ကမ္ဘာ့ဒီမိုကရေစီ ဆုတ်ယုတ် ကျဆင်းမှုကြီး

လယ်ရီ ဒိုင်းမွန်း

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

တကမ္ဘာလုံးက ယူကရိန်းနိုင်ငံအပေါ်မှာပဲ အသက်ရှုမှားမတတ် စောင့်ကြည့်နေချိန်။ တစထက်တစ အတင့်ရဲလာတဲ့ ဗလာဒီမာပူတင် နောက်ထပ်ဘယ်လို ခြေလှမ်းတွေ လှမ်းလာမလဲဆိုတာကို သတိထားနေချိန်။ အဲဒီအချိန်မှာ ဒီမိုကရေစီ အပေါ်ကို ကျရောက်လာနေတဲ့ အန္တရာယ်ပြု ခြိမ်းခြောက်မှုတွေက တခြားမျက်နှာစာတွေမှာလည်း ပြင်းထန်လို့ လာနေပါတယ်။ တကယ်တော့လည်း အဲဒီလိုဖြစ်နေတာက အသစ်အဆန်းတော့ မဟုတ်ပါ။

ကမ္ဘာ့နိုင်ငံတွေမှာ နိုင်ငံရေးနဲ့ နိုင်ငံသား အခွင့်အရေးတွေ၊ လွတ်လပ်မှုတွေ တိုးပွားလာရမယ့်အစား ဆုတ်ယုတ် ကျဆင်းသွားတာက ၂၀၁၃ ခုနှစ်မှာဆိုရင် ၈ နှစ်မြောက် ဖြစ်သွားပါပြီလို့ ဖရီးဒမ်းဟောက်စ် အဖွဲ့ကြီးက တင်ပြထားပါတယ်။ ၂၀၀၅ ခုနှစ်မတိုင်ခင်မှာ ဒီမိုကရေစီတွေ ကျယ်ပြန့်ထွန်းကားလာတာ ဆယ်စုနှစ်တွေနဲ့ ချီအောင် ကြာမြင့်ခဲ့ပေမယ့် ၂၀၀၅ ခုနှစ် မတိုင်မီမှာတော့ ရပ်တန့်သွားပါတော့တယ်။ လွတ်လပ်မှုတွေ ထွန်းကားတယ်လို့ ပြောနိုင်တဲ့ နိုင်ငံပေါင်း ၆၀ ရာခိုင်နှုန်းလောက်မှာ တန့်သွားတာလည်း ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ် ပါကစ္စတန်နိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တဲ့ အချိန်က စတင်ပြီး ဒီမိုကရေီတွေ ပြိုကျပျက်စီးတဲ့နှုန်းက အခုအချိန်အထိ အရှိန်ရနေဆဲပါ။ ဒီမိုကရေစီ ၅ နိုင်ငံမှာ ၁ နိုင်ငံလောက်က အခြေအနေတွေ ယိုင်နဲ့လာတယ်လို့လည်း နောက်တမျိုးပြောနိုင်ပါသေးတယ်။

အာရပ်အာဏာရှင်တွေ ၂၀၁၁ ခုနှစ်မှစပြီး တနိုင်ငံပြီး တနိုင်ငံ ပြုတ်ကျသွားခဲ့တော့ ဒီမိုကရေစီ ရုတ်တရက် တဟုန်ထိုး ဖွံ့ဖြိုးတိုးတက်လာတော့မယ်ဆိုတဲ့ နိမိတ်လိုတောင် ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် တကယ်တော့ ဖြစ်မလာခဲ့ပါ။ အာရပ်ကမ္ဘာမှာ နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံး ဒီမိုကရေစီ နိုင်ငံအဖြစ် တူနီးရှားနိုင်ငံက ထွက်ပေါ်လာခဲ့ပေမယ့် အီဂျစ်နိုင်ငံကတော့ ဟူစနီ မူဘာရက် အုပ်ချုပ်ခဲ့ချိန် နောက်ဆုံး ၁၀ နှစ်ကထက်တောင်မှ  အခုနေအခါမှာ ပိုပြီးတော့ ဖိနှိပ်ချုပ်ချယ်နေတာကို တွေ့ရပါတယ်။ ၂၀၁၀ ပြည့်နှစ်တွေ အကုန်ကနေ စတင်ရေတွက်မယ်ဆိုရင် အာရပ်နိုင်ငံတွေရဲ့ လွတ်လပ်မှုနဲ့ နိုင်ငံရေး ဗဟုအသွင်လက္ခဏာတွေက ပိုပြီးတော့တောင်မှ နောက်ပြန်လျှောကျသွားပါပြီ။

