက် ၃၅ နှစ် အရွယ်ရှိပြီ ဖြစ်သော သက်စုသည် ငယ်စဉ်ကလေးဘဝ ပန်းချီဆိုသည်ကို ဘာမှန်း မသိခင် အချိန်ကတည်းက ပန်းချီကို စိတ်ဝင်စားခဲ့သည်။ အရွယ်ရောက်တော့ ပန်းချီဝင်းဖေမြင့်ဆီမှာ တပည့်ခံ သင်ယူခဲ့သည်။ လူကြီးမိဘများက ပန်းချီနှင့် မိန်းကလေး မသက်ဆိုင်ဟုဆိုကာ အားမပေးသောကြောင့် မိမိစရိတ်ဖြင့် မိမိ အကုန်အကျ ခံကာ ပန်းချီပညာကို သင်ယူရသူ ဖြစ်သည်။ အိမ်ထောင် ကျပြီး ချိန်တွင်တော့ ခင်ပွန်းဖြစ်သူက အားပေးသဖြင့် ပန်းချီ ဆက်လက်ရေးခွင့်ရခဲ့သည်။
သက်စုသည် ၂၀ဝ၆ ခုနှစ်မှ ၂၀၁၃ ခုနှစ် အတွင်း အုပ်စုပန်းချီပြပွဲ ၁၆ ပွဲတွင် ပါဝင်ပြသခဲ့သည်။

“ကျမ ပန်းချီရေးမယ်၊ အိမ်မှုကိစ္စတွေ မလုပ်နိုင်ဘူး ဆိုတော့ သူက အိမ်မှုကိစ္စတွေ လုပ်ပေးတယ်၊ တခါတလေ ဘာမှ မချက်နိုင်တဲ့ အခါ ကြက်ဥကြော် နဲ့ပဲ ပြီးလိုက်ရတာလည်း ရှိတယ်၊ အိမ်ထောင်ဘက်က အားမပေးရင် အမျိုးသမီး အနုပညာရှင်တွေ ပေါ်ထွက် လာဖို့ မဖြစ်နိုင်ပါဘူး”ဟု သက်စုက ဆိုသည်။
မျက်နှာတွင် သနပ်ခါးပါးကွက်ကျားဖြင့် စကားကို ရိုးရိုးရှင်းရှင်း ဆိုတတ်သော တောင်ကြီးသူ သက်စုသည် တခြားသော အမျိုးသမီးများကဲ့သို့ပင် အိမ်ထောင့်တာဝန်၊ စားဝတ်နေရေး အတွက် ပုံမှန်အလုပ် လုပ်ကိုင်နေရသူ ဖြစ်သည်။
“လူလွတ်ဆိုရင်လည်း မိဘမောင်ဖားတွေက ပန်းချီဆိုတာကို မိန်းကလေးနဲ့ မသက်ဆိုင်ဘူး ဆိုပြီး မချုပ်ချယ် စေချင်ဘူး၊ အိမ်ထောင်သည် ဆိုရင်လည်း ခင်ပွန်းသည်ဘက်က ပံ့ပိုးပေးစေချင်တယ်”ဟု သူ့ဆန္ဒကို ပြောဆိုသည်။ ။