ဇွန် ၁၀ ရက်နေ့ ည ၁၀ နာရီလောက်မှာ မဟာသန္တိသုခ ကျောင်းထဲကို သံဃာတော်အပါး ၄၀ဝ ကျော်၊ လူအင်အား ၄၀ဝ ဝန်းကျင် လောက်က ရဲတွေနဲ့လာပြီးတော့ ဝိုင်းဝန်းပိတ်ဆို့ကာ ဦးပဉ္စင်းတို့ နေတဲ့ ၆ ထပ်ကို တက်လာတယ်၊ ရန်ကုန်တိုင်း သံဃ မဟာနာယ က ဒု ဥက္ကဋ္ဌ ဆရာတော်က စာရွက်ကို ကိုင်ရင်း ဒီမှာဘယ်သူ တာဝန်ခံလဲဆိုပြီး ၆ ထပ်မှာ ရှိနေတဲ့ သံဃာ ၂၁ ပါးကို အပြင်ထွက် ခိုင်းပြီးတော့ ဘယ်ရက်စွဲနဲ့ မဟာသံဃနာယက (မဟန) အဖွဲ့က ထုတ်ထားတဲ့ စာတွေအကြောင်းကို ပြောရင်း ဝရုန်းသုန်းကား ဖြစ် ခဲ့ပုံကို တရားစွဲဆို ခံနေရတဲ့ လန်ဒန် ဆရာတော် ဦးဥတ္တရက ဧရာဝတီကို ပြန်ပြောပြတယ်။
အဲဒီနောက် ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာ ၂၁ ပါးလုံးဟာ အခင်းဖြစ်တဲ့ညက ကမ္ဘာအေး မဟန အဖွဲ့ရုံး၊ တိုင်း မဟနရုံးနဲ့ မင်္ဂလာဈေး ဓမ္မာရုံမှာ ၃ ည ဖြတ်သန်းပြီးတဲ့အခါကျတော့ မဟာသနိ္တသုခ ကျောင်းထဲက ၃ ထပ်ဆောင် ဆရာတော်နဲ့ ကျန်တဲ့ သံဃာ ၁၅ ပါးတို့က ခံဝန်ကတိ လက်မှတ်ထိုးပြီး ပြန်ထွက်လာနိုင်ပေမယ့် ဦးဥတ္တရ အပါအဝင် ဦးနန္ဒိယ၊ ဦးပညာသာရ၊ ဦးသုန္ဒရာ သီရိ၊ ဦးတေဇိန္ဒ တို့ ၅ ပါးကိုတော့ အင်းစိန်ထောင်ထဲကို ပို့ပြီး တရားစွဲဆို ခဲ့ပါတယ်။
“အမှန်က ဦးပဉ္စင်းတို့က ဒီကျောင်းပိုင်ဆိုင်မှု၊ မပိုင်ဆိုင်မှုဆိုတာ ဘာမှ မဆိုင်ဘူး၊ ပီနန်ဆရာတော်ကြီး နိုင်ငံခြားကို ထွက်သွားတုန်း ကလည်း ကျောင်းကို ဦးပဉ္စင်းတို့ဆီ တရားဝင် အပ်ခဲ့တာလည်း မဟုတ်ဘူး၊ ကိုယ်က နေထိုင်ရုံ နေထိုင်တာ”လို့ ဆရာတော်က မိန့်ကြားတယ်။
အမှန်တကယ် ကျောင်းပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး မဟန အဖွဲ့အနေနဲ့ တာဝန်အရ လုပ်သည်ပဲ ဖြစ်ဖြစ်၊ တရားနည်းလမ်း ကျကျ၊ မကျကျ ကျောင်းပိုင်ဆိုင်သည်ဟု တရားဝင် ပြောဆိုထားသော ပီနန်ဆရာတော် ဘုရားကြီးရှိစဉ်က မလုပ်ဘဲ တာဝန်ရှိသူမရှိမှ လုပ်တဲ့ ကိစ္စဟာ မတရားအနိုင်ကျင့်တဲ့ ပုံစံမျိုးလို ခံစားရမိတယ်လို့ ဆရာတော်က ဆက်မိန့်တယ်။