ကျနော်တို့ မျက်မှောက်မှာ တွေ့ကြုံနေရတဲ့ ကမ္ဘာ့ဒီမိုကရေစီ ဆုတ်ယုတ်ကျဆင်းမှုကြီးကို လွန်းပျံယိမ်းထိုးနေတဲ့ နိုင်ငံတွေမှာ ပိုပြီး အတွေ့ရများပါတယ်။ “ယိမ်းထိုးနိုင်ငံ” ဆိုတာကတော့ လူဦးရေနဲ့ စီးပွားရေးအင်အား ကြီးမားပြီး အနောက်တိုင်း မဟုတ်တဲ့ နိုင်ငံတော်ကို ရည်ညွှန်းပါတယ်။ ၁၉၉၀ ပြည့်နှစ်တွေ နှောင်းပိုင်းကစပြီး ရုရှ၊ နိုင်ဂျီးရီးယား၊ ဗင်နီဇွဲလား၊ ဖိလစ်ပိုင်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနဲ့ ကင်ညာနိုင်ငံတွေမှာ ဒီမိုကရေစီက တဖြည်းဖြည်းနဲ့ ပြိုကျပျက်စီးနေခဲ့ပါပြီ။ ဒါပေမယ့် ဒီနေ့အချိန်မှာတော့ ဖိလစ်ပိုင်က ကျန်တဲ့ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်လိုက်ရင် စိတ်သက်သာစရာ ရစေတယ်လို့တော့ ပြောနိုင်ပါတယ်။ ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြောက်ခံထားရတဲ့ သမ္မတ ဘင်နီနိုအကီနိုက အနှစ်သာရရှိတဲ့ အစိုးရပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။

