Politics

ခင်ဦးတွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲ တိုက်ခိုက်ခံရ

This article has been converted from Zawgyi One to Unicode

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း တို့ ဦးဆောင် ပြုလုပ်ခဲ့သော ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဟောပြောပွဲ တိုက်ခိုက်ခံရကြောင်း သိရသည်။

ခင်ဦးမြို့နယ် မန်ကျည်းတုံရွာရှိ ဦးငြိမ်းမောင်၏ နေအိမ်ခြံဝင်းအတွင်း ယမန်နေ့က ပြုလုပ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင် ဆင်ရေးဟောပြောပွဲကို လေးခွများဖြင့် ပထမဆုံးအကြိမ် အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်ဟု NLD က ပြော သည်။

အဆိုပါဟောပြောပွဲသို့ သွားရောက်ဟောပြောခဲ့သည့် ခင်ဦးမြို့နယ် NLD တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းက“မနေ့ညနေပိုင်း ၆ နာရီ လောက်မှာ ကျနော် ဟောပြောနေတုန်းမှာပဲ လူအုပ်ထဲကို လေးခွတွေနဲ့ ပစ်တယ်ဗျ။ မှောင်ရီပျိုးစ အချိန်ဆိုတော့ ပစ်တဲ့သူ ဘယ်သူ ဘယ်ဝါဆိုတာ မသဲကွဲဘူး။ အရပ်လေးမျက်နှာကနေ ပစ်တာ”ဟု ပြောပြသည်။

လေးခွများဖြင့် တိုက်ခိုက်မှုကြောင့် ဟောပြောပွဲလာ အမျိုးသမီးနှင့်အတူပါလာသည့် လေးနှစ်အရွယ် ကလေးငယ်တဦး ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ပြီး လူကြီး ၆ ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရသူများကို ညတွင်းချင်း ခင်ဦးဆေးရုံ ပို့ဆောင်ခဲ့ကြောင်းလည်း ပြောဆိုသည်။

တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ခင်ဦးမြို့နယ် ရဲစခန်းတွင် ညတွင်းချင်း အမှုဖွင့်ထားသည်ဟု သိရသည်။

ခင်ဦးမြို့နယ် ရဲစခန်းမှ ရဲတပ်သား ခင်မောင်လတ်က“မနေ့ညကပဲ ကျနော်တို့ FIR(ပထမ သတင်းပေး တိုင်ကြားချက်) ဖွင့်ပေးပြီး လက်ခံထားပါတယ်။ အထက်ကိုလည်း တင်ပြထားပါတယ်။ အမှုစစ်အရာရှိနဲ့ ဂါတ်စာရေးကြီး ကိစ္စတခုနဲ့ အပြင်သွားနေကြလို့ ဖြစ် စဉ် အသေးစိတ်ကို မဖတ်ပြနိုင်ပါဘူး”ဟု ပြောသည်။

နိုင်ငံတဝန်း လှုပ်ရှားမှုပြုလုပ်နေသော ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ် ၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး မကျေနပ်သည့် ပြိုင်ဘက် ပါတီဝင် တချို့ ရှိနေကြာင်း၊ ယခုကဲ့သို့ တရားဝင် ငြိမ်းချမ်းစွာ ဆောင်ရွက်နေသည့် ဟောပြောပွဲအား အကြမ်းဖက်တိုက်ခိုက် ခြင်း မျိုးကို ပြင်းထန်စွာ ရှုတ်ချကြောင်း ခင်ဦးမြို့နယ် NLD ဥက္ကဌ ဒေါက်တာ ဝင်းအောင် က ပြောဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အချက်တချို့ကို ပြင်ဆင်နိုင်ရေးအတွက် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုကို NLD နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း တို့ ပူးပေါင်း၍ မေ ၂၇ ရက်နေ့မှ ဇူလိုင် ၁၉ ရက်အထိ နိုင်ငံတဝန်း ပြုလုပ်လျှက်ရှိသည်။

Loading