ဒီ မဟာသနိ္တသုခ ကျောင်းကို ၁၉၉၉ ခုနှစ်မှာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေးနဲ့ ဗိုလ်ချုပ်ဟောင်း ခင်ညွန့်တို့ ကိုယ်တိုင် ပီနန်ဆရာတော်ကြီးကို ရေစက်ချ လှူဒါန်းခဲ့ပြီး နောက်ပိုင်း ပီနန် ဆရာတော်ကြီးက ၂၀ဝ၂ ခုနှစ် နိုင်ငံခြား သာသနာပြုနေချိန်တွင် ကျောင်းကို နိုင်ငံတော် အစိုးရက သိမ်းပိုက်ခြင်း မဟုတ်ဘဲ သာသနာ့အကျိုး ထပ်ဆင့်ပွား ကြိုးပမ်းနိုင်ရန် စီမံအုပ်ချုပ်ခွင့်ကို မဟနအဖွဲ့ကို လွှဲပြောင်း အပ်နှံထားခြင်းသာ ဖြစ်တယ်လို့ ဗိုလ်ချုပ်ဟောင်း ခင်ညွန့်က ပီနန်ဆရာတော်ကြီး ဆီကို အကြောင်းကြားတဲ့ စာထဲမှာ ရေးသားထား ပါတယ်။
ပီနန်ဆရာတော်ကြီး နိုင်ငံခြား သာသနာပြု သွားရောက်ခဲ့ပြီး နောက်ပိုင်းမှာ မဟာသနိ္တသုခ ကျောင်းမှာ မင်္ဂလာဆောင် ပွဲများ၊ အခမ်း အနားပွဲများနဲ့ အကလေ့ကျင့်ခန်း သင်တန်းမျိုးလို စီပွားရေးဆန်ဆန် လုပ်ကိုင်လာတာကို တွေ့ရပြီးတော့ ၂၀၁၃ ခုနှစ် ပီနန်ဆရာတော်ကြီး မြန်မာနိုင်ငံ ပြန်ကြွလာတဲ့အခါမှာ ဒီကျောင်းပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး မဟနနဲ့ ပီနန်ဆရာတော်တို့ အကြားမှာ ပဋိပက္ခ စတင်ဖြစ်လာခဲ့တယ်။
ကျောင်းပိုင်ဆိုင်မှု ဆိုတာ သာမန်လူနေအိမ် ပိုင်ဆိုင်မှုကို ဖြေရှင်းရတာထက် ပိုလို့လေးနက်ပြီး သံဃာ့ကိစ္စများကို သံဃာတော်တွေ အချင်းချင်း စုပေါင်းညှိနှိုင်း ဖြေရှင်းတဲ့ နည်းလမ်းကိုသာ အသုံးပြုသင့်ကြောင်း နိုင်ငံရေး၊ အမျိုးသားရေး စတဲ့ နယ်ပယ်များမှ သံဃာတော် အများအပြားက ဧရာဝတီကို တညီတညွတ်တည်း ပြောခဲ့ကြတယ်။
ဒီ ကျောင်းပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ ဘယ်သူပိုင်တယ် ဆိုတာ မပြောလိုပေမယ့် တကယ်တမ်း ကျောင်းပိုင်ဆိုင်မှု ဖြစ်လာပြီ ဆိုရင် သံဃာတော်တွေ အချင်းချင်း သံဃာ့စည်းမျဉ်း အတိုင်း ဖြေရှင်းသင့်ကြောင်း၊ ထိုအဆင့်ကို မပြုလုပ်ဘဲ အခုလို မဟနအဖွဲ့က လုပ် ကိုင်လိုက်ခြင်းက နှစ်ဖက်လုံးမှာ အကျိုး ဖြစ်ထွန်းခြင်း မရှိစေခဲ့ကြောင်း အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး (မဘသ) အဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံလည်း ဖြစ်သူ၊ ၅ ကျမ်းပြန် ဆရာတော် အရှင်ဓမ္မပီယက မိန့်ကြားပါတယ်။