ရုရှားနိုင်ငံကတော့ ရက်စက်ကြမ်းကြုတ်ပြီး မရိုးသားတဲ့နိုင်ငံ ဖြစ်လာရုံတင် မဟုတ်သေးဘဲ အိမ်နီးချင်း နိုင်ငံတွေအပေါ်မှာ နယ်ချဲ့လက်သစ်တယောက် အဖြစ်နဲ့ စတင်ပြီး အန္တရာယ်ပေးလာနေပါပြီ။ နိုင်ဂျီးရီးယားနိုင်ငံမှာတော့ နိုင်ငံရေးအာဏာ ရှိသူတွေက တိုင်းပြည်ဘဏ္ဍာတွေကို ခိုးယူပြီး လိမ်ညာနေတဲ့ စံချိန်က အရင်ခေတ်ဟောင်းကို အမီပြန်လိုက်နေပြီး နိုင်ငံရေးအရ စိတ်ဝမ်းကွဲပြားတာ၊ အုပ်စု ကွဲပြားတာ၊ တိုင်းရင်းသားအချင်းချင်း မကျေမနပ်ဖြစ်ကြတာ၊ နိုင်ငံသားတွေကို ဘေးဖယ်ထုတ်ထားတာ၊ စသဖြင့် အခြေအနေတွေက ပိုပြီးတော့တောင်မှ ဆိုးလာပါတယ်။ ဒါ့အပြင် တိုင်းပြည်မြောက်ပိုင်းမှာ လှုပ်ရှားနေတဲ့ အစ္စလမ်မစ် အကြမ်းဖက်သမားတွေက တဖြည်းဖြည်းနဲ့ ပိုပြီးတော့ ရစ်စက်ကြမ်းကြုတ်လာပါတယ်။ ကြေကွဲစရာကောင်းတဲ့ အခြေအနေပါ။ ဗင်နီဇွဲလားမှာတော့ အုပ်ချုပ်ရေးစနစ်တွေ ယိုယွင်းလာ၊ အကြမ်း ဖက်မှုတွေ ပေါက်ကွဲထွက်လာ၊ အတိုက်အခံတွေက လစ်ဘရယ်ခေါင်းဆောင် (သူက ပထမတော့ ဟူးဂိုးချားဗက်စ်ကို စိန်ခေါ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဟူးဂိုးချားဗက်စ်ရဲ့ အရိုက်အရာ ဆက်ခံသူကိုပါ ဆက်ပြီး အံတု စိန်ခေါ်ခဲ့ပါတယ်) တယောက်နောက်မှာ ရပ်တည်ပေးလာတဲ့ အခါမှာတော့ “ဘိုလီးဗီးယား ဆိုရှယ်လစ်ဝါဒ” လည်း အားပျော့လာပါတော့တယ်။ ဒါပေမယ့် ချားဗက်စ်ဝါဒီ အစိုးရပြုတ်ကျပြီး သူနဲ့အတူတပါတည်း လူမှုစနစ်တခုလုံး ပြိုကျပျက်စီးသွားမယ် ဆိုရင်တော့လည်း ဒီမိုကရက်တစ်တွေ ရမဲ့အောင်ပွဲက အထိအခိုက် အပွန်းအပဲ့များပြီး တန်ဖိုးကြီးကြီး ပေးဆပ်ရမယ့် အောင်ပွဲပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အဓိက အတိုက်အခံပါတီကြီးက ဇန်နဝါရီလ ပါလီမန်ရွေးကောက်ပွဲတွေကို သပိတ်မှောက်လိုက်တဲ့ အခါမှာတော့ တိုင်းပြည်မှာ ဒီမိုကရေစီက အခက်ပွေသွားရပါတယ်။ ရွေးကောက်ပွဲ စီမံကြီးကြပ်ရေး လုပ်ဆောင်တဲ့အခါ ကိုင်စွဲရမယ့် ဘက်မလိုက်ကြားနေရေး အစီအမံတွေကို အာဏာရပါတီက စွန့်လွှတ်လိုက်ရလို့ ပါတီ ၂ ခုကြား ယုံကြည်မှုတွေ ပျက်စီးသွားတဲ့အခါမှာ သပိတ်မှောက်တယ်ဆိုတာ ဖြစ်လာတာပါ။ ပါကစ္စတန်၊ ထိုင်းနဲ့ ကင်ညာနိုင်ငံတွေမှာ ဒီမိုကရေစီတွေ ပြန်လည် အရှိန်ယူကောင်းလာတယ်လို့ ဖရီးဒမ်းဟောက်စ် အဖွဲ့ကြီးက အကဲဖြတ်ပေမယ့် အဲဒီနိုင်ငံတွေကို အုပ်ချုပ်နေတဲ့ အစိုးရတွေက လစ်ဘရယ်အယူအဆတွေကို ဆန့်ကျင်ပြီး အကျင့်ပျက်ခြစားနေတာကြောင့် ဘယ်လို ဒီမိုကရေစီမျိုးတွေ ဆိုတာ ပြောရခက်ပါတယ်။

