မကွေးတိုင်း ဒေသကြီး စလင်းမြို့နယ်တွင် ဧရာဝတီမြစ် ကမ်းပါးပြိုမှုများကြောင့် ရွာပေါင်း ၆ ရွာရှိ အိမ်ခြေ ၄၀၀ ခန့် ပြောင်းရွေ့ရပြီး လတ်တလော အခြေအနေအရ စားဝတ်နေရေး ခက်ခဲနေသည်ဟု သိရသည်။
ဧရာဝတီ မြစ်ကမ်းပါး ပြိုမှုကြောင့် စလင်းမြို့နယ်ရှိ ရေပေါ်ကျွန်းရွာ၊ ဘိုကုန်းရွာ၊ ကျူတောရွာနှင့် ဇီးဖြူပင် မြို့နယ်မှ ကျွန်းသာ အရှေ့ရွာ၊ အနောက်ရွာနှင့် ရေလယ်မြောင်းရွာ များသည် ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှ စတင်၍ ပြောင်းရွှေ့ရခြင်း ဖြစ်ကြောင်း ဒေသခံ များက ပြောပြသည်။
ဒေသခံ တဦးဖြစ်သည့် ဦးဝင်းတင်က“ကမ်းပါးပြိုတဲ့ ရွာတွေကတော့ လောလောဆယ် အခြားရွာတွေမှာ ကပ်နေရတယ်။ ကျနော်တို့လို ဒုက္ခသည်တွေကို မြေကွက် တတောင်ကို ကျပ် တသိန်းနဲ့ ရောင်းနေတာတွေ ရှိသေးတယ်။ ကျနော်တို့ကတော့ မဝယ်နိုင်ပါဘူး”ဟု ဧရာဝတီ ကို ပြောသည်။
သက်ဆိုင်ရာ အစိုးရ အာဏာပိုင်များ၏ လာရောက် ကူညီမှုလည်း အားနည်းသည်ဟု မြစ်ကမ်းပါးပြိုမှုဒဏ် ခံရသည့် ဘိုကုန်းကျေးရွာမှ ဦးဝင်းတင် က ဆက်လက် ပြောဆိုသည်။
စလင်းမြို့တွင် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ၂၀၁၁ ခုနစ်မှ စတင်၍ နှစ်စဉ် ဧရာဝတီ မြစ်ကမ်းပါး ပြိုကျမှုများ ဖြစ်ပွားခဲ့ သည်။
ကမ်ပါးပြိုသည့် အတွက် နေအိမ်များ ပြောင်းရွှေ့ရပြီး အလုပ်အကိုင် ခက်ခဲလာ၍ စာဝတ်နေရေး အဆင်မပြေမှုများ ကြုံတွေ့နေရ သည်ဟု ဒေသခံများက ပြောဆိုသည်။
မြစ်ကမ်းပါးပြိုမှု ဆက်တိုက် ဖြစ်ပွားနေခြင်းကြောင့် ကမ်းပါးနှင့် နီးစပ်သည့် ရွာများသည် လွတ်ကင်းရာ ကုန်းဘက်သို့ သွားရောက် ခိုလှုံနေရကြောင်း၊ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ ရွာသားများ ပူးပေါင်း၍ ရွာပြောင်းရွှေ့မှုများ ပြုလုပ်နေရကြောင်း ဒေသခံ တဦး ဖြစ်သည့် ဦးကံလှိုင် ဆိုသူကလည်း ပြောပြသည်။
“ကျနော်တို့ မြေကွက်တွေ မရှိတော့ဘူး။ ကမ်းပါးပြိုတဲ့ အထဲ ပါသွားတယ်။ ဝယ်နေရမယ် ဆိုရင်လည်း အဆင်မပြေဘူး။ ယာ လုပ် ဖို့လည်း လယ်တွေ မရှိတော့ဘူး။ ရွာ ၆ရွာ လူဦးရေ နှစ်ထောင် ကျော်လောက်တော့ ဒုက္ခ ရောက်နေတယ်။ ရွာပြန်တည်ဖို့တော့ မဖြစ်နိုင်သေးဘူး”ဟုလည်း ၎င်းက ပြောသည်။
စလင်းမြို့နယ်ရှိ ဧရာဝတီ မြစ်ကမ်းဘေးတွင် နေထိုင်သည့် ရွာပေါင်း ၁၂ ရွာ ရှိပြီး လက်ရှိ အချိန်တွင် ၆ ရွာ ပြောင်းရွှေ့ပြီး ဖြစ် ကြောင်း သိရသည်။