“ပြီးခဲ့တာတော့ ပြီးပြီ။ ဒီလို အချိန်မျိုးမှာ ဒီကျောင်း ပိုင်ဆိုင်မှုကို ဦးတည်ပြောနေမယ့် အစား သံဃာ့ကိစ္စ သံဃာတော်တွေ အချင်း ချင်း မျက်နှာစုံညီ ဖြေရှင်းရမှာ။ အခုချိန်လည်း ဒီလိုလုပ်ဖို့ အချိန် မနှောင်းပါဘူး။ ဝိနိစ္ဆယခုံရုံးတွေ ရှိတာပဲ။ သံဃာတော်တွေ မပြော နဲ့။ လူအချင်းချင်း နှစ်ပေါင်းများစွာ လက်နက်ကိုင် တိုက်ခိုက်ခဲ့ကြတဲ့ သူတွေတောင်မှ အခုဆို မျက်နှာစုံညီ စကားပြောနိုင်တာပဲ။ သံဃာတော်တွေ ကြားမှာ ဘာလို့ ဒီလိုလုပ်လို့ မရနိုင်မှာလဲ”လို့ ဆရာတော်က ဆက်မိန့်တယ်။
ဒါ့အပြင် မဟနအဖွဲ့က ဆရာတော်ကြီးများ အနေနဲ့ အောက်ခြေမှာ ဘယ်လိုဖြစ်ပျက်နေတယ် ဆိုတာကို အောက်ခြေအထိ သေချာ စွာ စိစစ်သင့်ကြောင်း၊ ဆရာတော်ကြီးများကို တင်ပြတဲ့ စာများကိုပဲ ကြည့်ပြီးတော့ မှန် မမှန် ဆိုတာကို ခေတ်နဲ့အညီ လိုက်လျောညီထွေစွာ စီရင်ဆုံးဖြတ်ဖို့ လိုအပ်ကြောင်း ရွှေညဝါ ဆရာတော်ကလည်း မိန့်ကြားပါတယ်။
သာသနာရေးမှာ လာဘ်စားမှု၊ ကိုယ်ကျိုးရှာမှု များစွာရှိနေပြီး အစိုးရရဲ့ သာသနာရေး ဝန်ကြီးဌာနတွေမှာ ဝင်ရောက် ခြယ်လှယ် နေ ကြတဲ့ လူပုဂ္ဂိုလ်တွေလည်း များစွာ ရှိခဲ့ကြောင်း ဆရာတော်က ဧရာဝတီကို မိန့်ပါတယ်။
“ဦးပဉ္စင်းရဲ့ သာဓုကျောင်း ကိစ္စကိုပဲ ကြည့်ပါ။ ဦးပဉ္စင်းရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဆွမ်းကျွေးဖိတ်တာကို လက်ခံလို့ တရားဟောခွင့် ပိတ်တာကို ချိုးဖောက်တယ် ဆိုပြီးတော့ ဒီကျောင်းက သူတို့ ပိုင်တဲ့ကျောင်း၊ ဒီကျောင်းကနေ ထွက်ခွာပါ ဆိုပြီး လုပ်တယ်။ ဦးပဉ္စင်းဒကာတွေက သာသနာရေး ဦးစီးဌာနကို လိုက်တော့ ကျပ်သိန်း ၆၀ဝ ပေးရင် အားလုံး အဆင်ပြေတယ် ဆိုတဲ့ စကားသံတွေ ကြားလာရတယ်။ ရှင်းရှင်းပြောရရင် အဲဒါ ဦးအံ့မောင်ရဲ့ လက်ထဲမှာပဲ။ ဦးပဉ္စင်းက ဒကာတွေကို ပြောလိုက်တယ်။ မင်းတို့လည်း အကုန်မခံနဲ့။ သူတို့ပေးမှ ငါက နေခွင့်ရမယ်ဆိုတဲ့ ဟာမျိုး မလိုချင်ဘူး။ နောက်ပိုင်းမှာလည်း ဒီလိုမျိုး ငွေတောင်း တာတွေ ထပ်လုပ်နိုင်တယ်”လို့လည်း ရွှေညဝါ ဆရာတော်က မိန့်ဆိုပါတယ်။