ထိုင်းမှာဆိုရင် မြို့နေလူတန်းစား “ရှပ်ဝါ” တွေနဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နဝါထပ် ပါတီကို ထောက်ခံသူ “ရှပ်နီ” တွေအကြား ထားရှိတဲ့ ရန်လိုဒေါသတွေကြောင့် အစိုးရ လုပ်ငန်းတွေအားလုံး ရပ်ဆိုင်းခဲ့ပါတယ်။ အကြမ်းဖက်မှုတွေ ဆီကိုလည်း တဖြည်းဖြည်း ဦးတည်သွားခဲ့တယ်။ ဝန်ကြီးချုပ်ဖြစ်နေခဲ့သူ သက်ဆင်ကို ၂၀၀၆ ခုနှစ်မှာ စစ်တပ်က ဖယ်ရှားလိုက်ချိန်ကစပြီး နိုင်ငံရေး မတည်ငြိမ်မှုဆိုတာ နာတာရှည်ရောဂါတခုလို စွဲကပ်လာခဲ့တာပါ။ အဲဒီလို ဖယ်ရှားလိုက်တာကြောင့်လည်း သက်ဆင်ပါတီကို အလျှော့မပေးတမ်း ထောက်ခံသူလူများစု “ရှပ်နီ” တွေနဲ့ တိုင်းပြည်ရဲ့ အဓိက မောင်းတံ လီဗာတွေကို စွဲကိုင်ထားပြီး တိုင်းပြည်အတွင်းမှာ တိုင်းပြည်နောက်တခု ထပ်တည်ထားတဲ့ “ရှပ်ဝါ” တွေကြား အာဏာလွန်ဆွဲပွဲမှာ ထိုင်းနိုင်ငံက သောင်မတင်ရေမကျ ဖြစ်ခဲ့ပါတယ်။ နှစ်ဖက်ကြား နိုင်ငံရေး အာဏာငန်း ဖမ်းတာတွေ အရှိန်တက်လာပြီး လမ်းပေါ်နိုင်ငံရေး တိုက်ပွဲတွေ အရှိန်ပြင်းလာတာကြောင့် ယမန်နှစ် နိုဝင်ဘာလတည်းက ဆိုရင် လူပေါင်း ၂၀ ကျော်လောက် သေဆုံးခဲ့ပြီး ၇၀၀ ကျော်လောက်ဒဏ်ရာရခဲ့ပါတယ်။

အားလုံးကို လွှမ်းမိုးချုပ်ကိုင်ထားသူ တူရကီဝန်ကြီးချုပ် ရီစဲပ် တာရဲပ် အာဒိုဂန်က တိုင်းပြည်ကို ၁၁ နှစ်ကြာ အုပ်ချုပ်ထားစဉ် အတွင်းမှာတော့ စစ်တပ်နဲ့ စာနယ်ဇင်းကို နိုင်ငံရေး အသံတိတ်သွားအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံရေးနဲ့ လူ့အဖွဲ့အစည်းမှာ သူ့ကို တန်ပြန်နိုင်မယ့် “အား” တွေကိုလည်း အာဒိုဂန်က ငြိမ်သက်သွားစေခဲ့ပါတယ်။ ဒါပေမယ့် မတ်လနှောင်းပိုင်းအတွင်း ဒေသန္တရ ရွေးကောက်ပွဲတွေ ကျင်းပပေးလိုက်ရင် သူ့ရဲ့ အာဏာရှင်ဆန်ဆန် လုပ်ကိုင်ဆောင်ရွက်မှုတွေ ရေစုန်မျောနေတာ ရပ်တန့်သွားမယ်လို့ အားလုံးကလည်း မျှော်လင့်ခဲ့တာပါ။ ဒါပေမယ့် သူ့ရဲ့ အေကေပီပါတီက မြူနီစပါယ်နေရာတွေ တော်တော်များများမှာ အနိုင်ရသွားခဲ့တော့ အာဒိုဂန်ရဲ့ အာဏာချုပ်ကိုင်မှုကို အားလုံးက လက်ခံသွားရပါတယ်။ ရွေးကောက်ပွဲ အောင်ပွဲခံညမှာ အာဒိုဂန်ပြောခဲ့တဲ့ မိန့်ခွန်းကလည်း သူ့ရဲ့ စိတ်သဘောထား မကြီးနိုင်ကြောင်းကို ပြသနေပါတယ်။ သူ့ရဲ့ အစိုးရအဖွဲ့တွင်း (သူ့ရဲ့ မိသားစုအတွင်းမှာလည်း ရှိတယ်လို့ ဆိုကြပါတယ်) မှာ တောင်လိုပုံအောင် များပြားနေတဲ့ အကျင့်ပျက် ခြစားမှုတွေအကြောင်း ဖော်ထုတ်သူတွေကိုလည်း မိန့်ခွန်းထဲမှာ ခြိမ်းခြောက်ပြောကြားခဲ့ပါတယ်။ သူ့ကို ထောက်ခံသူတွေကိုတော့ “ဒီတိုင်းပြည်ရဲ့ အရှင်သခင်တွေကတော့ ကျနော်တို့ပဲ ဖြစ်တယ်” လို့ပြောခဲ့ပါတယ်။ သူ့ရဲ့ ရွေးကောက်ပွဲ အောင်ပွဲကိုတော့ အတိုက်အခံ ဆန့်ကျင်သူတွေကို ရည်ရွယ်တဲ့ အားအပြည့်ပါတဲ့ “အော်တိုမန်ရိုက်ချက်” လို့ ဖော်ပြပြောဆိုခဲ့ပါတယ်။

