တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားက ယမန်နေ့ တနင်္ဂနွေနေ့က ကျရောက်သည့် ၎င်း၏ အသက် ၇၉ နှစ်ပြည့် မွေးနေ့ အခမ်းအနားတွင် မြန်မာနှင့် သီရိလင်္ကာရှိ ဗုဒ္ဓဘာသာဝင်များအား မွတ်စလင်များအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရန် တိုက်တွန်း ပန်ကြားလိုက်ကြောင်း သိရသည်။
ဘုန်းတော်ကြီး ဒလိုင်းလားမားက ဗုဒ္ဓဘာသာနိုင်ငံ ၂ ခု၌ ဖြစ်ပွားနေသည့် မွတ်စလင်များ အပေါ် အကြမ်းဖက်မှုများမှာ လက်ခံနိုင်စရာ မရှိကြောင်း တက်ရောက်သည့် ပရိတ်သတ်များအား ပြောဆိုသည်။
“ကျနော့် အနေနဲ့ ဒီနိုင်ငံ ၂ ခုက ဗုဒ္ဓဘာသာဝင်တွေကို ပြောကြား လိုတာက ဒီလို ပြစ်မှုတွေ မကျူးလွန်ခင်မှာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ပုံရိပ်တွေ ဘယ်လို ဖြစ်လာမလဲ၊ ဘယ်လို ထိခိုက်လာစေမလဲ ဆိုတာ မြင်ကြည့်ကြပါ လို့ တိုက်တွန်းပါတယ်” ဟု ဒလိုင်းလာမားက မိန့်သည်။
“ဗုဒ္ဓဘုရားရှင်က မေတ္တာတရားနဲ့ စာနာမှုကို သွန်သင်ပေးတယ်။ ဘုရားရှင်သာ ရှိမယ်ဆိုရင်လည်း အတိုက်ခိုက်ခံရတဲ့ မွတ်စလင်တွေကို အကာအကွယ်ပေးမှာပါပဲ” ဟု တိဗက်မှ ၁၉၅၉ ခုနှစ်ကတည်းက ထွက်ခွာလာခဲ့ရသည့် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးက ပြောသည်။
အိန္ဒိယ နိုင်ငံ မြောက်ပိုင်းတွင် ပြုလုပ်သည့် အဆိုပါ မွေးနေ့အခမ်းအနားသို့ ဟောလီးဝုဒ်မှ ထင်ရှားသည့် ရုပ်ရှင် သရုပ်ဆောင် ရစ်ချတ်ဂီရီလည်း တက်ရောက်ခဲ့ပြီး ဘုန်းတော်ကြီးအား နှုတ်ခွန်းဆက် ဆုတောင်းစကား ပြောကြားသည်။
၂၀၁၂ ခုနှစ်တွင် ပြုပြင်ပြောင်းလဲရေး ပြုလုပ်လာသည့် မြန်မာနိုင်ငံ၌ လူ့အဖွဲ့အစည်း ၂ ရပ်ကြား အကြမ်းဖက် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံး လူ ၂၅၀ ခန့် သေဆုံးခဲ့ရကြောင်း၊ ပြီးခဲ့သည့်လကလည်း သီရိလင်္ကာတွင် ဘာသာရေး အကြမ်းဖက်မှု များကြောင့် လူ ၄ ဦး သေဆုံးပြီး၊ ရာချီသည့် ဈေးဆိုင်ခန်းနှင့် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို ဗုဒ္ဓဘာသာဝင် နယ်မြေဖြစ်သည့် Ladakh ဒေသ၊ Leh မြို့ဆင်ခြေဖုံးတွင် ပြုလုပ်ခြင်း ဖြစ်ပြီး ဘုန်းတော်ကြီး ဒလိုင်းလားမားက နိုင်ငံရေး တာဝန်များနှင့် တိဗက်အဝေးရောက် ဝန်ကြီးချုပ် အဖြစ်မှ အနားယူတော့မည် ဖြစ်ကြောင်း ကြေညာသည်။
ဘုန်းတော်ကြီးက သူပျံလွန်တော်မူသည့် အခါ တိဗက် အနာဂတ်လုံခြုံမှု ရှိစေရေး ၎င်း၏ အထင်ကရ ရှိမှုကို လျှော့ချ လုပ်ဆောင်ခြင်း ဖြစ်သော်လည်း တိဗက်ပြည်တွင်းနှင့် ပြည်ပရှိ ပြည်သူများ၏ ယုံကြည် အားအထားဆုံးပုဂ္ဂိုလ်ဖြစ်သည်။ သို့ရာတွင် တရုတ်အစိုးရက ငြိမ်းချမ်းရေး နိုဗဲဆုရ ဘုန်းတော်ကြီး ဒလိုင်းလားမားအား တိုင်းပြည်ဖြိုခွဲသူ အဖြစ် သတ်မှတ်ထားသည်။
တိဗက်ဘုန်းတော်ကြီးသည် ယမန်နှစ်ကလည်း မြန်မာနိုင်ငံအတွင်း မွတ်စလင်များအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ မပြုလုပ်ကြရန် တောင်းဆိုခဲ့ဖူးသည်။