တခါတရံမှာ မဟနအဖွဲ့ရဲ့ ဖွဲ့စည်းပုံ အရ ၄၇ ပါးလုံးက အချိန်ပြည့်တာဝန်ယူရတာ မဟုတ်ဘဲ ၄ လတကြိမ် တာဝန်ယူဖို့ အဖွဲ့ ၃ ဖွဲ့ခွဲပြီး စီမံဆောင်ရွက်တဲ့ အတွက် ကိစ္စရပ်တိုင်းဟာ မဟန အဖွဲ့ဝင် ဆရာတော်အားလုံး သိနိုင်မှာ မဟုတ်ကြောင်း ၅ ကျမ်းပြန် ဆရာတော် အရှင်ဓမ္မပီယ ကလည်း မိန့်ပါတယ်။
ဒါပေမယ့် မဟနရဲ့ ကိစ္စရပ်တိုင်းကိုတော့ မဟနအဖွဲ့ အားလုံးက တာဝန်ခံကြရတယ်၊ ဒါမှလည်း မဟန သံဃာတော်တွေ ညီညွတ် တယ် ဆိုတာကို ပြသရာရောက်မယ်လို့ ဆရာတော်က ဆိုပါတယ်။
“သံဃာတော်တွေ မှာလည်း အမြင်ချင်းက တူကြတာမှ မဟုတ်တာ။ ဒါက သဘာဝပဲလေ။ ဒါပေမယ့် အမြင်မတူရုံနဲ့ သင်းကွဲတယ် ဆိုတာ မဟုတ်ဘူး လေ။ တဦးနဲ့တဦး မပြောနိုင်၊ မဆိုနိုင်ဖြစ်နေကြရတာမှ မဟုတ်တဲ့ဟာ။ မဘသ အဖွဲ့က ဒီကိစ္စအပေါ်မှာ အဖွဲ့အနေနဲ့ ဘာမှ မထုတ်ပြန်တာကလည်း ဒီ သဘောပဲလေ။ မဘသ အဖွဲ့ဝင်တွေ တဦးချင်းစီကတော့ ကိုယ့်အမြင်၊ ကိုယ့်သဘော ထားကို ထုတ်ပြောနေတာပဲ။ အဖွဲ့အစည်းနဲ့လုပ်တယ် ဆိုတာက တပိုင်းလေ”လို့ ဆရာတော် အရှင်ဓမ္မပီယ က မိန့်တယ်။
ဒါပေမယ့် ကိုယ်တိုင်တရားစွဲဆို ခံလိုက်ရတဲ့ ဆရာတော် ဦးဥတ္တရကတော့ ဒီကိစ္စမှာ မဟန အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဆရာတော်ဖြစ်တဲ့ ဗန်းမော် ဆရာတော်ကြီး ကိုယ်တိုင် သိနေတဲ့ကိစ္စ ရပ်တခုလို့ ဧရာဝတီကို မိန့်ပါတယ်။
သူတို့တရားစွဲ၊ လူဝတ်လဲခံရတဲ့ကိစ္စ ကိုယ်တိုင်က ဥက္ကဋ္ဌ ဆရာတော်ကြီးကိုယ်တိုင် မိန့်မှာကြားတာကို ကြုံတွေ့ခဲ့ရပြီးတော့ အင်းစိန် ထောင်ထဲကို အချုပ်သား အဖြစ် ရောက်ခဲ့ရတယ်လို့ ဆိုပါတယ်။
“ဥက္ကဋ္ဌ ဗန်းမော် ဆရာတော်ဘုရားကြီးက သူတို့သတင်း ကြားထားတာ ဦးပဉ္စင်းတို့က လက်နက်တွေ စုဆောင်းထားပြီး နေနေ တယ် ပေါ့၊ နောက်ထပ်လည်း သံဃာတွေ ထပ်လာဦးမယ်ပေါ့၊ မဟုတ်တဲ့ သတင်းတွေ ပေးတာကို ယုံကြည်ပြီးတော့ နောက်ဆုံး ဦးပဉ္စင်းတို့ကို လူထွက်ပါ ဆိုပြီး ပြောတယ်” လို့ ဦးဥတ္တရက မိန့်ပါတယ်။