ဝန်ကြီးချုပ်ရာထူးအတွက် နောက်တကြိမ် ဝင်ရောက်အရွေးခံဖို့ သူက ပြင်ဆင်နေပါတယ်။ ဒါမှမဟုတ် အခြေခံ ဥပဒေထဲက သမ္မတရာထူးနဲ့ လုပ်ပိုင်ခွင့်တွေကိုလည်း ပြင်ဆင်ပြောင်းလဲနိုင်တယ်ဆိုရင် သမ္မတရွေးကောက်ပွဲကိုလည်း ဝင်ရောက် ယှဉ်ပြိုင်နိုင်ပါတယ်။ သူက အဲဒီလို ခြေလှမ်းတွေ လှမ်းနေတဲ့အချိန်မှာပဲ တူရကီနိုင်ငံရဲ့ ဒုက္ခတွေကတော့ ပိုပြီး နက်ရှိုင်းလာပါတယ်။ ဂျာနယ်လစ်တွေမှာ အကြောက်တရားတွေ ဝင်နေလို့ အမှန်အတိုင်း မရေးသားရဲကြပါ။ ကြောက်ရတဲ့ အကြောင်းကလည်း ခိုင်ခိုင်မာမာရှိပါတယ်။  တူရကီထောင်တွေထဲမှာ ရောက်နေတဲ့  ဂျာနယ်လစ်တွေ အရေအတွက်က တခြားနိုင်ငံတွေထက် ပိုပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေက အတိုက်အခံနိုင်ငံရေး ပါတီတွေကို မထောက်ပံ့ပေးရဲပါ။ တရားသူကြီးတွေကလည်း အုပ်ချုပ်သူကို လွန်ဆန် အာခံပြီး စီမံချက်တွေ မချရဲပါ။ အစ္စလမ်ဘာသာနဲ့ ဒီမိုကရေစီ အယူအဆကို ရင်ကြားစေ့ပေးနိုင်တယ်ဆိုပြီး အနောက်တိုင်းရဲ့ ချီးမွမ်းထောပနာပြုတာကို ခံယူနိုင်ခဲ့တဲ့ အေကေပီ ပါတီကလည်း အခုဆိုရင် ခေတ်ဟောင်း အာဏာရှင်အစိုးရလိုမျိုး ပြန်လည် ပြုမူနေပြန်ပါပြီ။ အချိန်တွေ ကြာလာတာနဲ့အမျှ တူရကီဒီမိုကရေစီက အနောက်ဥရောပနဲ့ တူမလာဘဲ မလေးရှားက အတုအယောင် ဒီမိုကရေစီနဲ့ ပိုပြီးတော့ တူတူလာပါတယ်။ မလေးရှားနိုင်ငံမှာ ကျတော့လည်း ၂၀၁၃ ခုနှစ်မှာ ဒီမိုကရေစီ အောင်ပွဲခံတော့မယ်လို့ မျှော်လင့်ထားခဲ့ကြပေမယ့် ထင်သလို ဖြစ်မလာခဲ့ပါ။ အန်နဝါ အီဘရာဟင် ဦးဆောင်တဲ့ အတိုက်အခံတွေက အထွေထွေ ရွေးကောက်ပွဲတွေမှာ အများစုကို ပြတ်ပြတ်သားသား အနိုင်ရခဲ့တာတောင်မှပဲ အာဏာရပါတီက မဲဆန္ဒနယ်မြေတွေကို လိုသလိုရေးဆွဲပြီး သူ့ကို အခိုင်အမာ ထောက်ခံတဲ့နေရာတွေမှာ ထားရှိမယ့် အမတ်နေရာကိုတော့ အများကြီး ဖောင်းပွအောင် လုပ်ပေးထားပါတယ်။ ရလဒ်ကတော့ မလေးပြည်သူတွေအများစုရဲ့ နိုင်ငံရေး သဘောထားဆန္ဒတွေ ပျက်ပြယ်သွားတာပါပဲ။

