ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) ထိန်းချုပ်ရာ ဒေသများ၌ အစိုးရ စစ်တပ်က စစ် အင်အား တိုးချဲ့၍ စစ်ရေး ပြင်ဆင်နေကြောင်း သိရသည်။
SSPP/SSA ထိန်းချုပ်ရာ ဒေသများသို့ အစိုးရ စစ်တပ်များ အလုံးအရင်းနှင့် တိုးချဲ့လာကြောင်း၊ လက်ရှိတွင် ပြင်းထန်သည့် တိုက်ပွဲကြီးများ မရှိသော်လည်း ရန်စတိုက်ခိုက်မှုများရှိ၍ ကျီးလန့်စာစား ဘ၀ ဖြစ်နေရကြောင်း၊ အကယ်၍ အင်အားသုံး တိုက်ခိုက်လာပါက မိမိတို့ အနေဖြင့် ပြန်လည် ခုခံကာကွယ် တိုက်ခိုက်ရမည် ဖြစ်ကြောင်း SSPP/SSA အထွေထွေ အတွင်း ရေးမှူး စဝ်ခွန်ဆိုင် က ဧရာဝတီ ကို ပြောသည်။
“ကျနော်တို့ နယ်မြေထဲကို ဇွန်တလတည်းမှာပဲ တပ်ရင်းတွေ ၇ ခုလောက် တိုးချလာတယ်၊ ၁၂၀ မမ လိုမျိုး လက်နက်ကြီး တွေ တပ်ဆင်လာတယ်၊ ဘာကြောင့်ဆိုတာ စဉ်းစားမရဘူး၊ ဒီလိုမလုပ်ဖို့ တားဆီးပေးပါလို့ ဦးအောင်မင်းဆီ စာရေးအကြောင်း ကြားရင် လည်းပဲ သမ္မတ ဆီ တင်ပြပေးမယ်ပဲ ပြောနေတယ်”ဟု စပ်ခွန်ဆိုင် က ဆိုသည်။
တိုးချဲ့လာသည့် အစိုးရ တပ်များမှာ ခြေလျင် တပ်ရင်း(ခလရ) ၂၄၇ ၊၂၄၈ ၊၂၉၄ ၊ ၂၈၇ ၊ ၁၂ ၊ ၉ နှင့် ခြေမြန် တပ်ရင်း(ခမရ) ၅၁၆ စသည့် တပ်များ ဖြစ်ကြောင်းလည်း ၎င်းက ပြောပြသည်။
ရှမ်းပြည်နယ် အတွင်းရှိ SSPP/SSA ထိန်းချုပ်ရာ ကျေးသီး၊ မိုင်းရှုး၊ တန့်ယန်း မြို့နယ်များတွင် အစိုးရ စစ်တပ်က ၎င်းတို့၏ တပ် စခန်းများကို ဇွန်လ ၁၁ ရက်နေ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း၊ ဇွန်လ ၂၄ ရက်တွင် မန္တလေး ဘက်မှ စစ်ကား အစီး ၅၀ ဝန်းကျင်ကို တန့်ယန်းဒေသ သို့ စစ်ရေး ဖြည့်တင်းထားကြောင်း SSPP/SSA က ပြောဆိုသည်။
ထို့အတူ ဇွန်လ ၂၆၊ ၂၇ ရက် တို့တွင်လည်း အစိုးရ တပ်များက တန့်ယန်းမြို့နယ်ရှိ SSPP/SSA စခန်းများကို ပစ်ခတ် ခဲ့ကြောင်း၊ ဒေသခံများက စိုးရိမ်နေကြကြောင်း၊ SSPP/SSA အနေဖြင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လက်မှတ် ရေးထိုး ထားပြီး တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးစာချုပ် ရေးထိုးနိုင်ရန် ကြိုးပမ်းနေချိန်တွင် စစ်အင်အား တိုးချဲ့မှု မလုပ်သင့်ကြောင်း စဝ်ခွန်ဆိုင် က ရှင်းပြသည်။
“အစိုးရ နဲ့လက်မှတ်ထိုးထားတဲ့ စာချုပ်ပါအချက်တွေကို ကျနော်တို့ဘက်က ဖောက်ဖျက်တာ ဘာမှ မရှိသေးပါဘူး၊ မကြာခင် ရက် ပိုင်းမှာ နေပြည်တော်သွားပြီး ဒီကိစ္စတွေ ဆွေးနွေးဖို့ ရှိပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ လကုန်ပိုင်းကလည်း SSPP/SSA ၏ အရေးကြီးသော တပ်စခန်း ၂ ခုဖြစ်သည့် မိုင်းရှုးမြို့နယ် တာ့စံပူး ကူးတို့ ဆိပ် နှင့် ကျေးသီး မြို့နယ် လွိုင်ကျို့ တောင်ကုန်း တပ်စခန်း တို့ကို အစိုးရ စစ်တပ်က ၂ ရက်ကြာ တိုက်ခိုက်ပြီး သိမ်းယူမှု ပြုလုပ် ခဲ့သေးသည်။
အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်မင်းကမူ တိုက်ပွဲများ ယခင်ထက် အဆပေါင်းများစွာ လျော့ကျသွားပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲကိုလည်း မကြာမီ လအနည်းငယ်အတွင်း ဆောင်ရွက်နိုင်တော့မည်ဟု မီဒီယာများကို မကြာ သေးခင်က ပြောဆိုခဲ့သည်။
ထို့အတူ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်း ရေး အဖွဲ့ (NCCT) တို့သည် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်မူကြမ်းကို ရန်ကုန်မြို့၌ ဆွေးနွေးခဲ့ကြ သော် လည်း အခက်အခဲတချို့ ရှိနေကြောင်း၊ ဖက်ဒရယ် ဟူသော စကားလုံးနှင့် ကာကွယ်ရေးဆိုင်ရာ ပေါင်းစည်းရေး တို့ကို တပ်မတော် က လက်မခံနိုင် ဖြစ်နေကြောင်း NCCT ခေါင်းဆောင် နိုင်ဟံသာ က ပြောသည်။
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့်ပတ်သက်၍ တိုင်းရင်းသား ခေါင်းဆောင်များသည် ချင်းမိုင်မြို့၌ ဇူလိုင်လ ၁ ရက်မှ ၃ ရက် အထိ ဆွေးနွေးခဲ့ကြပြီး ထိပ်သီး အစည်းအဝေးတခုကို ဇူလိုင် ဒုတိယပတ်တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ် ရာ ဒေသ၌ ကျင်းပရန် ရှိကြောင်းလည်း သိရသည်။