ဒီလို မဟာသနိ္တသုခ ကျောင်းကို အကြမ်းဖက်သိမ်းယူ တာမျိုးက သံဃာတော်တွေရဲ့ လုပ်ရပ်နဲ့ မကိုက်ညီတော့ဘဲ အရင် စစ်အစိုး ရ လက်ထက်က ၂၀ဝ၇ ရွှေဝါရောင် သံဃာ အရေးအခင်းမှာ တောင်ဥက္ကလာပ မြို့နယ်ထဲက ငွေကြာယံ၊ သင်္ဃန်းကျွန်း မြို့နယ် ထဲက မဂ္ဂင်ကျောင်းတို့ကို စစ်တပ်က ဝင်ရောက်စီးနင်းတဲ့ ဖြစ်ရပ်တွေနဲ့ အတူတူ ဖြစ်နေတယ်လို့ ရေနံချောင်းမြို့က ရွှေဝါရောင် သံဃာတော်တပါး ဖြစ်တဲ့ ဦးဣဿရိယက မိန့်ကြားပါတယ်။
“ဖြေရှင်းပုံတွေ အများကြီး ရှိပါတယ်။ သံဃာအချင်းချင်း ဖြေရှင်းလို့ မရတဲ့ကိစ္စ မရှိပါဘူး။ နည်းလမ်းတွေ အများကြီးပါ။ စားပွဲဝိုင်း ဆွေးနွေးတာနဲ့ အဆင်ပြေရမယ့် ကိစ္စကို အခုလို ဖြေရှင်းလိုက်တာက ဗုဒ္ဓဘာသာရဲ့ ပုံရိပ်တွေကို အများကြီး ထိခိုက်စေတယ်။ သံဃာကိစ္စ ဆိုတာ သံဃာတွေ အချင်းချင်းပဲ ဖြေရှင်းသင့်တယ်”လို့ ဆရာတော်က ဆက်ဆိုတယ်။
ဒါ့အပြင် မဟနအဖွဲ့ အနေနဲ့ ၎င်းတို့ရဲ့ စိတ်ထဲမှာက အစိုးရအဖွဲ့ရဲ့ သံဃာတော်များလို စိတ်ထားမျိုး ထားတတ်ကြကြောင်း၊ ရွှေဝါရောင် သံဃာအရေးအခင်း တုန်းကလည်း ကံဆောင်သပိတ်မှောက်တဲ့ သံဃာတော်တွေကို အကြမ်းဖက် ဖြိုခွင်းစဉ်ကလည်း နှုတ် ဆိတ်နေခဲ့တာက သံဃာတော် အချင်းချင်း စည်းလုံးမှုကို ထိခိုက်စေတယ် လို့ မန္တလေး၊ မဟာ ဂန္ဓာရုံကျောင်းက ဘဝအလင်း ဆရာတော် ဦးသောဘိတ ကလည်း မိန့်ကြားပါတယ်။
၂၀ဝ၇ ရွှေဝါရောင် သံဃာအရေးအခင်း နောက်ပိုင်းမှာ စစ်အစိုးရက သံဃာတွေရဲ့ ဂုဏ်သိက္ခာကို နိမ့်ကျအောင် လုပ်ခဲ့သလို မဟန ရဲ့ ဂုဏ်သိက္ခာကလည်း ထို့နည်းတူ ကျဆင်းခဲ့ရတယ် လို့ ဆရာတော်က ဆက်မိန့်ကြားတယ်။
မဟန အနေနဲ့ ကျောင်းပိုင်ဆိုင်မှု ကိစ္စကို အမှန်တကယ် ပြေလည်အောင် ဖြေရှင်းချင်တဲ့ စိတ်သာ တကယ်ရှိခဲ့မယ် ဆိုရင် မြန်မာနိုင်ငံ အတွင်းက လူထုရော၊ သံဃာထုပါ ကြည်ညိုလေးစားတဲ့ ဆရာတော်တွေကို အမှူးပြု ပြီးတော့ ပီနန်ဆရာတော်နဲ့ မဟနတို့ စုံညီ ဖြေရှင်းခြင်းကသာ အကောင်းဆုံး နည်းလမ်း ဖြစ်တယ်လို့ တရားစွဲဆို ခံထားရတဲ့ ဆရာတော် ဦးဥတ္တရက ဆိုပါတယ်။
အရင် အချိန်များက မဟန အနေနဲ့ သံဃာတော်တွေ ကြားမှာ ဝိနည်းအငြင်းပွားမှု ဖြစ်ရင် မဟန ကိုယ်တိုင် ဦးဆောင်ဖြေရှင်းခဲ့ ပေ မယ့်လည်း အခုတကြိမ်မှာ မဟနကိုယ်တိုင်က ကျောင်းပိုင်ဆိုင်မှုနဲ့ ပတ်သက်နေတဲ့ အတွက် မဟန ဦးဆောင်ဖြေရှင်းလို့ မရ ဘူး လို့ ဆရာတော်က မိန့်တယ်။