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယမှာ ဖြစ်နေတာတွေကိုလည်း ဒီအတိုင်း လက်သင့်ခံနေလို့ မရပါ။ အိန္ဒိယတိုက်မှာ အကြမ်းဖက်မှုတွေလည်း အတော်များများကင်းစင်ပြီး အထင်ကြီး လေးစားစရာကောင်းလောက်တဲ့ အုပ်ချုပ်ရေး စွမ်းရည်တွေသုံးပြီး ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပါတယ်။  အကျင့်ပျက်ခြစားတဲ့၊ အုပ်ချုပ်ရေး စွမ်းဆောင်ရည် ညံ့ဖျင်းတဲ့ လက်ရှိ အာဏာရသူတွေကို ဖယ်ရှားခြင်းဆိုတဲ့ ဒီမိုကရေစီ အစွမ်းအစတွေကိုလည်း ပြသခဲ့ပါတယ်။ ဂူဂျာရတ် ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်တဲ့ ၁၂ နှစ် တာကာလအတွင်း အားကောင်းမောင်းသန် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ယူပေးခဲ့သလို အလိုကို လိုက်ပြီး အကြိုက်ကို ဆောင်ရမယ်လို့ (အခု ဝန်ကြီးချုပ် ဖြစ်လာသူ) မိုဒီက တောင်းဆိုလွန်းတာကြောင့် သူဝန်ကြီးချုပ်ဖြစ်လာမှာကို လစ်ဘရယ်သမားတွေက ကြောက်ရွံ့ တုန်လှုပ်ခဲ့ကြပါသေးတယ်။

အင်ဒိုနီးရှားမှာဆိုရင်တော့ ဒီမိုကရေစီ သမားတွေက ပြုပြင်ပြောင်းလဲရေးသမား ဂျကာတာမြို့တော်ဝန် ဂျိုကိုဝီဒိုဒို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရရင် ကောင်းလေရဲ့ ဆိုပြီးမျှော်လင့်ထားကြပါတယ်။ နိုင်ဖို့ အလားအလာ ကောင်းနေတဲ့ လူကြိုက်များသူလည်း ဖြစ်ပါတယ်။ တောင်အာဖရိကမှာတော့ အာဏာရပါတီ အေအင်စီနဲ့ သူရဲ့ ခေါင်းဆောင်ဖြစ်သူ သမ္မတ ဂျက်ကော့ဘ်ဇူးမားတို့က အကျင့်ပျက်ခြစားမှုနဲ့ စွမ်းဆောင်ရည်ကင်းမဲ့မှုဆိုတဲ့ ဝဲသြဃထဲမှာပဲ လည်နေတာကြောင့် နိုင်ငံရေး နယ်ပယ်ထဲကို လူသစ်တွေဝင်လာပြီး အရောင်အသွေး ပိုစုံလင်လာပါတယ်။ လစ်ဘရယ်အတိုက်အခံအုပ်စု “ဒီမိုကရက်တစ် အလိုင်းယင့်စ်” အတွက်လည်း ထောက်ခံမှုတွေ တိုးပွားလာပါတယ်။