“ဒီပြဿနာ ကျတော့ မဟနက တရားလိုဘက် ဖြစ်နေတယ်။ ဒါ့ကြောင့် သူ့ရဲ့ဝိနည်းခုံရုံးအဖွဲ့ ဖွဲ့ဖို့ မသင့်ဘူး။ ဒါကို အစိုးရဘက်က ဦးဆောင်လို့ပဲ ဖြစ်ဖြစ် မဟနရော၊ ပီနန်ဆရာတော်တို့ကပါ လက်ခံမယ့် လူထု၊ ရဟန်းတွေ ကြည်ညို လေးစားနေတဲ့ ဆရာတော် တွေ ဦးဆောင်တဲ့ ဝိနိစ္ဆယ အဖွဲ့ကို ဘယ်လိုနည်းလမ်းနဲ့ ဖွဲ့မလဲ၊ အဲဒီအဖွဲ့က ဦးဆောင်ပြီးတော့ ဆုံးဖြတ်တာမျိုးက အသင့်လျော်ဆုံး ပဲ” လို့ ဆိုပါတယ်။
အခုနောက်ဆုံး တိုင်းမဟန အဖွဲ့နဲ့ နီးစပ်တဲ့ သံဃာတော်တွေရဲ့ပြောစကားအရ မဟနအဖွဲ့ဝင်တွေ အားလုံးဟာ ဒီအရေး နဲ့ပတ် သက်ပြီး မျက်နှာစုံညီဆွေးနွေးနေတယ်၊ အကောင်းဆုံး ဘယ်လိုဖြေရှင်း ကြမလဲဆိုတာကို ဆွေးနွေး ညှိနှိုင်းနေတယ်လို့ ဘွဲ့အမည် မဖော်လိုတဲ့ ဆရာတော်တပါးက မိန့်ကြားပါတယ်။
အခုလို သံဃာတော်တွေ ကြားမှာ ကြီးမား ကျယ်ပြန့်တဲ့ ဖြစ်ရပ်မျိုးအထိ ဖြစ်ပေါ်လာတာကြောင့် မဟန အဖွဲ့ဝင်တွေ ကြားမှာလည်း ဆွေးနွေး အဖြေရှာရမယ့် ကိစ္စတခုလို ဖြစ်လာစေတယ်လို့ ဆရာတော် က ဆက်မိန့်တယ်။
“အားလုံးကို ဘယ်နည်းနဲ့ အဆင်ပြေမလဲဆိုတာ စဉ်းစားနေကြပါတယ်။ ဖြစ်လာမယ့် နည်းလမ်းကတော့ အားလုံးပျော်ရွင် ဝမ်းမြောက်စေမယ့် နည်းလမ်းကို ရွေးချယ်ကြမှာပါ။ မဟနအဖွဲ့ဝင် ဆရာတော်တွေ အားလုံးကလည်း ဒီအရေးကို မဆွေးနွေးလို့ ရမယ့် ကိစ္စ မဟုတ်တော့ဘူး ဆိုတာ သိလာကြပြီလေ”လို့လည်း အထက်ပါ ဆရာတော် မိန့်ကြားပါတယ်။
ဒါ့အပြင် ပီနန်ဆရာတော်ကြီး အနေနဲ့ကလည်း ကျောင်းပိုင်ဆိုင်မှုနဲ့ ပတ်သက်ရင် ဝိနည်းနဲ့ အညီ ခုံရုံးအဖွဲ့ ဆုံးဖြတ်တာကို အမြဲကြိုဆိုနေတယ် လို့ ဆိုပါတယ်။ အရင် ကျောင်းပိုင်ဆိုင်မှု အငြင်းပွားစဉ်ကတည်းက ဒီလို ဖြေရှင်းမှုမျိုးကို ဖြစ်စေချင်ခဲ့ပေမယ့် တကယ်တမ်း ဖြစ်မလာခဲ့တာက စိတ်မကောင်းစရာ တခုပဲလို့ ဆိုပါတယ်။
အခုလို သံဃာတော်တွေကြားက ဖြေရှင်းရမယ့် ကိစ္စတွေကို အရပ်ဘက် တရားရုံးမှာ ဖြေရှင်းနေတာကြောင့် မိမိကိုယ်တိုင် ကြည့်မြင် တိုင် သာဓု ကျောင်းတိုက်ကနေ နှင်ထုတ်ခြင်း ခံလိုက်ရတာမို့ မိမိကျောင်းကို မိမိပြန်ရအောင် ဆောင်ရွက်သွားမယ်လို့ ရွှေညဝါဆရာတော်ကလည်း မိန့်ကြားပါတယ်။ ။