အာဖဂန်နစ္စတန် နိုင်ငံမှာတောင်မှ ပိုပြီးယုံကြည်စိတ်ချ လူထုပါဝင်မှုပိုများတဲ့ ရွေးကောက် ပွဲဖြစ်စဉ်တခုကို ဖြတ်သန်းနေပါပြီ။ လက်ရှိသမ္မတ ဟာမစ်ဒ်ကာဇိုင်းထက် ပိုပြီး စူးစူးစိုက်စိုက် လုပ်ကိုင်တတ်တဲ့ ခေါင်းဆောင် တယောက်လည်း ပေါ်ထွက်လာပါလိမ့်မယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဂလိုဘယ်လိုက်ဇေးရှင်း အားကောင်းလာမှု အရပ်ဖက်လူ့အဖွဲ့အစည်း ကြီးထွားလာမှုတွေကြောင့် တရုတ်နဲ့ ဗီယက်နမ်နိုင်ငံ အပါအဝင် အာဏာပိုင်စနစ် ကျင့်သုံးတဲ့ နေရာတွေ တော်တော်များများမှာ ဒီမိုကရေစီ အပြောင်းအလဲတွေကို ရေရှည်မှာတော့ ဆောင်ကျဉ်းပေးပါလိမ့်မယ်။

အဲဒီထဲမှာမှ အပြောင်းအလဲတွေကို စင်ကာပူနဲ့ မလေးရှားတို့မှာ အရင်ဆုံးမြင်ရပါလိမ့်မယ်။ ဒါပေမယ့် ဒီမိုကရေစီနဲ့ အာဏာပိုင်စနစ်ကြား လွန်းပျံယိမ်းထိုးနေတဲ့ အဓိက နေရာတွေမှာ ဒီမိုကရေစီကို ပိုပြီး အရည်အသွေးတက်လာအောင် ပြုပြင်မွမ်းမံတာတွေ မလုပ်နိုင်ရင်တော့ “ရေရှည်” ဆိုတဲ့ အချိန်အတိုင်းအတာက လိုတာထက် အများကြီးပိုပြီး ကြာနေဦးမှာပါ။ လွတ်လပ်မှုတွေ အဆင့်မြင့် တိုးတက်လာဖို့ဆိုတာကိုလည်း “ရေတို” ဆိုတဲ့ အချိန်ကာလက မစွမ်းဆောင်နိုင်သေးဘဲ ဖြစ်နေပါဦးမယ်။

The Atlantic Journal တွင် ဖော်ပြထားသော Larry Diamond ၏ Democracy’s Deepening Recession ဆောင်းပါးကို  ခွင့်ပြုချက်ကို ရယူပြီး Educational Initiatives က ဘာသာပြန်ဆိုပါတယ်။ လယ်ရီ ဒိုင်းမွန်းသည် Hoover Institution တွင် Senior fellow ဖြစ်ပြီး စတန်းဖို့ဒ် တက္ကသိုလ်၊ Center on Democracy, Development, and the Rule of Law ၏ စီစဉ်ညွှန်ကြားသူလည်း ဖြစ်သည်။ Educational Initiatives အဖွဲ့ (www.eduinitiatives.org) သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading